လစ်ဗျားအထူးတပ်ဖွဲ့က ပစ်လွှတ်သည့် ဒုံးကျည်ကြောင့် လူ ၂ ဦးသေဆုံး

ပို့စ်တင်ချိန် - 5/25/2014 08:32:00 PM


လစ်ဗျားနိုင်ငံ အရှေ့ဘက်ဆိပ်ကမ်းမြို့ ဘန်ဂါဇီမှာ လစ်ဗျားအထူးတပ်ဖွဲ့အခြေစိုက်စခန်းက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေက ပစ်မှတ်ကို လွဲချော်ပြီး မိသားစုအိမ်တွေကို ထိမှန်ခဲ့လို့ အနည်းဆုံး လူ ၂ ယောက် သေဆုံးတယ်လို့ ဒေသခံတွေနဲ့ အရာရှိတွေက မေလ ၂၄ ရက်နေ့က ပြောပါတယ်။

ပထမဒုံးကျည်ကြောင့် အိမ်သား ၂ ဦး သေဆုံးပြီး သူတို့ကလေး ဒဏ်ရာရတယ်၊ ဒုတိယ ဒုံးကျည်ကြောင့် တခြားမိသားစုတစု ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ လစ်ဗျားနိုင်ငံတွင်း ဘန်ဂါဇီနဲ့ ထရီပိုလီကြား လက်နက်ကိုင် ပဋိပက္ခတွေ တပတ်ကြာ ဖြစ်ပွားအပြီး မေလ ၂၃ ရက်နေ့က တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

လစ်ဗျားလွှတ်တော်ကို ဖျက်သိမ်းဖို့ တောင်းဆိုနေတဲ့ ဗိုလ်ချုပ်ဟောင်း ခါလီဖာ ဟဲ့ဖ်တာ ကို သစ္စာခံတဲ့ ပုံမှန်မဟုတ်တဲ့ စစ်တပ်တွေနဲ့ သူ့ကို ဆန့်ကျင်တဲ့ ပြိုင်ဘက် ပြည်သူ့စစ်တွေကြား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဟဲ့ဖ်တာကတော့ အစွန်းရောက် အကြမ်းဖက်ဝါဒကို အဆုံးသတ် ချိုးနှိမ် မပြီးမချင်း ရိုးသားတဲ့တော်လှန်သူတွေ စစ်သားတွေက စစ်တန်းလျားကို ပြန်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

လစ်ဗျားအစိုးရဟာ အာဏာရှင်ဟောင်း မွမ်မာ ကဒါဖီကို ဖြုတ်ချစဉ်က ကူညီခဲ့တဲ့ တိုက်ခိုက်ရေးသမားတွေရဲ့ တပ်တွေကို ထိန်းချုပ်နိုင်စွမ်း မရှိဖြစ်နေတာ ကြာပါပြီ။ အကြီးအကျယ် လက်နက်တပ်ဆင်ထားတဲ့ ပြိုင်ဖက်တွေဟာ အစိုးရရဲ့ တရားဝင်မှုကိုပါ မကြာခဏ စိန်ခေါ်ခဲ့ဖူး ပါတယ်။

ဘန်ဂါဇီမြို့ထဲက အထူးတပ်ရဲ့ အခြေစိုက်စခန်းထဲက ဒုံးကျည်တွေကို ဘယ်သူပစ်တယ်ဆိုတာ ရှင်းရှင်းလင်း လင်း မသိရသေးပါဘူး ဒီမြို့ကတော့ ဗိုလ်ချုပ်ဟောင်း ခါလီဖာကို သစ္စာခံသူတွေက ဦးတည်ထားတဲ့ အစ္စလာမစ် စစ်သွေးကြွတွေရဲ့အခြေစိုက်မြို့ ဖြစ်ပါတယ်။

လစ်ဗျားပြည်သူ အများအပြားကတော့ စစ်သွေးကြွတွေကို မထိန်းချုပ်နိုင်တဲ့ အစိုးရနဲ့ လွှတ်တော်ကို စိတ်ပျက်နေကြပါတယ်။

DVB Burmese