ဦးတေဇရဲ့ မဒွယ်ဖြစ်စဉ်အတွေ့အကြုံနှင့် မလိခမြစ်လယ် နတ်ကျွန်းစေတီ ထီးတော်တင်

ပို့စ်တင်ချိန် - 5/25/2014 10:27:00 AM





မိမိဘဝရဲ့ ကြမ်းတမ်းတဲ့ စိန်ခေါ်မှုများထဲမှာ မဒွယ်ဖြစ်စဉ်ဟာ ကြီးမားစွာ နေရာယူထားပါတယ်။

ဒီလိုနေ့ မနက်စောစောမှာ မိမိနဲ့အတူ Capt မောင်မောင်သန်း၊ Capt စည်သူတင်ခြိမ့်၊ ကိုသက်ထွန်း၊ ကိုဇေယျာထွန်း နဲ့ မလီဂရေ့စ်မီတို့ မဒွယ်တောင်ကြောဆီကို ရဟတ်ယာဉ်ပျံသန်းစဉ်မှာပဲ သေမင်းခံတွင်းဝဆီ လှမ်းချီမိသလို ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပိုင်ဆိုင်ထားတဲ့ ရေခဲတောင်အလှတရားတွေကို ကမ္ဘာက သိစေချင်မိတဲ့အပြင် Tourism industry တစ်ခုဖွံ့ဖြိုးလာရင် ဒေသခံတို့အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်မှု မြင့်တက်လာမည့်အပြင် ဒီလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေပါ ဖွံ့ဖြိုးတိုးတက်လာစေမယ့် ဒေသခံတို့ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အပံ့ဖြစ်စေမယ့် ဒီခရီးစဉ်ဟာ ကြိုတင်တွက်ဆ မထားတဲ့ ဘဝအတွေ့အကြုံတို့များစွာ ရစေခဲ့ပါတယ်။

မဒွယ်တောင်သည် အမြင့်ပေ ၁၅၀၀၀ ကျော်မြင့်မားလှပေရာ လူသားတို့အတွက် အသက်ရှူရန်ပင် လွန်စွာပင်ပန်းလှပါတယ်။ ဒါ့အပြင် ဆီးနှင်းဒဏ်နှင့် ရေခဲမှတ်အောက် ရောက်ရှိနေသော အအေးဒဏ်များကလည်း နေ့ဝက်မျှပင် အသက်ရှင်ရန် ခက်ခဲသော အခြေအနေကို ဖန်တီးထားသကဲ့သို့ ရှိနေပါတယ်။ ဒီလိုအခက်အခဲနဲ့ သဘာဝ အတားအဆီးများကို လေးရက်တိုင်တိုင် အစားအသောက်နှင့် အနွေးအကာမရှိ ဖြတ်ကျော်လွှား နိုင်ခဲ့သည်ကိုလည်း ပြန်တွေးမိတိုင်း မိမိတို့ ကြုံတွေ့ရတဲ့ အသက်ဘေးအတွက် မိမိတို့ရှင်သန်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးခဲ့တဲ့ အသက်သခင် ကျေးဇူးရှင်များ၊ ဒေသခံတိုင်းရင်းသားများကို ကျေးဇူးတင် ၀မ်းမြောက်ဂုဏ်ယူမဆုံး ဖြစ်မိပါတယ်။

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဟာ ကမ္ဘာ့အလှဆုံးနေရာ၊ ရေခဲများဖုံးလွှမ်းတဲ့ ဒေသ၊ အရှေ့တောင်အာရှ အမြင့်ဆုံးတောင်များရှိတဲ့အရပ်၊ ရိုးသားဖြူစင်တဲ့ တိုင်းရင်းသားတို့ နေထိုင်ရာ ဒေသဖြစ်တဲ့အပြင် လွန်ခဲ့တဲ့ ၆ နှစ်ခန့်ကတည်းက မိမိတို့ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ မြို့ပြနဲ့ အဆက်အဆံဝေးကွာလွန်းတဲ့ သွေးချင်းတို့နေထိုင်ရာ ပူတာအိုရဲ့ ဖွံ့ဖြိုးမှု နှေးကွေးခြင်းတွေနဲ့ နိမ့်ကျနေဆဲ ပညာရေးကြောင့် မိမိတည်ထောင်ခဲ့သော ထူးဖောင်ဒေးရှင်းအနေနဲ့ မိမိတို့တတ်စွမ်းသမျှ ဖေးကူနိုင်စေဖို့အတွက် ဆုံးဖြတ်ရင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတို့ အစဉ်တစိုက်လုပ်ခဲ့တဲ့နေရာဖြစ်ပါတယ်။

မဒွယ်ဖြစ်စဉ်ကြောင့် မိမိခံယူချက်တို့ပြောင်းလဲခဲ့ရပါတယ်။ ဒီမဒွယ်ဖြစ်စဉ်ကြောင့် တိုင်းပြည်နဲ့လူမျိုးအတွက် အသက်စွန့်ပြီး တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်သွားမယ် ဆိုတဲ့သန္ဓိဌာန်လည်း ချခဲ့ပြီး ယခုလည်း မိမိအနေနဲ့ ပူတာအိုတင်မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာ ဖွံ့ဖြိုးမှုနှေးကွေးတဲ့ဒေသတွေမှာ ပညာရေး ကျန်းမာရေး ဒေသဖွံ့ဖြိုးရေး တို့ကို တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။

မဒွယ်ဖြစ်စဉ် နှစ်ပတ်လည်၊ မိမိတို့သေမင်းခံတွင်းဝမှ ဆွဲထုတ်ခဲ့တဲ့ မိမိတို့အတွက် နှလုံးသားနဲ့ထပ်တူ ကူညီကယ်ဆယ်ပေးခဲ့တဲ့ မိမိတို့ကျေးဇူးရှင်များနဲ့ မိမိတို့ရှင်သန်ရေးအတွက် တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေး၊ စိုးရိမ်စိတ်ပူပန်ပေး၊ ဆုတောင်းပေးခဲ့တဲ့ ဘာသာပေါင်းစုံ တိုင်းရင်းသားဒေသခံတွေ ရှိခဲ့ပါတယ်။ ကျေးဇူးရှင် အပေါင်းအား ကျေးဇူးဆပ်တဲ့အနေနဲ့ မိမိနဲ့အတူ ရှင်သန်ရေးအတွက် ရုန်းကန်လက်တွဲခဲ့တဲ့ မဒွယ်မိသားစုဝင်တို့ ဦးစီးပြီး ဒေသခံတိုင်းရင်းသားတို့နှင့် ပူးပေါင်းကာ မိမိတို့ ဒုတိယအကြိမ် ရှင်သန်မှုပိုင်ဆိုင်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ (၃)နှစ်မြောက် နှစ်ပတ်လည်နေ့မှာ မလိခမြစ်လယ် နတ်ကျွန်းစေတီကို ထီးတော်တင်လှူဒါန်းခဲ့ပါတယ်။

မြန်မာပြည်မြောက်ဖျားပိုင်း၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ အင်လွယ်ရံကျေးရွာအနီး မိမိတို့ မဒွယ်မိသားစုနှင့် ဒေသခံများပူးပေါင်းတည်ထား လှူဒါန်းသည့် မလိခမြစ်လယ်ရှိ စူဠာမဏိ (မိန်းဟွေ့) ရေလယ်နတ်ကျွန်းစေတီကို သပ္ပယ်စွာ ဖူးမြင်ရပုံကို မျှဝေပေးလိုက်ပါတယ်။



U Tay Za Facebook