နှလုံးသားမြို့တော်

ပို့စ်တင်ချိန် - 5/25/2014 10:27:00 AM


  အရှိန်လျှော့၍ ရပ်လိုက်သော ဆိုင်ကယ်ပေါ်မှ ဆယ်ကျော်သက်အရွယ် စုံတွဲတစ်တွဲ တစ်ဦးနှင့်တစ်ဦး ကျီစားရင်း ခြံဝင်းအတွင်းသို့ ဝင်သွားသည်။ သူတို့ဝင်သွားသော နေရာက ‘အချစ်မရှိ မလာရသည့် ချစ်သူတို့ရွာ’။

ယင်းနေရာမှာ ကျေးရွာမဟုတ်။ စားသောက်ဆိုင်တစ်ဆိုင်၏ နာမည်သာ ဖြစ်သည်။ သို့သော် ထိုစားသောက်ဆိုင်သည် သာမန် စားသောက်ဆိုင်ကဲ့သို့ စားပွဲနှင့်ထိုင်ခုံများ ခင်းကျင်းထားခြင်း မဟုတ်။ လိုက်ကာ ကာရံထားသည့် ဝင်ပေါက်မှလွဲ၍ လုံခြုံစွာ ကာထားသော ပျဉ်ထောင်သက်ငယ်မိုး ခြောက်ပေပတ်လည်ခန့် တဲအိမ်လုံးချင်း ၁၉ အိမ်ခန့်ရှိသော စားသောက်ဆိုင် ဖြစ်သည်။

အဆိုပါနေရာမှာ တက္ကသိုလ်ကျောင်းများ တည်ရှိနေသည့်အပြင် ကဗျာဆရာ မောင်ချောနွယ်၊ စာရေးဆရာ ဒဂုံရွှေမျှား အပါအဝင် အထင်ကရ စာပေနှင့် အနုပညာရှင်များ ပေါ်ထွက်ရာ ပြည်မြို့  မြို့ပြင် လူနေအိမ်ကျဲပါးစွာ တည်ရှိသော ဘုရင့်နောင်လမ်းမ တစ်နေရာတွင် ဖြစ်သည်။ ပြည်မြို့သူမြို့သားများ အတွက်မူ ယင်းကဲ့သို့သော ဆိုင်လေးများမှာ မဆန်းကျယ်လှပေ။

အဘယ့်ကြောင့်ဆိုသော် ပြည်မြို့ မြို့ရှောင်လမ်းများ၊ လူနေရပ်ကွက်များဖြင့် ဝေးသည့် နေရာများတွင် ယင်းကဲ့သို့သော ဆိုင်လေးများကို တွေ့ရတတ်ခြင်းကြောင့် ဖြစ်သည်။ စားပွဲဝိုင်းတစ်ဝိုင်းနှင့် တစ်ဝိုင်း မတွေ့ရရုံ ကာရံထားသည့် ဆိုင်များမှစ၍ နှစ်ဦးတည်း သီးသန့်တွေ့နိုင်သည့် လုံးချင်း တဲအိမ်လေးများအထိ ရှိသည်။ ဆိုင်အချို့တွင် အခန်းဝန်ဆောင်ခ သီးသန့် သတ်မှတ်ထားသည်။ အစားအသောက် လာပို့ချိန်မှလွဲ၍ နှောင့်ယှက်မည့်သူ မရှိသဖြင့် တဲအိမ်လေးများမှာ ချစ်သူတို့အတွက် ကောင်းကင်ဘုံ ဖြစ်သည်။

“အခန်းခအတွက် တစ်ထောင်ပေးရတယ်။ အခန်းထဲမှာ အခန်းကိုကာဖို့အတွက် စောင်တစ်ထည်၊ နောက်စောင် အပိုတစ်ထည်၊ စားပွဲခုံတစ်လုံး ပေးထားတယ်။ လျှပ်စစ်မီးတော့ မရှိဘူး။ ဒီလိုနေရာကိုတော့ သမီးရည်းစားတွေပဲ လာတာများတာပေါ့” ဟု ကိုယ်တိုင် သွားရောက်ခဲ့သည့် အသက် ၂၀ အရွယ် ကိုဇော်နောင် (အမည်လွှဲ) က ဆိုသည်။

