အင်းစိန်မြို့နယ်တွင် လူသတ်မှုဖြစ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

၂၂.၂.၂၀၁၄ ရက်နေ့၂၁၃၀ အချိန်တွင် အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ) ရပ်ကွက်နေ ကိုထက်ဝေယံသည် နေအိမ်ရှေ့၌ ဖုန်းပြောနေစဉ် ယခင်က စက်ဘီးငှားသည့် ကိစ္စဖြင့် စကားများခဲ့ဖူးပြီး ၎င်းအားမကျေမနပ်ဖြစ်နေ
သော တစ်ရပ်ကွက်တည်းနေ ဦးလေးတော်စပ်သူ ဦးနိုင်ဝင်းမှ သံတုတ်အားခါးကြားတွင်ထိုး၍ ယူဆောင်လာသည်ကို ကိုထက်ဝေယံ၏ ဖခင်ဦးသန်းအောင်မှတွေ့မြင်သဖြင့် ဦးနိုင်ဝင်းထံသွား ရောက်ကာ လုံးထွေးသတ်ပုတ်စဉ် ဦးနိုင်ဝင်းမှ သံတုတ်ဖြင့်ရိုက်ခဲ့၍ ဦးသန်းအောင်တွင် နဖူးဝဲဘက်၊ နှာခေါင်း၊မေးစေ့တို့၌ ပေါက်ပြဲဒဏ်ရာများ ရရှိကာ သတိလစ်လဲကျသွားပြီး သေဆုံးသွားသောကြောင့် ကိုထက်ဝေယံမှ အရေးယူပေးပါရန် တိုင်တန်းခဲ့ရာ ဦးနိုင်ဝင်းအား အင်းစိန်မြို့မရဲစခန်း (ပ)၁၈၆/၂၀၁၄၊ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ ပါသည်။

ယင်းဖြစ်စဉ်တွင် အပြန်အလှန်လုံးထွေးသတ်ပုတ်ကြရာ၌ ဦးနိုင်ဝင်းတွင် ၀ဲ/ယာလက်မောင်းနာကျင်၊ ၀ဲ/ယာချိုစောင်းပေါက်ပြဲ၊ ၀ဲမျက်ခုံးပွန်းခြစ် ဒဏ်ရာများရရှိခဲ့ပြီး အင်းစိန်ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရသောကြောင့် ဦးနိုင်ဝင်းမှ အရေးယူပေးပါရန်
တိုင်တန်းခဲ့ရာ ကိုထက်ဝေယံနှင့် ဦးသန်းအောင်(သေဆုံး)တို့အား အင်းစိန်မြို့မရဲစခန်း(ပ)၁၈၇/၂၀၁၄၊ ပုဒ်မ ၃၂၅/ ၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ရဲတပ်ဖွဲ့ဝင်များအတွက် ရိက္ခာစရိတ် လာမည့် ဘဏ္ဍာနှစ်တွင် တိုးပေးရန် အစီအစဉ်ရှိဟုဆို


မန္တလေး၊ ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များအတွက် ရိက္ခာစရိတ်ကို လာမည့် ဘဏ္ဍာနှစ်တွင် တိုးပေးရန် အစီအစဉ် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦး က The Voice သို့ ပြောကြားသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များအတွက် ရိက္ခာစရိတ်အဖြစ် တစ်ဦးကို တစ်ရက်လျှင် ၈၀၀ ကျပ်နှုန်း ပေးဆောင် ထားသော်လည်း အဆိုပါ ငွေထက်တိုး၍ ပေးနိုင်ရန် လွှတ်တော်သို့ တင်ပြထားကြောင်း ၎င်းက ပြောဆိုသည်။
“ပြည်ထဲရေး ဝန်ကြီးဌာနကတော့ လွှတ်တော်ကို တင်ပြတယ်ဆိုတာ သိရတယ်။ လာမည့် ဘဏ္ဍာနှစ်မှာ တိုးပေးမယ်လို့လည်း သိရတယ်။ တစ်နိုင်ငံလုံးအတွက် တောင်းထားတာပါ” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အားလုံးအတွက် ရိက္ခာစရိတ်ကို လာမည့် ဘဏ္ဍာနှစ်တွင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ တိုးမြှင့် ပေးသွားမည်ဟု သိရကြောင်း အုန်းချော မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်အဆင့်ရှိသူ တစ်ဦးက ပြောကြားသည်။
“အခုလိုမျိုး ရိက္ခာစရိတ်ကို တိုးပေးမယ်ဆိုတော့ မိသားစုဝင်တွေလည်း အဆင်ပြေသွားတာပေါ့” ဟု ၎င်းကဆိုသည်။

