Polygamy and Health (2) မယား များများယူရင် (၂)

ပို့စ်တင်ချိန် - 5/25/2014 07:50:00 AM



အရင်ကဆိုရင် မွတ်ဆလင် တိုင်းပြည်တွေမှာ ဘာသာရေး ဓလေ့ထုံးစံတွေကြောင့် HIV/AIDS ရောဂါ ကာကွယ်မှု ရစေတယ်လို့ ထင်မှတ်ခဲ့ကြတယ်။ ဥပမာ ယောက်ျားလေးမှန်သမျှ Circumcision ပန်းအဖျား လှီးဖြတ်စေတာမျိုးဟာ HIV/AIDS ကို ကာကွယ်နိုင်တယ်လို့ သုတေသနတချို့က ထောက်ခံလာတယ်။ WHO တောင်ပါတယ်။

ကျွန်တော့်အမြင်က မဆိုင်ဘူးလို့ ယူဆတယ်။ သုတေသန လုပ်တာတွေ နည်းသေးတယ်။ ရလဒ်တွေ ဖတ်တာ အချိန် သိပ်စောသေးတယ်လို့ ထင်ပါတယ်။ ကျန်းမာရေးမှာ နိုင်ငံရေးတွေ သိပ်များနေသလား သံသယရှိတယ်။ HIV/AIDS ရောဂါကို ထိရောက်တဲ့ တခြားနည်းသုံးပြီး ကာကွယ်စေဘို့ မလိုတော့ဘူး ထင်သွားစေနိုင်တယ်။

မွတ်ဆလင် နိုင်ငံတွေမှာ Premarital sex အိမ်ထောင်မပြုခင် လိင်ဆက်ဆံတာ၊ Adultery အိမ်ထောင်ရေး ဖေါက်ပြားတာ၊ Prostitution ကိုယ်ခန္ဓာရောင်းစားတာ၊ Homosexuality လိင်တူဆက်ဆံတာ နဲ့ Intravenous drug use မူးယစ်ဆေး ထိုးတာတွေ နည်းပါးတယ်။ ဒါပေမဲ့ တချို့ ဘာသာရေးအခြေခံ ခေါင်းဆောင်တွေက HIV/AIDS seminar (ဆီမီနာ) လုပ်တာကို သပိတ်မှောက်ကြတယ်။ ၁၉၉၅ မှာ အင်ဒိုနီးရှား Council of Ulemas ဘာသာရေး ကောင်စီက (ကွန်ဒွမ်) ကို လက်ထပ် လင်မယားတွေကိုသာ ဆရာဝန် လက်မှတ်နဲ့ ရောင်းရမယ်လို့ လုပ်ခဲ့တယ်။ အိမ်ထောင် မဟုတ်ဘဲ လိင်ဆက်ဆံတာကို ဘာသာရေး တင်းကြပ်မှုနဲ့ တားနိုင်တယ်လို့ ယူဆတာမို့ လုပ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာမှာ မွတ်ဆလင်ဦးရေ ၁့၃ ဘီလျန်ရှိတယ်။ ဒါပေမဲ့ HIV/AIDS ရောဂါနဲ့ပတ်သက်ရင် ဆွေးနွေးကြတာလဲ နည်းတယ်။ စာရင်းဇယားရတာလဲ မလုံလောက်ဘူး။ ရတာတွေကလဲ မယုံလောက်ဘူး။ UNAIDS ကနေ ခန့်မှန်းတာက မြောက်ပိုင်း အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနဲ့ မွတ်ဆလင်များရာ အာရှဒေသတွေမှာ HIV ရှိသူ လူ ၁ သန်းရှိနိုင်တယ်။ ဒါတောင် အာဖကန်နစ္စတန်၊ တူရကီ နဲ့ ဆိုမာလီ မှာ စာရင်းဇယား မရှိကြဘူး။ Testing rates စမ်းသပ်မှုနှုန်းလဲ နည်းလွန်းတယ်။

