အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦးကို တပ်သားတစ်ဦး အဓမ္မပြုကျင့်ဟုဆို

ပို့စ်တင်ချိန် - 5/25/2014 07:52:00 PM



ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ကျေးရွာတွင်   ခေတ္တဝင်ရောက်တည်းခိုသည့်  နမ့်စလတ် အခြေစိုက် ခမရ (၅၆၇)တပ်မှ တပ်သားတစ်ဦးက ကျေးရွာအတွင်းရှိ အသက်မပြည့်သေးသည့်အမျိုးသမီးငယ်တစ်ဦးကို အဓမ္မကျင့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ခမရ (၅၆၇)တပ် ရင်းမှ တပ်သားများမှာ ကွတ်ခိုင် မြို့နယ်အတွင်း စစ်ကြောင်းလှည့် လည်ရာမှ နမ့်ကွတ်ကျေးရွာတွင် ခေတ္တလာရောက်နားနေစဉ် ယခု ကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

‘‘တပ်သားတွေက အယောက် ၄၀ လောက်ရှိပါတယ်။ တစ်အိမ် မှာ ခုနစ်ဦးနှုန်းနဲ့ တည်းခိုသွားကြ တယ်။ အခင်းဖြစ်တာကိုလာတိုင် လို့ ကျွန်တော်က ကာယကံရှင် မိသားစုနဲ့ သူတို့ရဲ့ ဗိုလ်မှူးဆီခေါ် သွားပြီး တိုင်ကြားပေးလိုက်ပါ တယ်’’ဟု  နမ့်ကွတ်ကျေးရွာသူကြီး ဦးလတောင်ကပြောသည်။

ထိုသို့သွားရောက်တိုင်ကြား ချိန်တွင် ဗိုလ်မှူးက ရဲဘော်အား လုံးကို တန်းစီခိုင်းပြီး ပြစ်မှုကျူး လွန်သူကို ပြသခိုင်းရာတွင် အဆို ပါရဲဘော်က ငြင်းဆန်သဖြင့် ကာယကံရှင် မိသားစုက ကွတ်ခိုင်မြို့နယ် ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ သို့ မေလ ၁၇ ရက်တွင် တိုင်ကြားခဲ့ကြောင်း  အမျိုး သမီးငယ်၏အဒေါ်ဖြစ်သူက ပြောသည်။

‘‘ကျွန်မတို့ ကချင်ယဉ်ကျေး မှုရုံးကိုလာရောက်တိုင်ကြားလို့ အသေးစိတ်စစ်ဆေးပြီးကွတ်ခိုင် မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါ တယ်။ စစ်ဘက်က အရာရှိတွေက လည်း ပြစ်မှုကျူးလွန်တဲ့ ရဲဘော်ကိုဖမ်းဆီးထားပြီလို့  ပြောပါတယ်။ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုမျိုးကို လုပ်ပေးမယ်လို့ ပြောပါတယ်ဟု ရှမ်းပြည်နယ်၊ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တွဲဖက်အတွင်းရေးမှူး(၁) ဒေါ်လုံး ရွယ်က ပြောသည်။

အခင်းဖြစ်ပွားချိန်မှာ မေလ ၁၆ ရက် ညနေ ၅ နာရီခန့်ကဖြစ် ပြီး အဓမ္မပြုကျင့်ခံရသည့် အမျိုး သမီးငယ်နှင့် ငါးနှစ်အရွယ် ကလေးနှစ်ဦးကို ၎င်း၏မိခင်ဖြစ်သူက အဘွားအိမ်သို့ အလုပ်ကိစ္စခိုင်းစေလိုက်ရာအပြန်တွင်  ရဲဘော်နှစ်ဦးက နောက်မှလိုက် လာပြီး ကလေးငယ်နှစ်ဦးကို ရဲဘော်တစ်ဦးက အိမ်ပြန်ပို့ပေးမည်ဟုဆိုကာခေါ်ဆောင်သွား၍ ကျန်ရဲဘော်က အမျိုးသမီးငယ်ကို နမ့်ကွတ်ကျေးရွာ၊ မူကြိုကျောင်းအိမ်သာနောက်သို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသမီးငယ်ကဖြေကြားသည်။

 အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်မှာ အသက် (၁၄)နှစ်သာရှိသေးသည်။ အဆို ပါကိစ္စအတွက် ပြစ်မှုကျူးလွန်သူကို ကွတ်ခိုင်မြို့ မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း တာဝန်ရှိသူများထံမှ သတင်းရရှိသည်။

   ကွတ်ခိုင်မြို့နယ်တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာကလည်း ကွတ်ခိုင်၊  တာမိုးညဲသွားလမ်း နောင်ချိုကျေးရွာ၌  ကလေး လေးဦးမိခင်ကို  တပ်မတော်သား တစ်ဦးက အဓမ္မပြုကျင့်မှုတစ်ခုဖြစ်ပွားခဲ့သော်လည်း ယနေ့ အချိန်ထိအရေးယူဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ကွတ်ခိုင်မြို့ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူများထံမှ သတင်းရရှိသည်။

ကံသာ
7day daily