ရဲတပ်ဖွဲ့ဝင်များသည် အမှုလိုက်ရာတွင် လာဘ်ပေးလာဘ်ယူ မရှိစေရန်အတွက် အမှု အမျိုးအစားအလိုက် ထောက်ပံ့စရိတ်ကို ယခုနှစ်ဘဏ္ဍာနှစ် နိုဝင်ဘာလတွင် စတင်ပေးခဲ့ပြီး နယ်မြေအတွင်း ကြိုတင် ကာကွယ်မှု ဖမ်းဆီရမိမှု တစ်မှုလျှင် တစ်သောင်းကျပ်၊ အခြားအမှု ခုနစ်မျိုး (တစ်မှု) သုံးသောင်းကျပ်၊ အမှုကြီး ၁၀ မျိုးအတွက် တစ်မှုလျှင် ငါးသောင်းကျပ်တို့ ချမှတ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

မိတ္ထီလာတွင် အရေးပေါ် လုံခြုံရေး တိုးမြှင့်ခဲ့ရသော လူသတ်မှု စတင်စစ်ဆေး


မိတ္ထီလာ၊ ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် အရေးပေါ် လုံခြုံရေး တိုးမြှင့်ခဲ့ရသော လူသတ်မှုတွင် ပါဝင်ခဲ့သူ သုံးဦးကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စတင်စစ်ဆေးလျက် ရှိကြောင်း ယင်းမြို့နယ်တရားရုံး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ အချိန်က ပြည်သာယာတောင် ရပ်ကွက် (၁) လမ်း အိမ်အမှတ် (က/၄၃) တွင် ဝင်းကိုကို (ခ) ဖိုးပြူး (၂၅) နှစ်နှင့် မယားညီအစ်ကို တော်စပ်သူ အောင်ဇော်ထွေး (၂၀) နှစ်တို့ မိသားစု အိမ်တွင်းရေး ပြဿနာများကို အကြောင်းပြု၍ စကားများ ရန်ဖြစ်ခဲ့ရာ ယင်းရန်ပွဲသို့ ပါဝင်ခဲ့သူ အောင်ဇော်ထွေး၏ အစ်ကိုရင်းဖြစ်သူ ဇော်ထက် (ခ) ဖိုးနီ (၂၄)နှစ်က ဝင်းကိုကို (ခ) ဖိုးပြူးကို အရိုးအသွား ခြောက်လက်မခန့်ရှိ ခလုတ်ဓားဖြင့် ထိုးခြင်း၊ ညီအရင်းဖြစ်သူ ဇော်မျိုးထွေး (၁၄) နှစ်ကလည်း လေးခွနှင့်ပစ်ခြင်း၊ တို့ကြောင့် ဝင်းကိုကို (ခ) ဖိုးပြူးမှာ ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းကြောင့် အောင်ဇော်ထွေးတို့ ညီအစ်ကို သုံးဦးကို အမှတ် (၃) ရဲစခန်းက (ပ)၈/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၂/၁၁၄ ဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းများအရ သိရသည်၊

ယင်းအမှုကို အမှတ် (၃) ရဲစခန်းမှ ဒုရဲအုပ်ထွန်းထွန်းက တရားလိုပြု၍ သက်ဆိုင်ရာ တရားရုံးသို့ တင်ပြခဲ့ရာ မိတ္ထီလာ ခရိုင်တရားသူကြီးရုံး (၂) က ပြစ်မှုကြီး အမှတ် ၄/၁၄ ဖြင့် လက်ခံကာ ပုဒ်မ ၃၀၂/၁၁၄ ဖြင့် ဇော်ထက် (ခ) ဖိုးနီနှင့် အောင်ဇော်ထွေးတို့ကို ရုံးတင်စစ်ဆေးခဲ့ပြီး မိတ္ထီလာမြို့နယ် တရားသူကြီးရုံး (ကလေးသူငယ်ရုံး) က ဇော်မျိုးထွေးကို ပြစ်မှုကြီးအမှတ် ၁/၁၄ ဖြင့် လက်ခံကာ ပုဒ်မ ၃၀၂/၁၁၄ ဖြင့် စတင်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ တရားရုံး အသီးသီးထံမှ စုံစမ်းသိရှိရသည်။