နောက်ဆုံးရ UNAIDS update တွေမှာ မွတ်ဆလင်နိုင်ငံတွေကနေ စာရင်းမရတာ ဆက်တွေ့နေရသေးတယ်။ ဘယ်သာသာ ယူတဲ့ ဘယ်ဒေသတွေမှာဖြစ်ဖြစ် HIV/AIDS တိုက်ဖျက်ရေးဆိုတာ အမျိုးသမီး အများစုနဲ့ သိပ်ဆိုင်နေတယ်။ အမျိုးသမီး အခွင့်အရေး နိမ့်ကျနေရင် ရောဂါတိုက်ဖျက်ရေး မအောင်မြင်နိုင်ဘူး။ မိန်းမက ယောက်ျားကို ဘာမှအတွန့် မတက်ရတဲ့ ဘာသာရေး-လူမှုရေး အလေ့အထတွေကလဲ အဟန့်အတား ဖြစ်စေတယ်။

မွတ်ဆလင်ဦးရေ ထူထပ်တဲ့ ဆာဟာရ အောက်ပိုင်းဒေသတွေမှာ ဘာသာရေးကနေ ရောဂါကို တားမရတာ၊ HIV/AIDS အန္ကရာယ်ရှိနေတာ တွေ့နေရပြီ။ နိုက်ဂျီးရီယား မှာ ၆-၁ဝ%၊ အီသီယိုပီးယားမှာ ၁ဝ-၁၈% HIV-positive ဖြစ်နေကြတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေမှာ ရောဂါက ကပ်ရောဂါလို ဖြစ်လာနေတာတောင်မှ ပေါ်လစီချသူတွေက "လိင်မဆက်ဆံဘဲ နေကြဘို့"၊ "မူးယစ်ဆေးဝါး မသုံးကြဘို့" နဲ့ "တရားမဝင် လိင် မဆက်ဆံဘို့" ကိုသာ အာရုံစိုက်နေကြသေးတယ်။ ၂ဝဝ၅ လောက်ကဆိုရင် မွတ်ဆလင် တချို့နေရာတွေမှာ ၆ဝ% HIV ပိုးရှိနေတယ်။ ပိုးတွေ့ပြီး တနှစ်နေရင် သေဆုံးသွားတယ်။ မွတ်ဆလင်တွေနေတဲ့ ဖိလစ်ပိုင် နဲ့ မော်ရိုကိုတွေမှာလဲ ပြဿနာ မသေးဘူး။

ခုနောက်ပိုင်းမှာ အီရန်လိုနိုင်ငံမှာတောင် တိုးတက်တာတွေ ရှိလာပြီ။ ပညာပေးတာတွေ ရှိလာတယ်။ ဟောပြောတာတွေ လုပ်နိုင်လာတယ်။ အရင်က အီရန်မှာ ပိုးတွေ့ရင် အလုပ်ကထုတ်ပြစ်ခဲ့တယ်။ ဆေးရုံတွေမှာ ဆရာဝန်တွေက ဆေးကုမပေးဘို့ ငြင်းဆိုခွင့် ရှိခဲ့တယ်။ အခု တိုက်ဖျက်ရေးကို တရားဝင်လုပ်လာတယ်။ မလုပ်လို့လဲ မရတော့ဘူး။ လိင်နဲ့ အသက်မွေး မိန်းမပေါင်း ၃ သောင်း ကနေ ၃ သိန်းရှိမယ်။ ဘယ်လောက်များများ ပိုးရှိနေတယ်ဆိုတာ အစိုးရလဲ မသိဘူး။

၁၂-၇-၂ဝ၁ဝ သတင်းတပုဒ်အရ Polygamy ups HIV infection risk in Kenya ကင်ညာနိုင်ငံမှာ မယားအများယူလို့ HIV ဖြစ်တာ ပိုများတယ်လို့ ပါရှိခဲ့တယ်။ သူတို့ဆီမှာ အိမ်ထောင်ကျ မိန်းမ ၁ဝဝ မှာ ၁၃ ယောက်ဟာ မိန်းမတယောက်မက ယူထားတဲ့ ယောက်ျားတွေနဲ့ ရနေသူတွေ ဖြစ်ကြတယ်။ ဒါတောင် ၂ဝဝ၃ တုံးက ၁၆ ယောက်ရှိရာကနေ လျှော့လာတာပါ။ ဒီ မယားအများယူတဲ့ အလေ့အကျင့်ကနေ HIV/AIDS ဖြစ်တာပိုများစေတယ်လို့ ပညာရှင်တွေက ယူဆကြတယ်။

