မဟာ သန္တိသုခ ကျောင်းတော်ကြီး အကြောင်း တစေ့တစောင်း

ပို့စ်တင်ချိန် - 6/14/2014 10:54:00 AM


၁၉၉၅ ခုနှစ်တွင် ပီနန်ဆရာတော်ကြီးအား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်၍ လာရောက်ယူစဉ် ဦးစောမြင့်မှ အသက်ကြီးလာလျှင် ဆရာတော်ကြီး သီတင်းနေထိုင်ရန် ကျောင်းတစ်ကျောင်း ဆောက်ပါရန် လျှောက်ထားခဲ့သည်။ ဆရာတော်ကြီးမှ ဘုန်းကြီးအတွက် မလိုဘူး။ ဆောက်ချင်ရင် ပြည်ပသာသနာပြုလေ့ကျင့်ရေးကျောင်း ဆောက်ချင်တယ်ဟု မိန့်ကြားသည်မှ စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ကျောင်းတော်ကြီးကို ပြည်တွင်းပြည်ပစေတနာရှင်များ၏ လှူဒါန်းငွေနှင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းတော်ကြီးကို နဝတ တာဝန်ရှိသူများမှ ရေစက်ချလှူဒါန်းခဲ့ပါသည်။ ဦးသန်းရွှေနှင့်အတူ လူမမယ် ဖိုးလပြည့်လည်း ပါဝင်ရေစက်ချခဲ့ပါသည်။ ထိုဒီဇင်ဘာလမှာပင် ပြည်ပသာသနာပြု ရဟန်းတော်များကို သတင်းစာမှတဆင့် ခေါ်ယူခဲ့ပါသည်။ ဝင်ခွင့်ကို အင်္ဂလိပ်ဘာသာဖြင့် ဖြေဆိုခဲ့ရပါသည်။ တာမွေမြို့နယ်ထဲမှ အထက်တန်းကျောင်းတခုတွင် ဖြစ်ပါသည်။ ရဟန်း သီလရှင်အပါး ၁၀၀ ကျော် ဖြေဆိုခဲ့ရာ ၄၄ ပါး ရေးဖြေအောင်မြင်ခဲ့ပါသည်။ နှုတ်ဖြေ အင်္ဂလိပ်ဘာသာဖြင့်ပင် ဖြေဆိုခဲ့ရပြီး ရဟန်းတော် ၂၁ ပါးနှင့် သီလရှင် ၅ ပါး ရွေးချယ်ခဲ့ပါသည်။ နောက်မှ တရုတ်သီလရှင် ၁ ပါး လာရောက် သင်တန်းတက်ရောက်ခဲ့ပါသည်။ ရဟန်းတော် ၁ ပါး ကျန်းမာရေးမကောင်းသောကြောင့် သင်တန်းမှ နှုတ်ထွက်ခဲ့ပါသည်။

၂၀၀၂- ခုနှစ်တွင် သင်တန်းပြီးဆုံးခဲ့ပြီး ရဟန်းတော် ၆ ပါးကို ထိုင်ဝမ်သို့လည်းကောင်း၊ ၂ ပါးကို အမေရိကန်သို့လည်းကောင်း၊ ၂ ပါးကို နယူးဇီလန်သို့လည်းကောင်း သာသနာပြုစေလွှတ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် ဆရာတော်ကြီးမှ သင်တန်းဆင်းလက်မှတ်နှင့် အတွင်းရေးမှူး ၁ ဦးခင်ညွန့်မှ ခရီးဆောင်အိတ်တလုံးစီ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆရာတော်ကြီးမှာ ပြည်ပတွင်သာ အနေများပြီး သင်တန်းဖွင့်ပြီးသည်မှ သင်တန်းဆင်းသောအခါမှ ဤကျောင်းတော်ကြီးသို့ ပြန်လည်ကြွရောက်ခဲ့ပါသည်။

ဆရာတော်ကြီး ပြန်လည်ကြွရောက်လာစဉ် ကျောင်းတော်ကြီး၏ ဥပဌာက ဥက္ကဌအဖြစ် ဆောင်ရွက်နေသော ဦးစောမြင့် (မဆလခေတ် ရာတန်များ ငွေမဲ မကြေညာမီ သတင်းပေါက်ကြားမှုဖြင့် ပြုတ်ခဲ့၊ မဟေသီမဂ္ဂဇင်းတိုက်ပိုင်ရှင်၊ ယခု သေဆုံးပြီး) အား ခင်ဗျား ဥက္ကဌရာထူးမှ နားတော့ဟု ပြောဆိုခဲ့ပါသည်။ ဆရာတော်ကြီး၏ နိုင်ငံအသီးသီး၌ ရှိသော ကျောင်းတိုက်အားလုံး၏ စည်းမျဉ်းတွင် ဂေါပက ဥက္ကဌတာဝန်ကို ၂ နှစ်သာ ထမ်းဆောင်စေပါသည်။ ထိုသို့ မိန့်ကြားပြီး ဆရာတော်ကြီး ပြည်ပသို့ ပြန်လည်ကြွသွားခဲ့ပါသည်။