ယခုကဲ့သို့ ချစ်သူစုံတွဲတို့များကို ပစ်မှတ်ထားကာ နှစ်ဦးတည်း သီးသန့်တွေ့ဆုံခွင့် ရနိုင်ရန် စားသောက်ဆိုင်၊ အအေးဆိုင်များအသွင် ဖန်တီး၍ သီးသန့် ဝန်ဆောင်မှု ပေးထားသည့် အခန်းများကို ငှားရမ်းနိုင်သည့် စားသောက်ဆိုင် အသွင်ယူစီးပွားရေး ဈေးကွက်တစ်ခုမှာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာကြောင်း တက္ကသိုလ် ကျောင်းသား အသိုင်းအဝိုင်းမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်၊ ကောလိပ်ပေါင်း ၁၆၄ ခုရှိပြီး  ယင်းကျောင်းများ အနီးသို့မဟုတ် ကျောင်းသွားရာလမ်း သို့မဟုတ် ကျောင်းသားများကို အဓိက ပစ်မှတ်ထားကာ လူနေကျဲပါးသည့် နေရာများတွင် သီးသန့်တဲများရှိသည့် ဆိုင်ငယ်များ မည်ရွေ့မည်မျှ ရှိမည်ကိုမူ အချက်အလက် ကောက်ယူထားခြင်း မရှိသည့်အတွက် မှန်းဆရန် ခက်ခဲနေဆဲ ဖြစ်သည်။ သို့သော် ထိုဆိုင်ငယ်များ ဖွင့်လှစ်မှုသိသာစွာ များပြားလာသည်မှာမူ ငြင်းမရသော အခြေအနေတစ်ခု ဖြစ်သည်။

တောင်ငူမြို့မှ ၁၃ မိုင်ခန့်အကွာတွင် ရှိသည့် နည်းပညာ တက္ကသိုလ်နှင့် ၂ မိုင်ခန့် အကွာတွင်ရှိသော ကွန်ပျူတာ တက္ကသိုလ်တို့ တည်ရှိရာနေရာ ဝန်းကျင်ဖြစ်သည့် ကေတုမတီမြို့သစ်နှင့် ထီးလှိုင် လမ်းတွင် အအေးဆိုင်၊ ကော်ဖီဆိုင်ဟုဆိုကာ သီးသန့် တဲအိမ်လုံးချင်းများ ငါးအိမ်မှ ၁၅ အိမ်ကြားရှိသည့် ဆိုင်များရှိကြောင်း၊ တက္ကသိုလ်များ တည်ရှိပြီး နောက်ပိုင်းတွင် တည်းခိုခန်းများ အလျှိုလျှို ပေါ်ပေါက်လာခဲ့ကာ ပုံမှန် ကျောင်းတက်ရက်များတွင် စနေ၊ တနင်္ဂနွေမှလွဲ၍ လူရှင်းတတ်သော်လည်း အဝေးသင် တက္ကသိုလ် ကျောင်းသားများ ကျောင်းတက်ရာသီတွင် ရက်သတ္တတစ်ပတ်လုံး စည်ကားလျက် ရှိကြောင်း မြို့ခံများက ပြောဆိုသည်။

သီးသန့်ကာရံကာ လုံခြုံမှုပေးထားသည့် အဆိုပါ တဲအိမ်များတွင် သမီးရည်းစား စုံတွဲများ တွေ့ဆုံပါက ဆိတ်ကွယ်ရာတွင် ငယ်ရွယ်သူချင်း တွေ့ဆုံကြသည့်အတွက် မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားနိုင်သောကြောင့် သက်ကြီးနှင့် သက်လတ်ပိုင်း အရွယ်များက ပြောဆို ဝေဖန်ကြသော်လည်း လူငယ်အများစုမှာမူ နှစ်ခြိုက် လက်ခံလျက် ရှိကြသည်။

“ဟိုတယ်၊ တည်ခိုခန်း သွားရတာကတော့ လူတွေအမြင်မှာတော့ ရိုင်းတာပေါ့။ ဈေးကလည်း အနည်းဆုံး ၈ ထောင်လောက် ရှိတယ်။ ဒီလိုအခန်းလေးတွေ ရှိတော့လည်း ချိန်းတွေ့ရတာ အဆင်ပြေတယ်” ဟု ကိုဇော်နောင်က ပြောဆိုသည်။

