မိုဘိုင်းလ်ဖုန်းမှ ပါဝင်ပစ္စည်းများကြောင့် အရေပြား ဓာတ်မတည့်မှုများ ဖြစ်ပေါ်နိုင်

ပို့စ်တင်ချိန် - 5/25/2014 08:32:00 PM


ကမ္ဘာတလွှားတွင် မိုဘိုင်းလ်ဖုန်းများ အသုံးပြုမှု တွင်ကျယ်များပြားလာခြင်းနှင့်အတူ မိုဘိုင်းလ်ဖုန်းကြောင့် ဖြစ်ပေါ်နိုင်သည့် အရေပြား ဓာတ်မတည့်မှု အခြေအနေကိုလည်း သတိထားရန်လိုကြောင်း သုတေသီများက ပြောကြားခဲ့သည်။ စမတ်ဖုန်း ယဉ်ကျေးမှု ထွန်းကားလာခြင်းနှင့်အတူ ဖုန်း၏ ကိုယ်ထည်နှင့် ဓာတ်မတည့်သော အရေပြား ကျန်းမာရေး ပြဿနာ တစ်ရပ်ကိုလည်း ပညာရှင်များက ခြေရာခံ တွေ့ရှိလာသည်။ ဖုန်းကိုယ်ထည်နှင့် ခလုတ်များတွင် ပါဝင်သည့် နစ်ကယ်လ်နှင့် ခရိုမီယမ် ဓာတ်များက အခန့်မသင့်လျှင် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ကြောင်း သိရှိရသည်။ အဆိုပါ ဓာတ်ပစ္စည်းများနှင့် ထိတွေ့မှုများသည့် ပါးရိုးတဝိုက်၊ နားရွက်နှင့် နှုတ်ခမ်းအစပ်တို့ကဲ့သို့ နေရာများတွင် ဓာတ်မတည့်သည့် အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။

အမေရိကန်နှင့် ဒိန်းမတ်နိုင်ငံမှ သုတေသီများသည် စမတ်ဖုန်းများ ထုတ်လုပ်မှုတွင် ဥရောပ ယူနီယံက သတ်မှတ်ထားသည့် နစ်ကယ်လ်ဓာတ် အသုံးပြုမှု စံချိန်စံညွှန်းများနှင့် ညီမညီ ဆိုသည်ကို မေးခွန်းထုတ်ခဲ့သည်။ အလွန်ဆိုးရွားသော အခြေအနေမျိုး မဟုတ်သည့်တိုင် စမတ်ဖုန်းများကြောင့် အရေပြား ပြဿနာများ ဖြစ်ပေါ်နိုင်ခြေသည် သိသိသာသာ မြင့်တက်လာသည်။ ဥရောပတွင် အရေပြား ဓာတ်မတည့်သည့်ဖြစ်စဉ် ခံစားရမှုများသည် (၂၀၀၀)ပြည့်နှစ်မှ (၂၀၁၀)ပြည့်နှစ် အတောအတွင်းတွင် (၁၂၅၀) ရာခိုင်နှုန်းထိ တိုးပွားလာကြောင်း Pediatric Allergy ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။

သုတေသီများက ဗြိတိန်နိုင်ငံတွင် အတွင်းခံ ဘရာစီယာအတွင်း၌ ဖုန်းကို ညှပ်ထားတတ်သည့် မိန်းကလေးတစ်ဦး၏ ရင်သားတဝိုက်၌ အင်ပျဉ်ထလာခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။ Blackberry၊ Samsung၊ Sony၊ Motorolaနှင့် LGစသော နာမည်ကျော် စမတ်ဖုန်း အမှတ်တံဆိပ်များမှ ဟန်းဆက်များတွင် နစ်ကယ်လ်နှင့် ခရိုမီယမ်တို့အနက် အနည်းဆုံး တစ်ခုဖြစ်စေ၊ နှစ်ခုစလုံးဖြစ်စေ သတ္တုစပ်များ အသုံးပြုလေ့ရှိသည်။ Nokiaနှင့် Appleတို့ကမူ ၎င်းတို့၏  ဟန်းဆက်များတွင် အရေပြား ကျန်းမာရေးအတွက် ပြဿနာဖြစ်စေမည့် ဓာတ်ပစ္စည်းများ ကင်းရှင်းကြောင်း အာမခံထားသည်။

ကယ်လီဖိုးနီးယားရှိ လိုမာလင်ဒါ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ သုတေသီ ကလာရီ ရစ်ချတ်ဆန်က “တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ မိုဘိုင်းလ်ဖုန်းတွေ အသုံးပြုမှု မြင့်တက်လာတာနဲ့အတူ အဲဒီအခြေအနေနဲ့ ဆက်နွယ်တဲ့ အရေပြား ပြဿနာတွေကိုလည်း သတိထားမိခဲ့ပါတယ်။ ဖုန်းနဲ့ ဆက်စပ်တဲ့ ဓာတ်မတည့်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် အမှတ်တံဆိပ် တော်တော်များများက နစ်ကယ်လ်လို ဓာတ်ပစ္စည်းတွေကို ပါဝင်ပစ္စည်းအဖြစ် အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။ ဒီလို ဓာတ်ပစ္စည်းတွေဟာ တန်ဖိုးနည်း ဟန်းဆက်တွေအပြင် အဆင့်မြင့် တန်ဖိုးကြီး ဖုန်းတွေမှာတောင် ပါဝင်နေတာပါ”ဟု ပြောကြားသွားသည်။

Planet Myanmar