ထိုနေ့ညပိုင်းက ဘာသာမတူသူချင်း လူသတ်မှု ဖြစ်ပွားသည်ဟူသော သတင်းကြောင့် မိတ္ထီလာတွင် ပဋိပက္ခ ထပ်မံဖြစ်ပွားလာမည်စိုး၍ ရဲတပ်ဖွဲ့က အရေးပေါ် လုံခြုံရေး အခြေအနေ တိုးမြှင့်ခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

တွံတေးမြို့နယ်တွင် လုယက်မှုဖြစ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

၂၁.၂.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန် တွံတေးမြို့နယ်နေ ဦးအောင်ကိုဦး
သည် ၎င်းပိုင် ဆိုင်ကယ်ဖြင့် တွံတေးမြို့နယ်၊ ဈေးသစ်ရပ်ကွက်၊ မရမ်းကုန်း(၂)လမ်းထိပ်တွင် အကြော်ဝယ်ပြီးပြန်ထွက်စဉ် အမည်မသိ အမျိုးသား(၁)ဦးမှ ဆိုင်ကယ်အားတားထားခဲ့ကြောင်း၊ထိုစဉ် ဦးသံခဲဆိုသူ
ရောက်ရှိလာကာ ဆိုင်ကယ်နံပါတ်ပြားဘယ်ကရတာလဲဟုပြောပြီး ဆဲဆိုကြိမ်းမောင်းခဲ့ကြောင်း၊ ပြီးနောက် ဦးသံခဲမှ ၎င်း၏ လက်မောင်းအား ဆုပ်ကိုင်တွန်းလိုက်သဖြင့် ယိမ်းယိုင်သွားစဉ် ဦးသံခဲဆိုသူမှ ဆိုင်ကယ်
သော့ကိုယူကာ တူးဘောက်အားဖွင့်၍ အတွင်းမှ ငွေကျပ်(၅၀၀၀၀)အား ယူပြီး အမည်မသိအမျိုးသားအား စောင့်ကြည်နေရန်ပြောဆိုကာ ထွက်ခွာသွားကြောင်း၊ အမည်မသိအမျိုးသားမှ စောင့်ကြည့်နေသဖြင့် ဦးအောင်ကိုဦးမှာကြောက်ရွံ့သောကြောင့် အခင်းဖြစ်နေရာတွင် ဆိုင်ကယ်ကိုထားခဲ့ကာ ပြန်လာခဲ့ရကြောင်းတို့ကို ပြောပြတိုင်တန်းခဲ့
သဖြင့် တွံတေးမြို့မရဲစခန်း (ပ)၆၆/ ၂၀၁၄၊ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အမည်မသိအမျိုးသားတစ်ဦး ရထားတိုက်ခံရသဖြင့်သေဆုံး

ရထားပုံနမူနာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

၂၃.၂.၂၀၁၄ ရက်နေ့ ၀၅၁၅ အချိန် လှိုင်မြို့နယ်၊ ပိတောက်ချောင်း နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လှိုင်မြို့ နယ်၊ (၅)ရပ်ကွက်၊ သီရိမြိုင်ဘူတာနှင့် ချောင်းကူးတံတားအနီး၊ မိုင်တိုင်အမှတ် ၆/၁၀ နှင့် ၆/၁၁အကြားတွင် အမျိုးသားတစ်ဦး ရထားတိုက်ခံရသဖြင့် သေဆုံး
ကြောင်း သတင်းအရသွားရောက်စစ်ဆေးရာ အမည်မသိ၊ အသက် (၅၀)နှစ်ခန့်၊ အရပ်၅ပေ၇လက်မခန့်၊ အသားဖြူ၊ ဆံပင်တို၊ အပြာနုရောင်ရှပ်အင်္ကျီလက်တိုဝတ်ဆင်ထားသည့် ဗမာအမျိုးသားတစ်ဦး
မှာ နဖူးကွဲ၊ ဦးနှောက်ထွက်၊ ယာတံတောင်ဆစ်ပြတ်၊ ယာဒူး၊ ယာခြေဖမိုး ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၀၄၅၀ အချိန်ခန့်က အင်းစိန်မှ ရန်ကုန်မြို့တွင်းသို့
မောင်းနှင်လာသော စက်ခေါင်းအမှတ် DD 918 မင်းသား(၁)ရထားဖြင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ပိတောက်ချောင်းနယ်မြေရဲစခန်း
သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၄)ရေးဖွင့်စစ်ဆေးလျက်ရှိပြီး
သေဆုံးသူအား စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကုန်တင်ယာဉ်မှ ခရီးသည်တင်ယာဉ်အား နောက်ဖက်မှတိုက်မိခဲ့သဖြင့် (၁)ဦးသေ၊ (၃)ဦးဒဏ်ရာရ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