ဦးစောမြင့် ဥက္ကဌရာထူးမှ နားရန်ဖြစ်လာသောအခါ ငွေစာရင်းများ ရှင်းရန်ကိစ္စ ပေါ်ပေါက်လာပါသည်။ ငွေစာရင်းများ အဓိကကိုင်တွယ်နေသူမှာ ဦးတင်ရွှေ (ဗိုလ်မှူးငြိမ်း၊ ဦးစောမြင့်၏ ယောက်ဖ) ဖြစ်ပါသည်။ ငွေစာရင်းများ ရှင်းလင်းရန် အခက်ခဲရှိလာခဲ့ပြီး ဦးစောမြင့်နှင့် ဦးအံမောင် (ဘုန်းကြီးလူထွက်၊ ယခင်သာသနာညွှန်ကြားရေးမှူး၊ နအဖခေတ် နိုင်ငံတော်ကောင်စီ အကြံပေး၊ ဦးသန်းရွှေနှင့်ရင်းနှီး၊ ယခု ကမ္ဘာအေးတွင် နေထိုင်ကာ မဟနအား ဆရာလုပ်လျက်ရှိ) နှင့် ပေါင်းမိကာ ၂၀၀၂ ဒီဇင်ဘာလတွင် မဟနဆရာတော်များအား ကျောင်းတော်ကြီးသို့ ပင့်ဆောင်ခဲ့ပါသည်။ ပင့်ရသည့်အကြောင်းမှာ သြဝါဒခံယူရန်ဟု ဆိုပြီး အမှန်တကယ် အခန်းအနားတွင် ကျောင်းတော်ကြီးကို ထိုးအပ်ခဲ့ပါသည်။ မဟန လည်း ဘုမသိ ဘမသိနှင့် လက်ခံခဲ့ရခြင်းဖြစ်ပါသည်။ ထိုစဉ်က မဟန ဥက္ကဌမှာ မကွေးဆရာတော် ဦးကုမာရ ဖြစ်ပေလိမ့်မည်။ RFA နှင့် အင်တာဗျူးးစဉ် မကွေးဆရာတော်မှ ကျောင်းတော်ကြီးကို မဟန သိမ်းတာမဟုတ်ကြောင်း အစိုးရ သိမ်းတာဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။ ဤသို့ဖြင့် ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်တော်မူသော ရဟန်းတော်တို့အား ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ နေ့တွင် မောင်းထုတ်ခဲ့ပါသည်။

အမှန်တကယ်တွင် ကျောင်းတော်ကြီးကို အစိုးရ သိမ်းတာလည်းမဟုတ်၊ မဟန သိမ်းတာလည်းမဟုတ်ဘဲ ဦးအံ့မောင်အကြံနှင့် ဦးစောမြင့် သိမ်းခဲ့ခြင်းသာဖြစ်သည်။ ယခုအချိန်ထိ ဦးတင်ရွှေမှာ ကျောင်းတော်ကြီးတွင် နေထိုင်လျက်ရှိပါသည်။ (ညက အဖြစ်အပျက်မတိုင်မီအထိ)။ ရန်ကုန်မြို့တွင် ဗုဒ္ဓဘာသာညီလာခံ မကျင်းမမီ မလေးရှားသံရုံးမှတဆင့် ဆရာတော်ကြီး ကြွလာရန်နှင့် ကျောင်းတော်ကြီး ပြန်လည်လွှဲအပ်ရန် စီစဉ်ခဲ့ကြပါသည်။ စီစဉ်သူ ဦးခင်ညွန့်မှာ ညီလာခံမတိုင်မီ ပြုတ်သွားခဲ့ပါသည်။ ယခုအခါ နိုင်ငံရေးပွင့်လင်းမြင်သာမှု ရှိပြီထင်၍ ဆရာတော်ကြီးမှ ကျောင်းတော်ကြီး ပြန်ရရန် ကြိုးစားခဲ့ခြင်းဖြစ်ပါသည်။ ဆရာတော်ကြီး နေရန်မဟုတ်ဘဲ သာသနာ့အကျိုးဆောင်ရွက်ရန်သာ ဖြစ်ပါသည်။

စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှ ယနေ့အချိန်ခါကျအောင် စာရင်းရှင်းတမ်း မကြားဘူးပေ။ ၁၁ ထပ်တွင် တယ်လီဖုန်းတာဝါတိုင်များ ငှါးရမ်းထားရှိစေခြင်း၊ ၄ ထပ်တွင် ရုံးခန်းများ ငှားရမ်းထားခြင်း၊ ၂ ထပ်တွင် Video ရိုက်ရန် အခန်းများ ငှားထားခြင်း၊ မြေညီထပ်တွင် မင်္ဂလာခန်းမ ငှားရမ်းခြင်းတို့ဖြင့် စီးပွားရေးလုပ်စားနေကြပါသည်။ ထိုသို့ ဝင်ငွေကောင်းနေပါသောကြောင့် ကျောင်းတော်ကြီးအား ပြန်လည်မပေးလိုခြင်းသာ ဖြစ်ပါသည်။ မဟာသန္တိသုခမှ မွေးထုတ်လိုက်သော ပထမပတ်သင်တန်းသားများမှ စင်္ကာပူတွင် ၄ ပါး၊ အမေရိကန်တွင် ၂ ပါး၊ ကနေဒါတွင် ၁ ပါး၊ အင်္ဂလန်တွင် ၁ ပါး၊ ထိုင်ဝမ်တွင် ၂ ပါး၊ သြစတြေးလျတွင် ၁ ပါး၊ နယူးဇီလန်တွင် ၂ ပါး၊ ပြည်တွင်း၌ ၄ ပါး သာသနာပြုလျက်ရှိပါကြောင်း …။

ဤ Post တွင် မမှန်မကန် ရေးသားမှုများပါခဲ့သော် မဟာအဝီစိငရဲသို့ ကျပါစေသား။ မှန်မှန်ကန်ကန် ရေးသားထားသည်ရှိသော် ဤဘဝ၌ပင် မဂ်ဥာဏ် ဖိုလ်ဥာဏ် ရ၍ မင်းဆိုးမင်းညစ် အုပ်ချုပ်မှုမှ ကင်းဝေးရာဌာနသို့ ရောက်စေသော် ...။ ။

Ashin Tejinda