သိသားပဲ

ပို့စ်တင်ချိန် - 5/25/2014 07:48:00 PM



(ဇာဂနာ)

ဇာ၈နာ တို့ တိုင်းပြည်ကတော့လေ သူ့ အိုး နဲ့ အိုးအဖုံးကတော့
သိတ် ကိုလိုက်နေတော့တာပါပဲ။အမြန်လမ်းကြီးက အမြန်လမ်း
မဟုတ်ဖူးဆိုတာကို လူ တွေအများကြီးသေပြီးမှ ၀န်ခံဖော်ရတယ်ဗျ။
ဘယ်လောက်ကောင်းလဲ။ခုမှ ခြောက်လမ်းသွားတွေ ရှစ်လမ်း
သွားတွေ ပြီးတော့ ကွန်ကရစ်တွေ ကတ္တရာတွေ ဘာဖြစ်တယ်
ညာဖြစ်တယ် ဆိုတာတွေထုတ်ပြောလာကြတော့တာပဲ။သေတဲ့
လူတွေကတော့ ပြန် မရှင်တော့ပါဖူးလေ။

ဇာ၈နာ ကတော့ တစ်ခုတော့
မြင်တယ်ဗျ။လမ်းက အကောင်းကြီးပါဗျာ။လမ်းမကောင်းရင် လမ်းမှောက်မှာပေါ့။ခုကကားမကောင်းလို့ ကားမှောက်တာလေ၊
ဟုတ်ဖူးလား။ကဲ ဒါဆို မကောင်းဖူးလား။ပြောမဲ့ပြော အဲသလိုသာ တရားမဲ့ ပြောလိုက်ကြစမ်းပါတော့ဗျာ။ကွေ့ကာ ၀ိုက်ကာ နဲ့  လျောက်ပြောမနေကြပါနဲ့ တော့။

အစိုး၇ကလဲ ကူလီကူမာ တော်တော် ပြောတတ်သလို တစ်ချို့  လူတွေကလဲ တော်တော် ကူလီကူမာ ပြောတတ် လုပ်တတ်
တယ်ဗျာ။ဖွဲ့ စည်းပုံအခြေခံဥပဒေ ဆိုတာ ကြီးကို ပြင်ကိုပြင်ရမယ်၊
မပြင်ရင် တိုင်းပြည် ဒုက္ခရောက်မယ်ဆိုပြီး လေကြီးမိုးကျယ်
ပြောလိုက်ကြတာ၊ဇာ၈နာ ဖြင့်အံ့အားတွေ သင့်လို့ ။စသ်းစားကြည့်လေ။

ညောင် နှစ်ပင် ညီလာခံ ပထမဆုံး စလုပ်ခဲ့ကတည်း က တစ်ရက်မှ မပျက်မကွက် တက်ခဲ့သူတွေက ဒိ စကားပြောနေတာ။
အိုး…..ပိုက်ဆံများ ရှိလို့ ကတော့လေ..အဲဒီပါးစပ်တွေ ရွှေချ ထားလိုက်ချင်တယ်။လောလောဆယ်တော့ ရွှေဖိုး
မတတ်နိုင်သေးလို့  စစ္စေး ပဲ သုတ်ထားပါတော့မယ်။

ဒီ ညောင် နှစ်ပင် ဖွဲ့ စည်းပုံ ကြီးက တကယ့်ကို တိုင်းပြည်ကို
အကျိုးမပေး ဒုက္ခပေးမယ် ဆိုရင် အဲဒီတုန်းကတည်း က မတက် ခဲ့ကြနဲ့ပေါ့။အဲဒီတုန်းကတည်း ကပြောကြပေါ့။ဒီလိုရေးတာ လုပ်တာဟာ
နောင် တိုင်းပြည်ကို ချောက်ထဲကျစေနိုင်ပါတယ် လို့  ပြောခဲ့ကြပေါ့ဗျာ။
ဒါမှ မဟုတ်လဲ NLD သပိတ်မှောက် ထွက်ကထဲက ထွက်လာခဲ့ ကြပေါ့။
ခုတော့ အစ အဆုံး ပြီးအောင်တက်၊ပေးတာ ယူ ပြီး ခုမှ ထ အော်
နေကြတော့ ဇာဂနာ တို့လေ သူတို့လို မျက်နှာရူးချင်လိုက်တာအရမ်းပဲ။

တစ်ခါ ၂၀၀၈ခုနှစ်တုန်းက vote no နဲ့  No Vote ဆိုပြီးဖြစ်ခဲ့
ကြပါသေးတယ်။သိတ် မကြာသေးဖူးဆိုတော့မှတ်မိအုန်းမှာပါ။
ဇာဂနာ တို့ က မှတ်မှတ်ရရ တီ ရှပ် အပြာလေးတွေ လက်ဆောင် လိုက်ပေးဖူးပါတယ်။