၂၃.၂.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန် လှည်းကူးမြို့နယ်၊ အမှတ်(၂) လမ်းမကြီးအတိုင်း ဇရပ်ကွင်းရွာဘက်မှ ဆားတလင်းကျေးရွာဘက်သို့ ယာဉ်မောင်း အောင်ဆန်းကြည်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသော 4A---- နစ်ဆန်းဒီဇယ် (၁၂)ဘီးကုန်တင်ယာဉ်သည် မိုင်တိုင်အမှတ် (၂၆/၄)အနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ဆည်မြောင်းမှတ်တိုင်၌ ခရီးသည်တင်/ချပြုလုပ်နေ
သော လှည်းကူး-ဒါးပိန်-သင်္ဃန်းကျွန်း ပြေးဆွဲသည့် 6A---- ခရီးသည်တင် ဒိုင်နာယာဉ်၏ နောက်ဖက်အား ၀င်ရောက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် 6A---- ယာဉ်ပေါ်ပါ ခရီးသည် ခလရ(၇၂) လွိုင်ကော်မှ ဗိုလ်ကြီးစောနိုင်ဟိန်းမှာ ယာခြေသလုံးကျိုး၊ ကျောပြင်ညိုမဲ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အခြားခရီးသည် (၃)ဦးတို့တွင် ဖူးရောင်၊ နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ဒါးပိန်ဆေးရုံ၌
ပြင်ပလူနာများအဖြစ် ဆေးကုသမှုခံယူခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကုန်တင်ယာဉ်မောင်း
အောင်ဆန်းကြည်အား ဒါးပိန်နယ်မြေရဲစခန်း ယာဉ်(ပ)၃/၂၀၁၄၊
ပုဒ်မ ၃၃၇/၃၀၄-က ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

သုဝဏ္ဏဘူမိ ရှေးမြို့ဟောင်းမှ အုတ်ခွက် ဘုရားများနှင့် ဂဝံရုပ်တုများတွေ့ရှိ


မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၂

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်ကြီးကျေးရွာနှင့် ဝင်းကကျေးရွာတို့တွင် တူးဖော်နေသည့် သုဝဏ္ဏဘူမိ ရှေးမြို့ဟောင်းကုန်းမှ အုတ်ခွက် ဘုရားများနှင့် ဂဝံရုပ်တုများကို တွေ့ရှိခဲ့ရကြောင်း ရှေးမြို့ဟောင်း တူးဖော်မှု စီမံကိန်းမှ အလုပ်သမား ခေါင်းဆောင် ဦးကျော်မောင်က ပြောကြားသည်။
“အဓိက တွေရတာတော့ လက်ရေးစင်း အုတ်ချပ်တွေ ဖြစ်တယ်။ အိုးခြမ်းကွဲတွေလည်း တွေ့တယ်။ အိုးခြမ်းကွဲတွေက ခေတ် တစ်ခတ်ရဲ့သက်သေတွေ ဖြစ်တယ်။ နောက်ပြီး ဂဝံရုပ်ကြွတွေ တွေ့တယ်၊ အုတ်ခွက်ဘုရားတွေ တွေ့တယ်၊ ဆီမီးခွက်တွေ တွေ့တယ်၊ ဆားချက်အိုးကွဲတွေလည်း တွေ့တယ်၊ သုဝဏ္ဏဘူမိလို့ ပြောဖို့ကတော့ မြို့ဟောင်းရဲ့ အချက်အလက်တွေ အများကြီး လိုသေးတယ်” ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ညီညီထက်က ပြောဆိုသည်။

