သူငယ်ချင်း ဆိုရာဝယ်

ပို့စ်တင်ချိန် - 4/30/2014 06:49:00 PM




မေသော် on 2014-04-29 16:00    
သူငယ်ချင်းဆိုတာ ကိုယ်နဲ့ ဆိုးတူ၊ ကောင်းဖက်၊ ကိုယ့်အခက်အခဲတွေ ရင်ဆိုင်လာရချိန် ကိုယ့်ဘေးမှာ ဖေးမပေးလေ့ရှိတဲ့သူ၊ ကိုယ်ပျော်တဲ့အချိန် ကိုယ်နဲ့အတူ ပျော်ပေးပြီး၊ ကိုယ် ၀မ်းနည်းတဲ့အချိန်၊ ပူဆွေးတဲ့အချိန် ပူဆွေးမှု သောကတွေကို ကိုယ်နဲ့အတူ မျှဝေခံစားပေးသူပါ။ ကိုယ်စံစားပျော်ရွှင်ချိန် ကိုယ့်အနားရှိနေပြီး အခက်အခဲလည်း ကြုံရော ဘယ်နားရောက်နေမှန်း မသိတဲ့သူဆိုရင်တော့ ဒါဟာ သာပေါင်းညာစား အဆင့်ပဲ ရှိမှာပေါ့။ အဲ့ဒီတော့ သူငယ်ချင်းကောင်းရဖို့ ဘယ်လိုများ ရွေးချယ်ရမလဲ၊ လူတစ်ယောက်ဟာ အသက် ၂၀ ၀န်းကျင်လောက် ရောက်လာပြီဆိုတာနဲ့ ဘယ်လိုလူမျိုးကို ရွေးချယ်ပေါင်းသင်းရမယ်ဆိုတာကိုပါ သိလာကြတယ်လို့ ဆိုတာကြောင့် သူငယ်ချင်းကောင်းဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လိုလူမျိုးဟာ သူငယ်ချင်းကောင်း ဖြစ်လာမလဲဆိုတဲ့ အချက်လေးတွေ ကြည့်လိုက်ရအောင်။

၁။တစ်ချို့ သူငယ်ချင်းတွေက အပေါ်ယံမို့လို့ ကိုယ့်အချိန်တွေကို ပေးဖို့ မတန်ပါဘူး။

သူငယ်ချင်းဆိုတာက အမျိုးမျိုးပါ။ ကျောင်းတုန်းက သူငယ်ချင်း၊ တက္ကသိုလ်က သူငယ်ချင်းနဲ့ အလုပ်က သူငယ်ချင်း စသဖြင့်ပေါ့။ အဲ့ဒီအထဲကမှ မေးထူးခေါ်ပြောလောက်သာရှိတဲ့ သူငယ်ချင်းမျိုးက ဘယ်လိုမျိုးလဲဆိုတာ သင်သိပြီးသားပါ။ ကိုယ်နဲ့ဆက်ပြီး ပေါင်းသွားလို့ အိုကေမလား၊ ဒါမှမဟုတ်သူက ကိုယ့်ကို အပေါ်ယံလောက်ပဲ ပေါင်းတာလားဆိုတာကို ခွဲခြားပြီး ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို ကိုယ့်အတွက် တန်ဖိုးရှိတဲ့သူတွေအတွက်သာ အသုံးချပါ။

၂။ကိုယ့်အတွက် အရေးပါသူတွေကို လျစ်လျူမရှုမိပါစေနဲ့။

ကိုယ့်ကို စိတ်ရင်းနဲ့ပေါင်းနေတဲ့ သူငယ်ချင်းတွေ၊ ကိုယ့်အပေါ် ကောင်းတဲ့သူငယ်ချင်းတွေကို လျစ်လျူမရှုမိပါစေနဲ့။ ကိုယ်စိတ်ညစ်တဲ့အချိန် သူတို့က ကိုယ့်အတွက်ရှိပေးပေမယ့် သူတို့အခက်အခဲတွေ့ချိန် ကိုယ်က အကြောင်းအမျိုးမျိုးပြပြီး မတွေ့ပဲမနေပါနဲ့။