အချို့စုံတွဲများမှာ သီးသန့် တဲအိမ်လေးများ ရှိသည့် နေရာများကို ရွေးချယ်တတ်ကြပြီး အချို့မှာ အချိန်ပိုင်း ငှားရမ်းကြသည့် တည်းခိုခန်းများကိုသာ ရွေးချယ်၍ အချိန်ဖြုန်းတတ်ကြကြောင်း တက္ကသိုလ် ကျောင်းသားများ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

မြို့ ပြင်ရောက် တက္ကသိုလ်များအနီးတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးရန် မလိုသည့် အချိန်ပိုင်းငှားရမ်းသည့် တည်းခိုခန်းများတွင် တက္ကသိုလ် ယူနီဖောင်းများဖြင့် ပေါ်ပေါ်ထင်ထင် သွားလာနေကြကြောင်း၊ ယင်းကို တည့်မတ် ထိန်းကျောင်းပေးရန် လိုအပ်နေကာ ဒေသအာဏာပိုင်များ ကိုယ်တိုင် တားဆီးမှုမရှိဘဲ တက္ကသိုလ် ကျောင်းသားများ စာရိတ္တ ပျက်စီးစေရန်နှင့် ပညာရေးပုံရိပ်၊ တက္ကသိုလ်ကျောင်းသား ပုံရိပ်များကို ကျဆင်းအောင် ပြုလုပ်နေသကဲ့သို့ ဖြစ်နေကြောင်း တက္ကသိုလ် ကျောင်းသားများ လမ်းလွှဲရောက်ကာ ပညာရေး နှောင့်နှေးနေရမှုနှင့် ပတ်သက်ပြီး မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခချုပ်လည်းဖြစ်သူ စာရေးဆရာ ကြည်မင်းက ဝမ်းနည်းစွာ ပြောကြားသည်။

“တက္ကသိုလ်တွေကို မြို့စွန်ပို့တယ်။ အားတဲ့အချိန်မှာ တည်းခိုခန်း သွားကြတယ်။ တက္ကသိုလ် ကျောင်းသားပုံရိပ်ဆိုတာ ဒီလို အတန်းအစားပါလို့ ထင်ရအောင် လုပ်နေတယ်လို့ မြင်တယ်။ နာရီပိုင်း တည်းခိုခန်းတွေ ပေါ်လာတယ်။ လယ်သမား မြေတောင် သိမ်းသေးတာပဲ။ ဒီလိုတည်းခိုခန်းတွေကို ဘာကြောင့် မသိမ်းရမှာလဲ” ဟု ၎င်းကထောက်ပြသည်။

၁၉၄၀ ပြည့်နှစ်များတစ်ဝိုက်က အင်္ဂလိပ် အစိုးရလက်ထက်တွင် မက်ထရစ် စာမေးပွဲဟု ခေါ်ခဲ့ကြသည့် ဆယ်တန်းစာမေးပွဲမှာ အောင်မြင်ရန် ခဲယဉ်းလှသဖြင့် အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ် တက်ရပါက လူတကာ အထင်ကြီး ဂုဏ်ယူခဲ့ကြသည်အထိ အစဉ်အလာ ကြီးမားခဲ့လှပါသော တက္ကသိုလ် ကျောင်းသားဘဝမှာ တဖြည်းဖြည်း နိမ့်ကျလာခဲ့ပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်းတွင် တက္ကသိုလ်များ မြို့ပြင်ရောက်ခဲ့ကာ တက္ကသိုလ် ကျောင်းသားများလည်း မြို့ပြင်ထွက်ခဲ့ကြရသည်။

ပြောင်းလဲခံလိုက်ရသော စနစ်အောက်တွင် သားကောင် ဖြစ်ရသည့် တက္ကသိုလ် ကျောင်းသားများမှာ နိုင်ငံရေးမှလွဲ၍ ကျန်ရှိသည်များကို လုပ်ဆောင်နိုင်သည့် အခြေအနေတစ်ခုသို့ ရောက်လာခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများမှာ တက္ကသိုလ် အဆောင်များ မထားရှိတော့သဖြင့် ပြင်ပအဆောင်များတွင် အထိန်းအကွပ်မဲ့ လွတ်လပ်စွာ နေထိုင်ခဲ့ကြသည်။

