လင်းပိုင်များနှင့်အတူ ဆော့ကစား ပျော်ရွှင်နေခဲ့သည့် တယ်ရီ

ပို့စ်တင်ချိန် - 5/25/2014 10:17:00 AM





ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် အင်္ဂလန် ကစားသမားများ အပြင်းအထန် လေ့ကျင့်ပြီး အလုပ်များနေစဉ်တွင် အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီကမူ အမေရိကန်သို့ သွားရောက်ကာ လင်းပိုင်လေးများနှင့် အပန်းဖြေရင်း ပျော်ရွှင်လျှက်ရှိသည်။ တယ်ရီသည် လူမျိုးရေး ခွဲခြားမှု တစ်ခုအတွက် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)၏ စွဲချက်နှင့် ရင်ဆိုင်ခဲ့ရပြီး ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပြီးနောက်ပိုင်း အင်္ဂလန်အတွက် မကစားပေးတော့ရန် စိတ်ပိုင်းဖြတ်ခဲ့သည်။

လက်ရှိ အင်္ဂလန် မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်၏ အသင်းတွင် ခံစစ်၌ အကောင်းဆုံး ဦးဆောင်နိုင်သော ကစားသမားမျိုး ခေါင်းပါးနေရာ ချယ်လ်ဆီး အသင်းခေါင်းဆောင် အနေဖြင့် အင်္ဂလန် ဂျာစီကို တစ်ကျော့ပြန် ဝတ်ဆင်သင့်ကြောင်း တောင်းဆိုမှုများ ရှိခဲ့သည်။ သို့သော်လည်း တယ်ရီက ဆုံးဖြတ်ချက်ကို မပြင်တော့ချေ။ ယခုအခါတွင်မူ ဘောလုံးရာသီအပြီး အားလပ်ရက်ကို ဖလော်ရီဒါ၌ အပြည့်အဝ ခံစားနေခြင်း ဖြစ်သည်။ ချယ်လ်ဆီးနှင့် လောလောလတ်လတ် (၁)နှစ်သက်တမ်းတိုး စာချုပ်ထားသည့် အသက်(၃၃)နှစ်အရွယ် ဗဟိုခံစစ်သမားသည် လင်းပိုင်လေးများ၏ သင်လွယ်တတ်လွယ် ရှိမှုကို သဘောကျနေသည်ကိုလည်း တွေ့ရသည်။

ဖလော်ရီဒါရှိ Discovery Coveတွင် အဆိုပါ ယဉ်ပါးလှသည့် နို့တိုက်သတ္တဝါလေးများနှင့် တယ်ရီတစ်ယောက် ပျော်ရွှင်နေချိန်တွင် အင်္ဂလန် အသင်းမှာမူ ပေါ်တူဂီ၌ စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်နေသည်။ တယ်ရီ၏ ချယ်လ်ဆီး အသင်းဖော် အက်ရှ်လေကိုးလ်သည်လည်း ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန်အသင်း လူစာရင်းတွင် ပါဝင်ခွင့် မရခဲ့သည့်နောက် နိုင်ငံလက်ရွေးစင် ဘဝမှ အပြီးတိုင် အနားယူပြီဖြစ်ကြောင်း ကြေညာထားသည်။

Planet Myanmar Network