၃။သူငယ်ချင်းတွေကို ရွေးချယ်ပေါင်းပါ။

ကလေးဘ၀တုန်းကတော့ ကောင်းလား၊ ဆိုးလား ခွဲခြားနိုင်စွမ်းနည်းနေသေးတာမို့ ဘယ်သူကတော့ ကောင်းတယ်၊ ဘယ်သူကတော့ မကောင်းဘူးဆိုတာ သိဖို့မလွယ်ပါဘူး။ အရွယ်ရောက်လာတာနဲ့အမျှ ခွဲခြားတတ်လာပါပြီ။ ဘယ်သူကတော့ ယုံကြည်ရတယ်၊ ဘယ်သူကတော့ မယုံကြည်ရတဲ့အတွက် မေးထူးခေါ်ပြော အဆင့်ပဲထားမယ် စသဖြင့်ပေါ့။

၎။အသက် ၂၀နောက်ပိုင်းရောက်လာလေလေ၊ သူငယ်ချင်းကောင်းတွေ ရရှိနိုင်လာလေလေပါပဲ။

အသက်ကလေး ရလာပြီဆိုတော့ ရွေးပေါင်းလာတဲ့ သူငယ်ချင်းတွေထဲကမှ ကိုယ့်စိတ်နဲ့ အဆင်မပြေတဲ့ သူတွေကိုပါ ထုတ်နုတ်ပစ်လိုက်တဲ့အခါ ကိုယ့်အပေါ် အကောင်းဆုံးဆိုတဲ့ သူငယ်ချင်းတွေချည်း ကျန်ခဲ့တော့တာပါပဲ။

၅။ငယ်သူငယ်ချင်းတွေကို တန်ဖိုးထားပါ။

ကိုယ့်ဆီမှာ သူငယ်တန်း၊ တစ်တန်း၊ နှစ်တန်းလောက်ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းတွေ ရှိတယ်။ သူတို့ကလည်း ကိုယ့်ကို သိပ်ခင်တယ်ဆိုရင်တော့ သူတို့ကို တန်ဖိုးထားပေးပါ။ သူတို့ဟာ ကိုယ်နဲ့ မောင်နှမအရင်း မဟုတ်ပေမယ့် မောင်နှမအရင်းသဖွယ်ဆိုတာ မမေ့ပါနဲ့။

၆။ကိုယ့်ချစ်သူရဲ့သူငယ်ချင်းတွေနဲ့ သူငယ်ချင်းတွေဖြစ်နေဖို့ဆိုတာ အရေးမကြီးပါဘူး။

ကိုယ့်ချစ်သူပေါင်းတဲ့ သူငယ်ချင်းတွေနဲ့ သူငယ်ချင်းဖြစ်မှရမယ်ဆိုတာ မှားတဲ့အချက်ပါ။ သူတို့နဲ့ အဆင်ပြေဖို့လိုပါတယ်။ ဒါပေမယ့် သူငယ်ချင်းဖြစ်ကိုဖြစ်ရမယ်လို့တော့ မဆိုလိုပါဘူး။

၇။သူငယ်ချင်းတွေလုပ်လိုက်တဲ့ အရာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုးရှိရင် သူတို့ကို ပွင့်ပွင့်လင်းလင်းပြောပါ။

လူဆိုတာ ကိုယ့်ဘာသာကိုယ်တောင် စိတ်တိုင်းကျတဲ့အမျိုး မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်စိတ်အတိုင်း သူတို့ဖြစ်နေဖို့ဆိုတာ မလွယ်ပါဘူး။ သူငယ်ချင်းတွေနဲ့ သဘောထား မတိုက်ဆိုင်တဲ့ အချိန်ဆိုတာ ရှိမှာပါပဲ။ ဒါမှမဟုတ် သူတို့ပြုလုပ်နေတဲ့ အရာတွေက ကိုယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင်တော့ သူတို့ကို ပွင့်ပွင့်လင်းလင်း ပြောရုံပါပဲ။

၈။အမေဆိုတာ သင့်ရဲ့အကောင်းဆုံး သူငယ်ချင်းပါပဲ။

ကိုယ့်အကြောင်း အသိဆုံး၊ ကိုယ့်ကိုနားလည်မှုအပေးနိုင်ဆုံးနဲ့ ကိုယ်လုပ်သမျှအားလုံးကို ဘာဖြစ်ဖြစ် ခွင့်လွှတ်ပေးနိုင်သူကတော့ ကိုယ့်ရဲ့ အမေပဲပေါ့။



Trend Myanmar