ယူနိုက်တက် မန်နေဂျာ မည်သူဖြစ်လာလာ ၎င်းအတွက် ပြဿနာ မရှိဟု ရွန်နီပြောကြား

ပို့စ်တင်ချိန် - 5/25/2014 07:53:00 AM


မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ရာထူးတွင် မည်သူ့ကို ခန့်အပ်သည်ဖြစ်စေ မိမိအနေဖြင့် လေးလေးစားစား လက်ခံမည်သာဖြစ်ကြောင်း ဝိန်းရွန်နီက ပြောကြားခဲ့သည်။

ယူနိုက်တက်တွင် မန်နေဂျာ ဒေးဗစ်မိုယက်စ် ကိုင်တွယ်နေစဉ်က နီမန်ယာဗီဒစ်ထံမှ အသင်းခေါင်းဆောင် လက်ပတ်ကို ဆက်ခံမည့်သူ အဖြစ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးက ရေပန်းအစားဆုံး ဖြစ်ခဲ့သည်။ သို့သော်လည်း မိုယက်စ် ထုတ်ပယ်ခံရပြီး လူးဝစ်ဗန်ဂါးလ်ကို ယူနိုက်တက် မန်နေဂျာအဖြစ် ခန့်အပ်လိုက်သည့်နောက် ဗန်ဂါးလ်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီသည် အိုးလ်ထရက်ဖို့ဒ်၏ ဦးဆောင်သူ ဖြစ်လာရန် အခြေအနေ ပိုများလာသည်။ ဗန်ဂါးလ် ကိုယ်တိုင်ကလည်း နယ်သာလန် လက်ရွေးစင် အသင်းတွင် အလုပ်တွဲလုပ်ရာ၌ ဗန်ပါစီ၏ ဦးဆောင်မှု စွမ်းရည်ကောင်းများကို အလွန်ကျေနပ်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ချီးကျူးထားခဲ့သည်။



အင်္ဂလန်နှင့် ယူနိုက်တက်တို့၏ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခဲ့ဖူးသည့် ရွန်နီက “ပြောရရင်တော့ အသင်းခေါင်းဆောင် ရာထူးအတွက် ကျွန်တော် အဆင်သင့် ဖြစ်နေပြီလို့ ခံစားမိပါတယ်။ ဒါပေမဲ့ ဒါက မန်နေဂျာရဲ့ ဆုံးဖြတ်ပိုင်ခွင့်လေ။ အရင်ကလည်း ကျွန်တော် ပြောဖူးပါတယ်။ ယူနိုက်တက်မှာ အသင်းခေါင်းဆောင်အဖြစ် ပွဲတချို့ ကျွန်တော် တာဝန်ယူဖူးတယ်။ အမြဲတမ်း အသင်းခေါင်းဆောင် ဖြစ်ရမယ်ဆိုရင် သိပ်ကောင်းမှာပဲ ဆိုတာကိုပါ။ ဒါပေမဲ့ ခုချိန်မှာ မန်နေဂျာသစ် အသင်းကို ရောက်လာပြီ။ ဒီတော့ သူ့စိတ်ကြိုက် ဆုံးဖြတ်မှာပါပဲ။ သူဘယ်သူ့ကို အသင်းခေါင်းဆောင် ရွေးချယ်သည်ဖြစ်စေ၊ ကျွန်တော်ကတော့ ဒါကို လေးစားမှာပါ။ ဘာပြဿနာမှ မရှိပါဘူး”ဟု ပြောဆိုခဲ့သည်။

၎င်းက “ဗန်ပါစီဟာ သူ့နိုင်ငံ အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားခဲ့တာပါ။ အာဆင်နယ်မှာလည်း အသင်းခေါင်းဆောင် ဖြစ်ခဲ့ဖူးတယ်။ တကယ်လို့ သူသာ ယူနိုက်တက်ကို ဦးဆောင်မယ် ဆိုရင်လည်း အကောင်းဆုံး လုပ်ပြနိုင်မယ်ဆိုတာ ကန်တော် ယုံကြည်ထားပြီးသားပါ။ အသင်းအတွက် စိတ်လှုပ်ရှားစရာ ကာလတွေကို ရောက်လာပါလိမ့်မယ်။ ဒါကြောင့် ရိုးရိုးသားသားပဲ ပြောပါမယ်။ မန်နေဂျာက ဘယ်သူ့ကို အသင်းခေါင်းဆောင်အဖြစ် ရွေးရွေးပါ။ ကျွန်တော့်အတွက် ပြဿနာ ရှိလာမှာ မဟုတ်ပါဘူး”ဟုလည်း ဖွင့်ဟသွားသည်။
Ref:Dailymail

soccermyanmar