မြို့ဟောင်းများ တူးဖော်မှုအတွက် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က မြေပြင် ကွင်းဆင်းမှုကို စတင်ခဲ့ပြီး တောင်ကြီး ရှေးမြို့ရိုးတူးဖော်မှု (WKTG-1) ကို ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့ထိ တူးဖော်ခဲ့ကြောင်းနှင့် ဇန်နဝါရီလ ၃၀ ရက်နေ့က တူးဖော်ခဲ့သည့် ဝင်းကတူးဖော်မှုကုန်း (WK-7) တွင် ဂဝံကျောက်သားဖြင့် ထုလုပ်ထားသော လိပ်ရုပ်ပုံ ကျောက်တုံးနှစ်တုံးနှင့် ဗုဒ္ဓရုပ်တုပုံ ကျောက်တုံး တစ်တုံးကို တွေ့ရှိခဲ့ကြောင်း ၎င်းကရှင်းပြသည်။

ယခု ခေတ်သစ်မဟာသိပ္ပံ ကျောင်းလမ်းရှိ ဝင်းကတူးဖော်မှုကုန်း (WK-8) ကို တူးဖော်မှု ပြုလုပ်နေပြီ ဖြစ်ကြောင်းနှင့် ယင်းတူးဖော်မှုမှ စနစ်တစ်ကျ သွန်းလောင်းထားသော မြေမီးဖုတ် အုတ်ခွက်ဘုရား အကျိုးအပဲ့များ၊ ဆီမီးခွက်များနှင့် ဆားချက် အိုးခြမ်းကွဲများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ တူးဖော်ထားသည့် အဆောက်အအုံများသည် ဘာသာရေး အဆောက်အအုံများဟု ယူဆရကြောင်း ဦးစီးအရာရှိ ဦးကျော်ညီညီထက်က ဆက်လက်ပြောဆိုသည်။

အဆိုပါ မြို့ဟောင်းမှ ရရှိသည့် လက်ရွေးစင် အုတ်ချပ်များသည် ဘီစီ ၁ ရာစုနှစ်မှ အုတ်ချပ်များဖြစ်ပြီး ယင်းမြို့ဟောင်းသည် သုဝဏ္ဏဘူမိ မြို့ဟောင်းသာ ဖြစ်နိုင်သည်ဟု သမိုင်း သုတေသန ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး (ငြိမ်း) ဦးစံဝင်းက မှတ်ချက်ပြုသည်။
“ဝန်ကြီးဌာနက မြို့ဟောင်း တူးဖော်မှုကို ပြုလုပ်တယ်။ တကယ်တမ်း ထိန်းသိမ်းဖို့က ဒေသခံတွေ ပါဖို့လိုတယ်။ သူတို့တွေကို ရှေးဟောင်း ယဉ်ကျေးမှုရဲ့ တန်ဖိုးတွေသိအောင်နဲ့ ဗဟုသုတတွေရအောင် အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ရမယ်။ အသိပညာပေး စာတမ်းတွေ ဝေပေးရမယ်” ဟု ဦးကျော်ညီညီထက်က ဆိုသည်။

မွန်ပြည်နယ်ဒေသရှိ ရှေးဟောင်းမြို့ အဆောက်အအုံများ လေ့လာ သုတေသနပြုခြင်းနှင့် ထိန်းသိမ်းခြင်းအတွက် ပြည်ထောင်စုအစိုးရက ယဉ်ကျေးမှု ဝန်ကြီးဌာနကို ငွေကျပ်သိန်း ၂၀၀ ထုတ်ပေးခဲ့ခြင်း ဖြစ်ပြီး၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်တို့တွင် ရှေးမြို့ဟောင်းများ တူးဖော်ရန်နေရာ လေးနေရာနှင့် ကွင်းဆင်း သုတေသနလုပ်ငန်း ဆောင်ရွက်ရန် တစ်နေရာကို ရွေးချယ်ထားကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောကြားသည်။

The Voice Weekly

ကိုရီးယား အမျိုးသမီး တေးဂီတအဖွဲ့များ၏ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုများကို ကန့်သတ်ရန်စီစဉ်