လက်ရှိတွင် မြို့ပြင်၌ ဖွင့်ထားသည့် တက္ကသိုလ်များကြောင့်  ပြင်ပအဆောင်များအပြင် နာရီပိုင်း တည်းခိုခန်းများ၊ လုံးချင်းတဲအိမ်များ၊ ဘီယာဆိုင်၊ KTV၊ ဘီလိယက်ခုံ၊ တီဗီဂိမ်းဆိုင်များ  ထပ်မံဖွင့်လှစ်ထားကြပြီး ကျောင်းသားထုကို ဆွဲဆောင်ထားကြသည်။

ယင်းကဲ့သို့သော ဆိုင်အချို့မှာ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ နယ်နိမိတ်ပြင်ပတွင် ရှိနေကြပြီး မြို့နယ်တွင်းရှိ စားသောက်ဆိုင်၊ အအေးဆိုင်များမှာ သတ်မှတ်ထားသော အင်္ဂါရပ်နှင့် မညီညွှတ်ဘဲ အကာအရံ အပြည့်ပုံစံမျိုးဖြင့် ဖွင့်လှစ်ခွင့် မရှိကြောင်း ပြည်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“တက္ကသိုလ်နားမှာ ဆိုင်ဖွင့်ရင် အအေးဆိုင်နဲ့ စားသောက်ဆိုင်နဲ့အတူ ဘာလုပ်နေလဲ ဆိုတာကို ကျောင်းနဲ့အစိုးရက သိဖို့လိုတယ်။ တချို့ကတော့ သက်သောင့်သက်သာရှိဖို့ ရည်ရွယ်ပေမယ့် ဒီကိစ္စတွေအတွက် ဖြစ်သွားတာမျိုး ရှိတယ်။ ကျောင်းသူ၊ ကျောင်းသားတိုင်း ဒီလိုဖြစ်နေတာ မဟုတ်ပေမယ့် တက္ကသိုလ်ကို အရိပ်မည်းဖြစ်စေတဲ့ အရာတွေကိုတော့ တားသင့်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မှတ်ချက်ပြု ပြောဆိုသည်။

၁၉၈၈ ခုနှစ် မတိုင်ခင်က တက္ကသိုလ် ကျောင်းသားဘဝများကဲ့သို့ ပျော်ပွဲရွှင်ပွဲများ၊ စာကြည့်တိုက်၊ အနုပညာ အသင်းများဖြင့် မိသားစုကဲ့သို့ စည်းစည်းလုံးလုံးဖြင့် လုပ်ဆောင်ခဲ့ကြသည့် ဘဝများကို ယခုခေတ် တက္ကသိုလ် ကျောင်းသားများကို ပြန်လည်ရစေချင်ပြီး တက္ကသိုလ် များကိုလည်း မူလနေရာတွင် ပြန်ထားစေချင်ကြောင်း ဒေါ်ဖြူဖြူသင်းက ဆိုသည်။

“ယူနီဖောင်းနဲ့လည်း တည်ခိုခန်း သွားနေတာကို မြင်နေရတာပဲ။ သန်လျင် GTC၊ စီးပွားရေး တက္ကသိုလ်တွေ နားမှာလည်း ရှိနေတာပဲ” ဟု ရူပဗေဒဘွဲ့ဖြင့် ကျောင်းပြီးထားသူတစ်ဦးက ပြောဆိုသည်။

မကြာသေးမီ ကာလအတွင်းကလည်း နည်းပညာကျောင်းရှိ စာသင်ခန်းထဲတွင် ချစ်သူနှစ်ဦးတို့၏ အတူနေဗီဒီယိုဖိုင် အင်တာနက်ပေါ်တွင် ပျံနှံ့သွားခဲ့သည်။ ယင်းကိစ္စအပေါ် တက္ကသိုလ်များ မြို့ပြင် ရောက်ရခြင်းကြောင့်ဟု ဝေဖန်သူများ ရှိသကဲ့သို့ ကျောင်းပညာရေး နိမ့်ပါးမှုများ၊ ခိုးရိုက်သူကို အပြစ်တင်ကြသည့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး နောက်ဆုံးတွင် ထိုစုံတွဲမှာ ကျောင်းတစ်ပိုင်း တစ်စနှင့်ပင် တရားဝင် လက်ထပ်လိုက်ရသည်။

