ထိုင်းတောင်ပိုင်းတွင် မွတ်စလင်ခွဲထွက်ရေးသမားတွေ တိုက်ခိုက်မှုကြောင့် လူ ၃ ဦးသေ၊ ၆၀ ကျော် ဒဏ်ရာရ

ပို့စ်တင်ချိန် - 5/25/2014 08:28:00 PM


ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မွတ်စလင် ခွဲထွက်ရေးသမားတွေလို့ ယူဆရတဲ့ သောင်းကျန်းသူတွေက မေလ ၂၄ ရက်နေ့ညက တပြိုင်တည်းနီးပါး တိုက်ခိုက်ခဲ့လို လူ ၃ ယောက် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရတယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

Thaiဈေးဆိုင်ငါးဆိုင်၊ ဓာတ်ဆီဆိုင် ၂ ဆိုင်၊ ဟိုတယ်တလုံးတို့ အနီးအနားမှာ ဗုံးကွဲခဲ့သလို၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံအနားမှာလည်း ပေါက်ကွဲမှုဖြစ်ပြီး လျှပ်စစ်မီး မိနစ် ၄၀ လောက် ပြတ်တောက်ခဲ့တယ်လို့ ပြောပါတယ်။

သေနတ်သမားတွေဟာ ရေတပ်သင်္ဘောကိုလည်း သိပ်မဝေးတဲ့ နေရာကနေ သေနတ်နဲ့ လှမ်းပစ်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီး ၂ ရက်အကြာမှာပဲ ထိုင်းတောင်ပိုင်းဒေသမှာ အခုလို တိုက်ခိုက်မှု ပေါ်ပေါက်တာပါ။ ဒါပေမယ့် တောင်ပိုင်း မွတ်စလင် ခွဲထွက်ရေးသမားတွေနဲ့ ဘန်ကောက်မြို့ပေါ်က အာဏာလွန်ဆွဲပွဲတို့ ကြားထဲမှာ တိုက်ရိုက် ပတ်သက်မှုတော့ မရှိပါဘူး။

ထိုင်းနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေ အများစု ဖြစ်ပေမယ့် တောင်ပိုင်းက ခရိုင်သုံးခုမှာ မွတ်စလင်တွေ အများစု နေထိုင်ပြီး ဗဟိုအစိုးရကို ဆန့်ကျင်ပုန်ကန်လာတာ ဆယ်စုနှစ်တွေ ကြာနေပါပြီ။

၂၀၀၄ ခုနှစ်မှာ ခွဲထွက်ရေးလှုပ်ရှားမှုကို အစိုးရကနှိမ်နင်းတဲ့ စစ်ဆင်ရေးတခုအတွင်း လူ ၅၇၀၀ ကျော် ဆုံးခဲ့တဲ့နောက် ပဋိပက္ခတွေ တကျော့ပြန် ပြင်းထန်လာတာဖြစ်ပါတယ်။

မလေးရှားနဲ့ နယ်စပ်ဖြစ်တဲ့ ဆင်းရဲတဲ့ တောင်ပိုင်းဒေသမှာ လှုပ်ရှားနေတဲ့အဖွဲ့တွေ မျိုးစုံရှိပေမယ့် အဓိကအားဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို တိုးပေးဖို့ ဗဟို အစိုးရဆီက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

မနှစ်က သူပုန်အဖွဲ့တချို့နဲ့ အစိုးရတို့ ဆွေးနွေးပွဲတွေ စတင်ခဲ့ပြီး ဘန်ကောက်မြို့ပေါ်က နိုင်ငံရေး အကျပ်အတည်းတွေကြောင့် တောင်ပိုင်းအရေး ဆွေးနွေးပွဲတွေ ရပ်နေတာဖြစ်ပါတယ်။

DVB Burmese