ဆိုးလ်၊ ဖေဖော်ဝါရီ ၂၂

ယဉ်ကျေးမှုနဲ့ အာရှကို လွှမ်းမိုးထားနိုင်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသမီး တေးဂီတအဖွဲ့တွေရဲ့ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး ဖျော်ဖြေမှုတွေကို ကန့်သတ်နိုင်ဖို့ စီစဉ်နေတယ်လို့ soompi.com မှာ ဖော်ပြထားပါတယ်။

ယခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း ထွက်ရှိခဲ့တဲ့ အမျိုးသမီး K pop အဖွဲ့တွေရဲ့ တေးဂီတ ဗီဒီယိုတွေဟာ အလွန်အကျွံ လိင်ဆွဲဆောင်မှုတွေ ပါဝင်နေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာ ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က SBS ရုပ်သံလိုင်း ရဲ့ Inkigayo ဂီတအစီအစဉ်နဲ့ KBS ရုပ်သံလိုင်းရဲ့ Music Bank ဂီတအစီအစဉ်က တာဝန်ရှိသူတွေကို အစည်းအဝေး ခေါ်ယူပြီး ဆွေးနွေးခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က ရုပ်သံ အစီအစဉ်တွေမှာ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ဘယ်အတိုင်းအတာထိသာ ခွင့်ပြုမယ်ဆိုတဲ့ သူတို့ရဲ့ သတ်မှတ်ချက်ကို ထုတ်ဖော် ပြောကြားခဲ့ပြီး ဂီတ အစီအစဉ်တွေမှာ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး ဖျော်ဖြေမှုတွေကို ဘယ်လို ကိုင်တွယ်သွားမယ် ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က အမျိုးသမီး K pop အဖွဲ့တွေရဲ့ ဖျော်ဖြေ တင်ဆက်ပုံတွေဟာ အလွန်အကျွံ အဆင့်ကို ရောက်ရှိနေပြီး တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြဋ္ဌာန်းဖို့ လိုနေပြီလို့လည်း ပြောကြားခဲ့ပါတယ်။

ပရိသတ်အချို့ကတော့ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုတွေက ဈေးကွက်ထဲမှာ အများအပြား ရှိနေပြီ ဖြစ်တဲ့အတွက် တာဝန်ရှိသူတွေရဲ့ ယခု လုပ်ရပ်ဟာနောက် တောင်ကျနေပြီလို့ ပြောကြားခဲ့ပါတယ်။

The Voice Weekly

အက်ဖ်အမ်မ်ပုဂံ အစီအစဉ် ကြေညာသူထံမှ မူးယစ်ဆေးဝါးတွေ့


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

အက်ဖ်အမ်မ်ပုဂံတွင် အစီအစဉ် ကြေညာသူအဖြစ် အလုပ် လုပ်ကိုင်သူ အသက် ၃၂ နှစ်အရွယ် အမျိုးသားကို မူးယစ်ဆေးဝါး သတင်းရရှိထားသဖြင့် ရန်ကင်းမြို့နယ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဖေဖော်ဝါရီလ ၂၁ ရက် ညနေ ၆နာရီ ၄၅ မိနစ်ခန့်က ရှာဖွေ စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ကြောင်း ရန်ကင်း ရဲစခန်းထံမှ သိရှိရသည်။

ဆီဒိုးနားဟိုတယ် ယာဉ်ရပ်နားနေရာတွင် မူးယစ်တပ်ဖွဲ့စုမှ အရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းနေ့စဉ် အဆိုပါ အမျိုးသားကို တွေ့ရှိခဲ့ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ယူ စစ်ဆေးရှာဖွေရာမှ WY စိတ်ကြွဆေးပြား ၁၄ ပြား၊ ဆေးခြောက်ဟု ယူဆရသည့် အရွက်ခြောက် ၇ ဂရမ်နှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

မူးယစ်ဆေးဝါး တွေ့ရှိမှုဖြင့် တောင်ဥက္ကလာပမြို့နယ် (၁၁) ရပ်ကွက်တွင်နေသူ ကိုပြည့်စိုးမောင်ကို မူးယစ် (ပ) ၁/၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေ ပုဒ်မ -၁၅/ ၁၆ (ဂ) ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ တပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