တက္ကသိုလ်တစ်ဝိုက်တွင် ကျောင်းသားများ၏ စာရိတ္တကို ယိမ်းယိုင်စေသည့်ဆိုင်များ အများအပြား ရှိနေခြင်းကို သက်ဆိုင်ရာက ဖယ်ရှားသင့်ကြောင်း၊ ကျောင်းသားများ အတွက်လည်း အထိန်းအချုပ် ကောင်းမွန်သည့် အဆောင်များ ထားပေးရန် မျှော်လင့်မိကြောင်း  ရန်ကုန်တက္ကသိုလ်ရှိ ဆရာများထံမှ သိရသည်။

လူငယ်များအကြား ယခုလက်ရှိ ဖြစ်ပေါ်လျက် ရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ၎င်းတို့၏ စူးစမ်းလိုသည့်စိတ်ကို အားကစားနှင့် လူမှုရေးနယ်ပယ်များသို့ ရောက်ရန် တည့်မတ်သင့်ကြောင်း မြန်မာစာဌာန (တွဲဖက်ပါမောက္ခ) ဦးမျိုးသန့်က မှတ်ချက်ပြုသည်။

“လူငယ်တွေကို ပရဟိတနဲ့ သက်ဆိုင်တာတွေ သင်မယ်။ ပြည်သူ့နီတိကို ခေတ်မီအောင်ပြင်ပြီး သင်ကြားမယ်။ တာဝန်ယူတတ်တဲ့ စိတ်ဓာတ်တွေရှိဖို့ လိုမယ်။ ဗုဒ္ဓအဆုံးအမနဲ့ မြန်မာ့ယဉ်ကျေးမှုက ခွဲခြားလို့ မရဘူး။ ပျက်စီးခြင်းလမ်းမကို ရောက်နေတဲ့ လူငယ်တွေကို အားကစားတို့ လူမှုရေးဘက်တို့ ပြန်ရောက်အောင် လုပ်ဖို့လိုမယ်။ စီးပွားရေး သမားတွေကလည်း ကိုယ့်အတွက်ကိုယ်ပဲ ကြည့်တဲ့ အတ္တစိတ် ဖြစ်နေတယ်” ဟု ၎င်းက ထောက်ပြသည်။

ပြောင်းလဲလာသည့် ခေတ်နှင့်အညီ လိုက်ပါ ပြောင်းလဲလာသည့် ဝတ်စားဆင်ယင်မှု၊ အတွေးအခေါ်၊ လူနေမှုစရိုက်များနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိသည်။ တရှိန်ထိုး သွားနေသည့် ပြောင်းလဲမှုကို မည်သူမျှ ရပ်တန့်နိုင်မည် မဟုတ်သော်လည်း လမ်းမှန်ရောက်ရန် မည်ကဲ့သို့ ထိန်းကျောင်း တည့်မတ်ပေးမည်လဲ ဆိုသည့် အချက်မှာ စဉ်းစားရန် လိုအပ်လာပြီ ဖြစ်သည်။

အမှောင်မှာ တစ်စထက်တစ်စ ကြီးစိုးလာသည်။ ယင်းအချိန်တွင် တစ်ဦးခါးတစ်ဦး တင်းကျပ်စွာ ဖက်လျက် စကားတီးတိုးပြောရင်း ချစ်သူနှစ်ဦး တဲအိမ်အတွင်းမှ ထွက်လာကြသည်။ တစ်နေ့တာအတွက် အဆိုပါ တဲအိမ်ကို အသုံးပြုခအဖြစ် ကျပ်တစ်ထောင် အပါအဝင် အခြားကျသင့်ငွေများကို အဆိုပါ စုံတွဲရှင်း၍ ပြန်ရန်ပြင်နေစဉ် အခြားစုံတွဲ နှစ်တွဲ တဲအိမ်များဆီသို့ ဦးတည် ဝင်ရောက်သွားကြသည်။
အဆိုပါတဲအိမ်လေးများတွင် နေ့စဉ် ချစ်သူစုံတွဲများ ဝင်လာမစဲ တစ်သဲသဲပင်။

Written by  မြတ်နိုးခင်
The Voice Weekly