Swaziland (ဆွာဇီလန်) မှာလဲ Polygamy မိန်းမများတာ နဲ့ Promiscuity လိင်ဆက်ဆံအဖေါ် အများကြီး ရှိသူတွေကြောင့် HIV/AIDS ဖြစ်ရတယ်လို့ ယူဆနိုင်တယ်။ (ဆွာဇီလန်) သက်ဦးဆံပိုင် ဘုရင်ကြီး King Mswati III မှာ မိဖုရား ၁၃ ပါးရှိတယ်။ သူ့တိုင်းပြည်မှာ HIV ၄ဝ% နီးနီး ကူးစက်နေတယ်။

ဒီမိုကရေစီမရှိ-မကျတဲ့ အစိုးရတွေက HIV/AIDS ရောဂါ ကာကွယ်ရေးနဲ့ ကုသရေး လုပ်တာတွေမှာ အဟန့်အတား လုပ်တတ်ကြတယ် ပုပ်ရဟန်းမင်းကြီးက Condom (ကွန်ဒွမ်) ကို လက်ခံတာ သိပ်မကြာသေးဘူး။ ၂ဝ၁ဝ မေလထဲ ရောက်မှ တံခါးဖွင့်ပေးခဲ့တယ်။

လက်ထပ် မယားများတာ၊ မုဆိုးမကိုယူလိုက်တာ၊ ဆက်ဆံဘက် မိန်းမများတာ၊ လက်မထပ်ဘဲ ဆက်ဆံတာတွေဟာ အသိုင်းအဝိုင်းကို အထောက်အကူ ရစေမယ်လို့ ထင်မှတ် လက်ခံခဲ့ကြတယ်။ အခု အဲဒါမျိုးတွေက HIV/AIDS ပြန့်စေဘို့ ဖြစ်တယ်ဆိုတာ သိလာရတယ်။ UNDP report အစီရင်ခံစာအရ လိင်ဆက်ဆံဘက်များတာ၊ ငယ်ငယ်လေးနဲ့ အပျိုရည်ပျက်တာ၊ အရွယ် သိပ်ကွာသူချင်း လိင်ဆက်ဆံတာ၊ (ကွန်ဒွမ်) ကို စနစ်တကျမသုံးတာတွေကြောင့် HIV/AIDS ပိုဖြစ်စေတယ်။ လိင်ခွဲခြား ဆက်ဆံတာ၊ လိင်အကြမ်းဖက်တာ၊ STIs လိင်ကတဆင့် ကူးစက်ရောဂါ အဖြစ်များတာ၊ ပန်းငုံတာကို မဖြတ်ဘဲ နေတာတွေနဲ့ ယဉ်ကျေးမှုတွေကြောင့်လဲ ရောဂါကူးစေဘို့ အားပေးရာကျတယ်။

ဘယ်လို လုပ်သင့်လဲ ဆိုတာအတွက် ထိုင်းနိုင်ငံနဲ့ တောင်အာဖရိကကို ယှဉ်ကြည့်ရင် သိသာတာတွေ့ရမယ်။ ၁၉၉ဝ ကျော်လောက်က နှစ်နိုင်ငံလုံးမှာ HIV ၂-၃% ဖြစ်နေခဲ့တယ်။ ထိုင်းမှာ ကာကွယ်ရေးကို အပြင်းအထံ ကြိုးစားလုပ်တယ်။ ဖြစ်နှုန်း တိုးမလာတော့ဘူး။ တောင်အာဖရိက မှာတော့ အဲလို မလုပ်လို့ ၂၅% ပိုးတွေ့နေတယ်။ ဒါ့ကြောင့် မွတ်ဆလင် နိုင်ငံတွေကို HIV နှိမ်နင်းချင်ရင် ဒီဥပမာ ၂ ခုကို ယူနိုင်တယ်။

မယားများရင် ရောဂါလဲများမယ်။ ရောဂါတိုင်းကို ဘုရားကု ကုဘို့ မကြိုးစားသင့်ပါ။

Polygamy and Health (1) မယား များများယူရင် (၁) ကိုလဲ ဖတ်နိုင်ပါတယ်။

Dr. တင့်ဆွေ