လူသားရဲ့ ဂုဏ်သိက္ခာ

ပို့စ်တင်ချိန် - 6/14/2014 01:36:00 PM


တစ်နေ့ တစ်နေ့၊ ရန်ကုန်သူ ရန်ကုန်သားတွေ ပျားပန်းခတ်မျှ လှုပ်ရှား သွားလာနေကြတဲ့ ပုံစံက သွားသုတ် သုတ် လာသုတ်သုတ်၊ စားသုတ်သုတ်နဲ့  သုတ်သီး သုတ်ပြာ ဖြစ်နေကြတာ။ ဘာ နဲ့တူသလဲ ဆိုတော့ ပျားအုံထဲက ပျား ပိတုန်းလေးတွေ လိုပါပဲ။ အချိန်ကြောင့်၊ အလုပ်ကြောင့်၊ ငွေကြေးကြောင့် ပျာယိ ပျာယာ၊ သုတ်သီး သုတ်ပြာ ပုံစံတွေနဲ့ ဘဝက နေသား ကျနေကြတာပါ။ ဒီထဲ ကမှ ရန်ကုန်လူထု ရဲ့ ပျာယာ အခတ်ဆုံး လူတန်းစားကို ပြောပါ ဆိုရင်တော့ ကား ဒရိုင်ဘာတွေ နဲ့ စပါယ် ယာတွေပါလို့ ကျွန်မကတော့ လက်ညှိုး ထိုးပြမိမှာပဲ။
 နေ့စဉ်နဲ့အမျှ လမ်းမတွေပေါ်မှာ လုယက်မှုတွေ ဖြစ်နေကြတာ။ မှတ် တိုင်မှာ ခရီးသည်ကို အလုအယက် တင်၊ အလုအယက် မောင်း၊ ရှေ့ကကားကို အလု အယက် ကျော်တက်၊ ကားတစ်စီး စာ နေရာရဖို့ အတင်း အဓမ္မ ခေါင်းဝင် တိုး၊ နောက်ကား ပါလာပြီဆို ခရီးသည် ကို အတင်း တွန်းတင်၊ အတင်းဆွဲချ၊ မီး ပွိုင့်လွတ် ဖို့၊ ကျောင်းဆင်းချိန်၊ ရုံးဆင်း ချိန်မီဖို့၊ အလုအယက် မောင်းနေကြ တာ၊ ကမ္ဘာမှာမြန်မာနိုင်ငံ ပဲ ရှိမယ်ထင် ပါတယ်။
 လောကမှာ သူတို့ပဲ အရေးတကြီး ရှိကြတဲ့ ဟန်မျိုးနဲ့၊ သူတို့လောက် စိုးရိမ် တကြီး ဖြစ်နေကြတာလည်း သူတို့ပဲ။ ဘာတွေကို အရေး တကြီး ဖြစ်နေပြီး၊ ဘာတွေကို စိုးရိမ်သောက ဖြစ်နေရ သလဲတော့ မသိဘူးပေါ့။ စပါယ်ယာရဲ့ မျက်စိက ကျီးကန်း မျက်စိလို ရှေ့ကြည့်၊ နောက်ကြည့်၊ ဘေးကြည့်၊ ဝဲယာကြည့် နဲ့ ယာဉ်အန္တရာယ် စိတ်ချ ရဖို့ ကြည့်တာ ထက် ”ရှေ့က ကားက တစ်နှစ်လေး၊ အဓိပတိ နောက်မှာပါလာပြီ။ မေတ္တာလှိုင်း နဲ့တော့ ရှေ့မှတ်တိုင်မှာ ငြိနိုင်တယ်” စသည်ဖြင့် ခရီးသည်တွေ အတွက် ထက် သူတို့အကျိုးစီးပွား အတွက် သူတို့ ကြည့် နေကြတာပါ။ စိုးရိမ်နေကြတာပါ။
