ပေါ်တူဂီ၏ လေ့ကျင့်ခန်း အစီအစဉ်တွင် ပါဝင်နိုင်ခဲ့ခြင်း မရှိသည့် ရော်နယ်ဒို

ပို့စ်တင်ချိန် - 6/14/2014 01:43:00 PM


ခရစ္စတီယာနို ရော်နယ်ဒိုသည် ကြာသပတေးနေ့က ပေါ်တူဂီအသင်းနှင့် လေ့ကျင့်ခန်း ပြုလုပ်ခဲ့ရာတွင် အပြည့်အဝ ပြုလုပ်နိုင်ခဲ့ခြင်း မရှိဘဲ အရှင်းမပျောက်သေးသည့် ဒဏ်ရာကြောင့် လေ့ကျင့်ရေးကွင်းမှ ထွက်ခွာခဲ့ရကြောင်း သိရသည်။
ရီးယဲမက်ဒရစ် တိုက်စစ် ကစားသမားသည် အရွတ်စုတ်ပြဲ ဒဏ်ရာကြောင့် ရုန်းကန်နေရသော်လည်း အင်္ဂါနေ့က အိုင်ယာလန်ကို ၅-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပေါ်တူဂီ၏ ခြေစမ်းပွဲတွင် ၆၆ မိနစ် ပါဝင်ကစားခဲ့သည်။
ထို့နောက်တွင် အသက် ၂၉ နှစ်အရွယ် ကစားသမားက မိမိအနေဖြင့် ၉၉.၉ ရာခိုင်နှုန်း ကြံ့ခိုင်နေပြီဟု ပြောကြားခဲ့သည်။ သို့သော်လည်း ကြာသပတေးနေ့က အသင်းနှင့် လေ့ကျင့်ခန်း ပြုလုပ်ရာတွင် ရော်နယ်ဒိုမှာ ၎င်း၏ ဘယ်ဘက်ဒူးခေါင်းတွင် ရေခဲကပ်ကာ လေ့ကျင့်ရေးကွင်းမှ ထွက်ခွာခဲ့ရသောကြောင့် တနင်္လာနေ့တွင် ဂျာမနီနှင့် ကမ္ဘာဖလား အဖွင့်ပွဲစဉ် ကစားရမည့် ပေါ်တူဂီအတွက် ခေါင်းခဲစရာ ဖြစ်လာခဲ့သည်။
Ballon d’Or ဆုရှင် ရော်နယ်ဒိုသည် အက်သလက်တီကို မက်ဒရစ်ကို အနိုင်ရခဲ့သည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ် နောက်ပိုင်းတွင် ဒဏ်ရာပြဿနာများနှင့် လုံးပမ်းခဲ့ရသည်။

Soccer Myanmar