ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်မှ လက်ရှိနိုင်ငံရေး အခြေအနေကို ထုတ်ဖော်ပြောကြား

ပို့စ်တင်ချိန် - 5/25/2014 09:43:00 PM



ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်မှ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ပတ်သတ်ပြီး
ပါတီရဲ့သဘောထားကို မေ ၂၄ရက်နေ့လည် ၂နာရီတွင်မြို့နယ်ပြည်သူ့ လွှတ်တော်အမတ်ရုံး၌ မီဒီယာများနှင့် တွေ့ဆုံ၍
ရှင်းလင်းပြောကြားခဲ့သည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သတ်၍ “ဒီအခြေခံဥပဒေမှာ အားနည်းချက်တွေအများကြီးရှိပါတယ် ဒါပေမဲ့ဒီဥပဒေတွေထဲမှာ
ကျွန်တော်တို့နိုင်ငံသားတွေကို ကာကွယ်ပေးထားတဲ့ဥပဒေတွေလည်း ရှိပါတယ် ကျွန်တော်ဆိုရင် ဒီဥပဒေတွေနဲ့ယဉ်မောင်းတွေ ၊
လမ်းဘေးဈေးသည်တွေ အလုပ်လက်မဲ့မဖြစ်စေရေး တင်ပြရတာပါ ကျွန်တော်တို့တိုင်းပြည်က အခြေခံဥပဒေထဲမှာ နှစ်ပေါင်း၆၀
လောက်မနေခဲ့ရပါဘူး အခုဆိုရင် ငွေစက္ကူကိုတရားမဝင်ထုတ်ခွင့်မရှိဘူး ပြည်သူပိုင်သိမ်းရင်ထိုက်သင့်တဲ့လျော်ကြေးပေးရမယ်ဆိုတဲ့
အခွင့်အရေးတွေရလာတယ် တစ်ချို့ပြောတဲ့အခြေခံဥပဒေစာအုပ်ကို ဆွဲဆုတ်ပစ်လိုက်လို့ပြောနေ ကြတာဟာ လူ့အခွင့်အရေးဆိုတာ ဘာမှန်းမသိတဲ့အမှောင်ခေတ်ကို ပြန်ရောက်အောင်ပို့နေသလိုပါပဲ”ဟု ဦးသိန်းညွန်မှ ပြောကြားခဲ့ကြောင်းသိရသည်။

“ဒီအခြေခံဥပဒေမှာ ပြင်ဆင်ရန်လွယ်ကူတာ၊မလွယ်ကူတာရှိတယ်ပြင်ဆင်နိုင်အောင် ပြည်ထောင်စုလွှတ်တော်မှာကျွန်တော်တို့
ဝိုင်းဝန်းကြိုးပမ်းကြမယ် လွှတ်တော်က ပြင်ဆင်တာကို ရာနှုန်းပြည့် လက်မခံနိုင်ဘူးဆိုရင် ဘာဆက်လုပ်ကြမှာလည်း ဆရာဝန်
တစ်ယောက်မှားရင် လူတော်တော်များများသေမယ် ရှေ့နေမှားရင် လူတော်တော်များများ ထောင်ထဲရောက်မယ် နိုင်ငံရေးသမား
တစ်ယောက်မှားရင် သန်း၆၀ရှိတဲ့ပြည်သူတွေ အန္တရာယ် ရှိနိုင်တယ်ဆိုတာစဉ်းစားသင့်ပါတယ်” ဟု ၄င်းကဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်မှ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်သူမှ လွှတ်တော်အမတ် များကို ပြင်ဆင်လိုခြင်းရှိမမေးရန်ပြောကြားခဲ့ခြင်း
အပေါ် “အခြေခံဥပဒေကိုပြင်သင့်တယ်လို လွှတ်တော်မှာ ကျွန်တော်အရင်ဦးဆုံးတင်ပြတာပါ အခြေခံဥပဒေကိုပြင်ဆင်ရန်ကော်မတီဖွဲ့ဖို့ကို
ခုဟောပြောနေတဲ့သူတွေ မတင်ပြပါဘူး ကြံခိုင်ရေးပါတီမှဒုဥက္ကဌ သူရဦးအေးမြင့်က တင်ပြတာပါ သူရဦးအေးမြင့်တင်ပြတာကို လွှတ်တော်မှာ
ဘယ်သူ့မှမကန့်ကွက်ပါဘူး ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့်ဒီလိုပြောတယ်ဆိုတာ ကျွန်တော်နားမလည်ပါဘူး”ဟု ပြည်သူ့လွှတ်တော်
အမတ်ဦးသိန်းညွန့်မှပြောကြားခဲ့ပြီး အခမ်းနားကိုညနေ (၄)နာရီတွင်ရုတ်သိမ်းခဲ့သည်။

ချမ်းမင်းဟန်
ဓာတ်ပုံ-သီဟသစ်
The Myanma Age