အဲဒီ တီရှပ်ပေါ်မှာ ကိုရင်လေး က သပိတ် ကို လက်သီးမှာ စွပ်ထားတဲ့ပုံ နဲ့ ပါ။ဖွဲ့ စည်းပုံအခြေခံဥပဒေ ကိုကန့်ကွက်ပါ ဆိုတဲ့ စာတန်းတောင်ပါပါသေး။ဒီတုန်းက အနုပညာရှင်တွေ၊အဲဒီ
ညောင် ၂ ပင် ကိုပုံမှန် တက်ခဲ့တဲ့ဆရာကြီးတွေ က ဇာဂနာ
မလာရ ဆိုပြီး ပိတ်ပင်ခဲ့ကြပါသေးရော့လား။သူတို့ လဲမသေသေး
ကိုယ်လဲ မသေသေးတော့ မှတ်မိကြမှာပါ။

ဒီဖွဲ့ စည်းပုံ အခြေခံဥပဒေ ကို ဇာ၈နာ တို့ ကတော့ အစောကြီး
ကတည်း ကကို လက်မခံနိုင်ခဲ့ပါဖူး။မကြိုက်ခဲ့ပါဖူး။ကိုယ့်မှာ
ရှိသလောက် အင် နဲ့  အား နဲ့ ကန့်ကွက်ခဲ့တာပဲလေ။ဒါပေမဲ့ ဇာဂနာ တို့ ထောင်ထဲရောက်သွားချိန်မှာ အဲသဟာ ကြီးက အတည်ဖြစ်သွား
တာတော့ ဘာမှမတတ်နိုင်တော့ဖူးပေါ့။

မှတ်မှတ်ရရ ထောင်ထဲ
မှာတောင် ဆွေးနွေးခဲ့ကြပါသေးတယ်။ဒါကြီးကို ဘယ်လို လုပ်ပြင်
ကြမလဲ၊ဒါမှမဟုတ်၊ဘယ်လိုလုပ်ဖျက်ကြမလဲပေါ့။အမှန်အတိုင်း
ပြောရရင် ကိုယ်တွေမှာ အကျဉ်းအကျပ်ထဲကဆိုတော့ ဥာဏ်မပွင့်ဖူး
ထင်ပါရဲ့ အဖြေကောင်းကောင်း မရခဲ့ပါဖူး။

ဒါပေမဲ့ ခုတော့ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆိုတာ ရှေ့ တန်း
ရောက်လာတော့ ဖျက်ပစ်ရေး ဆိုတာ နောက်တန်းရောက်သွားတဲ့
သဘောပေါ့နော်။ဇာ၈နာ တို့ လူမျိုးကလဲလေ တည်မိတဲ့ ဘုရား
ဠင်းတ ပဲနားနား ဆိုတဲ့စိတ် မျိုး ရှိတတ်ကြတယ် ခမျ။တစ်ချို့ ကလဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို သွားမထိနဲ့ ၊အန္တရယ် များတယ်။တပ်က အာဏာသိမ်းသွားနိုင်တယ် ဆိုပြီး ချော့သလိုလို နဲ့ ဝင်ဝင်
ခြောက်တတ်ကြသေးဗျား။

တပ်က အာဏာ သိမ်းချင်ရင် ဖွဲ့ စည်းပုံအခြေခံဥပဒေ မထိလဲ သိမ်းပါတယ်ဗျာ။၁၉၈၈ ခုနှစ်တုန်းက ၈ိုထောင်တွေဖာက်လို့ 
ဆိုပြီး အာဏာ သိမ်းတာပဲ မဟုတ်လား။အမှန်ကတော့ ဇာ၈နာ တို့ စကား ပြင်ပြောကြရအောင်ပါ။(အာဏာသိမ်းခိုင်းတာ)လို့ ။
ဟုတ်တယ်လေ။ဒိတုန်း ကနားသွားပြီဖြစ်တဲ့ ဦးနေ၀င်း အိမ်ကို
သွားကြပြီး အဖေကြီး ကျွန်တော် တို့ ဘယ်လိုလုပ်ရမလဲဆိုတော့
တပ်က အာဏာ သိမ်းလို့  ဟို က ခိုင်းလိုက်တာလေ။

ုဒေါက်တာ
မောင်မောင် က အာဏာသိမ်းဖို့ စာကို သူ့ လက်ရေး နဲ့ ရေးပေး
တာလေ။ကြေညာချက်တွေကို ဒေါက်တာမောင်မောင် ကိုယ်တိုင်
ရေးပေးခဲ့တာလေ။ဒိတုန်းက ဒေါက်တာ မောင်မောင်က သမ္မတ ဗျ။

