အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ရွေးကောက်ပွဲကြောင့် လုံခြုံရေး တင်းကျပ်

ပို့စ်တင်ချိန် - 4/30/2014 02:26:00 PM


အီရတ်နိုင်ငံမှာ ဧပြီ ၃၀ ရက် ဒီနေ့မှာ ရွေးကောက်ပွဲကို ကျင်းပနေလို့ မြို့တော်ဘဂ္ဂဒက်က လမ်းတွေပေါ်မှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။

အကြမ်းဖက်မှုတွေ တိုးလာနေဆဲ ကာလမှာ လက်ရှိ ၀န်ကြီးချုပ် နူးရ်အယ်လ် မာလိကီက ၀န်ကြီးချုပ်ရာထူး တတိယမြောက်သက်တမ်းအတွက် ပါဝင်ယှဉ်ပြိုင်နေပါတယ်။

ဒါဟာ အမေရိကန်တပ်တွေ အီရတ်ကနေ ၂၀၁၁ခုနှစ်က ထွက်သွားခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

မဲဆန္ဒရှင်တွေက ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း ၉၀၁၂ ယောက်ထဲက လွှတ်တော်အမတ် ၃၈၂ ယောက်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

တိုင်းပြည်စီးပွားရေးက ရုန်းကန်နေရဆဲ ဖြစ်ပြီး လူမျိုးရေး ကွဲပြားမှုတွေအတွက် ဝေဖန်မှုတွေကို ၀န်ကြီးချုပ်က ရင်ဆိုင်နေရပါတယ်။

ဝန်ကြီးချုပ်က နိုင်ငံရေးအသာစီးရဖို့ သြဇာခိုင်မာ ကျစ်လစ်စေရေးကိုလည်း ကြိုးစားနေပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ ဘယ်ပါတီမှ လွှတ်တော်အမတ်နေရာ အများစုကို နိုင်မယ့်ပုံ မရဘူးလို့ ဆိုပါတယ်။

တကယ်လို့ ၀န်ကြီးချုပ်ရဲ့ပါတီက မျှော်လင့်ထားတဲ့အတိုင်း လွှတ်တော်အမတ် နေရာ အများဆုံးကို နိုင်ခဲ့ရင်တောင် အစိုးရဖွဲ့ဖို့ ခက်မယ်လို့ ဆိုပါတယ်။

အယ်ကေဒါအဖွဲ့တွေနဲ့ ချိတ်ဆက်ထားတဲ့ အစ္စလာမ်မစ် အီရတ်နိုင်ငံကို ထူထောင်မယ်လို့ ကြွေးကျော်ထားတဲ့ အိုင်အက်စ်အိုင်အယ်လ် ဆွန်နီမွတ်စလင်စစ်သွေးကြွတွေ မြို့တော် မြို့တော်ဘဂ္ဂဒက်ကို ၀င်မလာနိုင်အောင် ဟန့်တားမယ်လို့ ၀န်ကြီးချုပ်က ကတိပြုထားပါတယ်။

နိုင်ငံအနောက်ပိုင်း အန်ဘာခရိုင်ရဲ့မြို့တော် ဖာလူဂျာနဲ့ ရာမာဒီမြို့ကို သူတို့က သိမ်းပိုက် ထားတာ ဖြစ်ပါတယ်။

DVB Burmese