ကားခတောင်းတဲ့ အချိန်လေးမှာ တော့ ခရီးသည်ကို ဂရုစိုက်ကြပါတယ်။ ကျန်တဲ့ အချိန်မှာတော့ လူစင်စစ်ကနေ ဆန်ကောထဲက ဆီးဖြူသီး လိုပဲ လိမ့်နေ နေ၊  လှည့် မကြည့်အား၊ သူတို့ခေါက်ရေ များဖို့ကိုပဲ ခေါင်းထဲမှာရှိကြတယ်။ ကား ပေါ်မှာ ခရီးသည် အပြည့်ပါမလာရင် စပါယ်ယာရော၊ ဒရိုင်ဘာပါ မျက်စိမျက် နှာပျက်နေကြပြီ။ စပါယ်ယာ က ဒေါသ ကုမ္မာရ မျက်နှာပေးနဲ့ နဂိုက မရှည်တဲ့ စိတ်က ပိုလို့တိုပြီး ယောက်ယက် ခတ်နေ တော့တာ။ ဆပ်ပြာသည် လင်ပျောက်လို့ ပျာယာခတ်နေတယ် ဆိုတာ သူ့လိုနေ မှာပဲလို့ တွေးကြည့် မိပါတယ်။ တချို့ စပါယ်ယာတွေ ကျတော့ လူကသာငယ် တာ၊ ဆရာကြီးဂိုက် နဲ့ ဟောက်စား လုပ် ချင်သေးတာ။ လူကြီး လူကြီးမှန်း မသိ။ ဂါရဝတရား ဆိုတာကို လျစ်လျူရှု ထားကြ ပြီလား၊ မေ့ထားပစ် ကြပြီလား ဆိုတာ စဉ်းစားစရာပါ။
သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် ရှာဖွေ စားသောက်ကြ ရတာချင်း အတူ တူ၊ သူတို့ ဝမ်းကပဲ ပိုပြီးကြီးနေ၊ ကျယ် နေတယ်လို့ ထင်မှတ်နေကြ သလား မသိ။ မနက်လည်း ရုံးချိန်၊ ကျောင်းချိန် လေးမို့ ပျာယာခတ်၊ ညနေလည်းရုံး ဆင်းချိန်၊ ကျောင်းဆင်းချိန်မို့ ပျာယာ ခတ်၊ နေ့ခင်းဘက် ကျတော့လည်း လူပါး လို့ဆိုပြီး ရှေ့ပေါက်ကနေ လူခေါ်လိုက်၊ နောက်ပေါက်ပြေး အော်ခေါ်လိုက်နဲ့ အူလျားဖားလျား ဖြစ်နေတာပါပဲ။ ညဘက် ကျတော့လည်း အေးအေးလူလူ ရှိပြီလို့ များ မထင်လိုက် နဲ့။ နောက် ကားပါလာ လို့၊ ရှေ့ကားကို အမီလိုက်ဖို့ အကြောင်း ပြချက်တွေနဲ့ ဟောဟော ဒိုင်းဒိုင်းမောင်း တော့တာပါပဲ။ ကဲ၊ မိုးလင်းကနေ မိုး ချုပ်တဲ့အထိ သူတို့လောက် ဗျာများပြီး ပျာယိ ပျာယာဖြစ်နေကြတဲ့သူ ဘယ်သူရှိ ဦးမလဲ။
တစ်နေ့တစ်နေ့၊ သူတို့ရဲ့ ကုန်ကျ စရိတ်ကလည်း အများသားပဲ။ မြောက်ဒ ဂုံကနေ ဆူးလေ မရောက်မချင်း မှတ် တိုင်မှာ ကွမ်းယာဝယ်တာ သုံးခါလောက် ရှိမယ်။ တစ်နေ့ ငါးခေါက်ဆိုရင် အသွား အပြန် ၁ဝ ခေါက်မှာ ကွမ်းဖိုးက ဘယ် လောက်များ ရှိကြမလဲ။ နေ့စဉ်ထုတ် သတင်းစာကို ဝယ်ဖတ်၊ မဖတ်တော့ မသိဘူး။ ကွမ်းယာ ကျတော့ စပါယ်ယာ နဲ့ ဒရိုင်ဘာတို့ သူ့ထက်ငါ အပြိုင်စားနေ ကြသလား မှတ်တယ်။ ကွမ်းတံတွေး မထွေးရလို့ သာဆိုတယ်။ သူတို့ပဲ ကား ပေါ်ကနေ ထွေး ချနေကြတာ။ ကလေး တွေ၊ ကျောင်းသားငယ်တွေ အတွက် အ တုမြင် အတတ်သင် ဆိုသလိုပါပဲ။ တချို့ မှတ်တိုင်တွေ မှာ စပါယ်ယာက ပိုက်ဆံ လိပ်ကလေး လှမ်းပေး ရသေးတာ။ ဘာ အတွက် လဲတော့ မသိဘူးပေါ့။ ထမင်း ဖိုး၊ လက်ဖက်ရည်ဖိုး၊ ကွမ်းဖိုး၊ ဘီယာဖိုး၊ ရေဘူးဖိုးနဲ့ တချို့ စမောလေး ရှိရင် စမောလေးဖိုး နဲ့ဆို သူတို့ရဲ့ ကုန်ကျ စရိတ်က မသေးရှာဘူး။
သဘောမနောကောင်းတဲ့ ယဉ်ကျေးတဲ့ စပါယ်ယာ၊ ဒရိုင်ဘာတွေနဲ့ တွေ့ရရင်တော့ စိတ်ချမ်းသာ ရပါတယ်။ တချို့ စပါယ်ယာ ကျတော့ တစ်လမ်း လုံး လိုအပ်မှ သာပြောတဲ့၊ နှုတ်နည်းတဲ့ အတွက် ဒရိုင်ဘာတွေက မကြိုက်ပြန် ဘူး။ မှတ်တိုင်မှာ လူရှိရှိ၊ မရှိရှိ နား ညည်းလောက်အောင် အော်ခေါ်နေမှ ခရီးသည်ကို တွန်းတွန်း ထိုးထိုးနဲ့ အော် ဟစ်ငေါက်ငမ်းနေမှ စပါယ်ယာ ပီသ တယ်ဆိုပြီး သဘောကျလေရဲ့။ နှုတ် နည်းတဲ့ စပါယ်ယာကို ကားမောင်းရင်း နဲ့ မကျေမနပ် အော်ဆဲနေတတ်တဲ့ ဒရိုင် ဘာ မျိုးတွေကို တွေ့ရတော့လည်း သြော်..ဒုက္ခ၊ ဒုက္ခလို့ပဲ ညည်းတွားမိ ရပါတော့တယ်။
ဒရိုင်ဘာ ပဲဖြစ်ဖြစ်၊ စပါယ်ယာပဲ ဖြစ်ဖြစ် တစ်နေ့တာ လုပ်အားခကို သတ် မှတ်ကြေးထက် ပိုပြီး လိုချင်ကြတာ လူ့ သဘာဝပါ။ ဒါပေမဲ့ တရားမဲ့ပြီး မဟား ဒရားပုံစံနဲ့ ကျတော့ ယာဉ် တိုက်မှုတွေ ဖြစ်ကုန်ကြပြီ။ တစ်နှစ်ထက်၊ တစ်နှစ်၊ ယာဉ် မတော်တဆမှုတွေကြောင့် လူတွေ သေပျောက်ကြတာ များများ လာကြပြီ။ ဘတ်စ်ကား နဲ့မကင်းနိုင် ကြတဲ့ ခရီးသည် တွေအတွက်တော့ အသက် အန္တရာယ်လုံ ခြုံ စိတ်ချရဖို့က  ကားပေါ်မှာ ဘုရားစာ ဆိုရုံမှ တစ်ပါး ဘာများ တတ်နိုင်ကြဦးမှာ လဲ။ ကားပေါ်မှာ ”လောဘနဲ့သေ ငရဲ ပြည်”လို့ သတိပေးစာကို သူတို့ အတွက် (စပါယ်ယာနဲ့ ဒရိုင်ဘာ) ကပ်ထားရမှာ။
နိစ္စဓူဝ၊ ဘတ်စ်ကား စီးရတဲ့ ဘဝ မှာ ကျွန်မက ထုသားပေသား ရနေပါ ပြီ။ တော်ရုံတန်ရုံလောက် ကတော့သည်း ခံလိုက်၊ လျစ်လျူရှု လိုက်တာပါပဲ။ မိုက် ရိုင်းတဲ့ စပါယ်ယာမျိုး နဲ့တွေ့ရင်တော့ အသံမထွက်ဘဲ ကျိန်ဆဲမိတာလည်း ရှိ တာပေါ့လေ။ ဘာပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ် ကိုယ် ခန္တီပါရမီ အသင့်အတင့်တော့ ရှိ လာပြီလို့ ထင်ထား ခဲ့မိတာ။ တစ်ရက် မှာတော့ ရန်ကင်း ၁၂ လုံးတန်း မှတ် တိုင်ကနေ ၁ဝ၇ မီနီဘတ်စ်ကား အ သေးကို စီးလာခဲ့တာ။ ကျောင်းရှေ့ မှတ် တိုင်မှာ ဆင်းမယ် လုပ်တော့ ကားက မရပ်ဘဲ လှည်းတန်း မီးပွိုင့်ကျမှ ကားကို ရပ်ပေးတယ်။ ဘာဖြစ်လို့ မှတ်တိုင်မှာ မရပ်တာလဲလို့ ကျွန်မက မေးတော့ စပါယ်ယာက ”မီးပွိုင့်မိနေလို့ ဒီကပဲ ဆင်းလျှောက် လိုက်ပါ” တဲ့။ သူ့ဘက်က ဘာမှ မမှားသလို လေသံမျိုးနဲ့ အပေါ် စီးက ပြောလိုက်တာ။ ကျွန်မ အပါအဝင် သုံးယောက်က မီးပွိုင့် အလယ်ကောင် ကနေ နောက်ကားတွေ ကို ကြည့်ရှောင် ပြီး မှတ်တိုင်ဆီကို ပြန်လျှောက်ခဲ့ ရတယ်။ အမြဲလိုလို ရေငုံနှုတ်ပိတ်နေ တတ်တဲ့ ကျွန်မက ကားပေါ်က ဆင်းဆင်းချင်း စပါယ်ယာ ကို ပြန်အော်ခဲ့မိသေးတယ်။ ”နင်တို့ကို တိုင်မယ်” လို့။
ကျွန်မ ဒေါသလည်း ထွက်၊ ရှက် လည်း ရှက်မိပါတယ်။ လမ်းပြန်လျှောက် ရတဲ့ အဖြစ်က ဘာမှ အပန်းမကြီးလှ ပေမယ့်၊ ဒီလုပ်ရပ် က လူ့တန်ဖိုးကို နှိမ့် ချတာလို့ ခံစား ရပြီး ဝမ်းနည်းမိသွားတာ ပါ။ လူသားထက်ကို ပိုပြီး ဘာက အရေး ကြီးနေတာလဲ။ မှတ်တိုင်မှာ တစ်ယောက်ပဲ ဆင်းဆင်း၊ သုံးယောက်ပဲ ဆင်းဆင်း။ ခဏလေးရပ်ပေး ဖို့ကို အချိန် မပေးချင် တော့တာ ဘာကြောင့်လဲ။ လူသားရဲ့ တန်ဖိုးထက် မီးပွိုင့်မှာ ကိုယ့်ကားကိုထိပ် ဆုံးကနေရာယူ ဖို့က ပိုပြီး အရေးကြီးသ တဲ့လား။ ကျွန်မတို့ရဲ့ လူ သားဖြစ်တည် မှုက ရှုံးလိုက်တာလို့ တွေးမိပြီး အဲဒီနေ့ က ကျွန်မ ရှက်လို့မဆုံးတော့။
လူ့ယဉ်ကျေးမှုကြီးမှာ လူကို လူ လို ဆက်ဆံပြီး တန်ဖိုးမထားကြရင် တခြားဘာကို တန်ဖိုးထားပြီး ဆက်ဆံ ကြမှာတဲ့လဲ။ ”ထမင်းကျွေးသော လက် ကိုမကိုက်ပါနဲ့” ဆိုတဲ့ စာတန်းကို ဘတ်စ် ကားတွေပေါ်မှာ ကပ်ထားကြတယ်။ ”လူသားရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထား ပါ” လို့ စာကပ်ထား ရလောက်အောင် ကျွန်မ တို့ရဲ့ မျိုးဆက်တွေက ညံ့ ကုန်ကြ ပြီတဲ့လား။
ခွန်းဆင့်သူသူ          
Popular Myanmar