ဒီတော့ ဒါဟာ အာဏာသိမ်းတာ မဟုတ်ပါဖူး။(အာဏာသိမ်း
ခိုင်းတာပါ။)၁၉၆၂ခုနှစ်တုန်းကလဲ ပြည်ထောင်စုင်္ကြီး ပြိုကွဲံမှာစိုးလို့ 
ဆိုပြီး တပ်က အာဏာသိမ်းဖူးတယ်လေ။အမှန်က မြန်မာ့အသံ
လှေကားထစ်မှာ ၀န်ကြီးချုပ် ဦးနုက ရှမ်းတိုင်းရင်းသားခေါင်းဆောင်
စ၀်ခွန်ချိုကို (ချို..ကျွန်တော် တို့ မျှော်မှန်းခဲ့တဲ့ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ်ကြီး အောင်မြင်ပြီဗျ) လို့  လက်ဆွဲ နှုတ်ဆက်ပြောခဲ့တာ ၁၉၆၂ မတ်လ(၁)ရက်နေ့ပါ။

အဲဒီတုန်းကတည်း ကဖက်ဒရယ်ပြည်ထောင်စု ဆိုတာကြီးဖြစ်ခဲ့ရင် ကချင်တွေ၊ကရင်တွေ လဲ တပ်တွေဖွဲ့ ပြီး စစ်တိုက်
ခဲ့ကြမှာ မဟုတ်သလို ၇ခိုင်ပြည်နယ်မှာလဲ ဘင်္ဂလိတွေ သောင်းကျန်း
ရဲမှာ မဟုတ်ပါဖူး။ဒါပေမဲ့  ၁၉၆၂ ခုနှစ် မတ်ခ်ျလ(၂)ရက်နေ့လဲ
ရောက်ရော တပ်က အာဏာသိမ်းတော့တာပဲလေ။ဖက်ဒရယ်
ပြည်ထောင်စုရဲ့ပထမဆုံးသမ္မတ လုပ်မဲ့ ဆမားကြီး တောင် ရန်ကုန်ကို လာတာ ရထားပေါ်မှာပဲ ရှိပါသေးတယ်။ဒီတော့ တပ်ဆိုတာ လိုချင်ရင် သိမ်းတာပဲ မဟုတ်လား။

ခုလဲ တပ်က သိမ်းထားတာပဲလေ။သမ္မတ က စ လို့  လွှတ်တော် နာယကတွေရော ဥက္ကဌ တွေရော တပ်က လာတာတွေပဲ မဟုတ်လားဗျာ။ဒီတော့ တပ်က အာဏာ သိမ်းမှာ ကို မကြောက်ကြပါနဲ့ ။
ခု လဲ တပ်က ပဲ သိမ်းထားတဲ့ဟာ။အစိုးရအဖွဲ့ ကလဲ တပ် ပဲ။
လွှတ်တော် လဲ တပ်ပဲ။ခရိုင်အုပ်ချုပ်ရေးလဲ တပ်ပဲ။မြို့ နယ် အုပ်ချုပ်ရေး
လဲ တပ်ပဲ။ရုပ်မြင်သံကြားလဲ တပ်ပဲ။သတင်းစာလဲ တပ်ပဲ။ တပ် လဲ
တပ်ပဲ။ (တပ်ပဲတပ် နိုင် ကြပါတယ်၊မောင်တို့ ယောကျာင်္းတွေ ရယ်
ဆိုတဲ့ သီချင်း ကို က နိမိတ်ပြခဲ့သလား မသိပါဖူး။)

ဒီတော့ ဇာ၈နာ တို က တပ်က အာဏာ သိမ်းမှာကိုလုံးဝ မကြောက်ပါဖူး။
တပ် အုပ်ချုပ်မှုအောက်မှာ နှစ် ငါးဆယ်လုံးလုံး နေခဲ့ရတာ ကျင့်သားများတောင် ရလို့ ပေါ့။

ဘယ်လိုနေရမယ် ဘယ်လိုစားရမယ် ဘယ်လို ပြောရမယ် ဆိုတာ ကောင်းကောင်း သိပါတယ်ဗျာ။တပ် အထာ လောက်တော့ အပျော့ပေါ့။ဒါကြောင့်တပ် အာဏာ သိမ်းမှာတော့ မကြောက်ရေးချ မကြောက်။အဲ (ပါးစပ် အာဏာသိမ်းမှာတော့)ကြောက်ပါသဗျာ။
တိုင်းပြည်မှာ ပါးစပ် အာဏာသိမ်းခဲ့တာ ကြာပေါ့၊တစ်ခါမှ လဲ အောင်မြင်တယ် မကြားဖူးပါဖူး။သိသားပဲ။ခင်ဗျား ဘာပြောမယ် ဆိုတာကို။

ဇာဂနာ

၁၇။၅။၂၀၁၄
( ပဲ့တင်သံဂျာနယ်ပါ ဆောင်းပါး )
Posted From Kyaw Swar Myint