ရဲဘော်ရဲဘက်


ထို့အဖြစ်အပျက်သည် အီရတ်နိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အမေရိကန်စစ်သား ဒါလီဘီတီအတွက် နေ့စဉ်လုံခြုံရေး ကင်းလှည့်သကဲ့သို့ လုပ်ငန်းဆောင်တာ တစ်ခုကို တာဝန်အတိုင်း လုပ်ဆောင်နေခြင်း ဖြစ်သည်။ သို့သော် သူစီးနင်း လိုက်ပါလာသည့် စစ်သုံးဟမ်းဗီး ဂျစ်ကားက လမ်းဘေးသို့ နည်းနည်းလေး ရောက်သွားသောအခါ သူ့ဘဝ တစ်ခုလုံးကို ပြောင်းလဲသွားစေမည့် အဖြစ်အပျက်ကြီး ဖြစ်ခဲ့သည်။

“ကျွန်တော် မှတ်မိတာကတော့ ကားရှေ့မှာ သဲတွေ ဖြာထွက်သွားတာပဲ။ ဒါပဲ နောက်ဆုံးမှတ်မိတယ်” ဟု ပြီးခဲ့သည့် ရှစ်နှစ်ကကိစ္စကို ဘီတီက ပြန်ပြောင်း ပြောပြသည်။ အလွန်ကြီးမားသော လမ်းဘေးဗုံးကြီးတစ်လုံး ပေါက်သွားခြင်း ဖြစ်သည်။ နာလိုက်သည့် ဖြစ်ခြင်း။ ဟမ်းဗီးဂျစ်ကားသည် တင့်ကားဖျက် မိုင်းထိသွားခြင်း ဖြစ်ပြီး လေထဲကို ပေပေါင်း ၅၀ လောက် မြောက်တက်သွားခဲ့သည်။ သူသတိရလာတော့ သူခြေထောက်တွေက ဗုံးကြောင့် ဖြစ်သွားသည့် အပျက်အစီးများ ကြားတွင် ကျန်ခဲ့ကြောင်း သိလိုက်ရသည်။ ဒူးအောက်မှ ဖြတ်လိုက်ရသည်။

လူတစ်ယောက်၏ ဘဝကို ပြောင်းသွားစေနိုင်လောက်သော ဒဏ်ရာဖြစ်သော်လည်း အစကတည်းက ဘီတီသည် ထိုကိစ္စအပေါ် အပြုသဘောဆောင်သော အမြင်မျိုး ထားနိုင်သည်မှာ အံ့အားသင့်စရာ ဖြစ်သည်။ “ဒါဟာ လက်သည်းခွံတစ်ခု ကျွတ်သွားတာနဲ့တော့ ဘယ်တူမလဲဗျာ။ ဒါပေမဲ့ ဒီလိုပဲ ဖြစ်ရတာပဲလေ။ ကျွန်တော့်ထက်ဆိုးတဲ့ ဒဏ်ရာတွေနဲ့ လူတွေတွေ့ရတယ်။ ကျွန်တော်မှ မဖြစ်ရဘူးလို့ သတ်မှတ်ထားလို့မှ မရတာ” ဟု သူကဆိုပါသည်။

တစ်နှစ်လောက်မြို့တော် ဝါရှင်တန်ရှိ ဝေါ်တာရိဒ် စစ်ဆေးရုံတွင် အကုသ ခံလိုက်ရသည်။ ဆေးရုံဆင်းပြီး ကိုယ့်နေရပ် မြောက်ကယ်ရိုလိုင်းနား စတာတက်စ်ဗီလီကို ပြန်လာတော့ မိန်းမနှင့် သားနှစ်ယောက်အတွက် အိမ်ကလေးတစ်လုံး ဆောက်ပေးလိုသည်။ သူကိုယ်တိုင်က ပရိုစ်သက်တစ်ခြေတု နှစ်ချောင်းနှင့် သွားနေရသည်။ တစ်ခါတရံ ဘီးတပ်ကုလားထိုင်နှင့် နေရသည်။ ဘယ်ကဘယ်လို စရမှန်းလည်းမသိ။

ဘီတီအကြောင်းကို ကြားကြသည့် ဘုရားကျောင်းမှ အဖွဲ့ဝင်များနှင့် ရပ်ရွာကလူများ သူ့အိမ်ကိုလာကူ ဆောက်ပေးကြသည်။ အိမ်ထဲမှာ ဝှီးချဲသွားလို့ရမည့် အနေအထားများ၊ တံခါးပေါက်များ ပါဝင်သည်။ အဖေပေးတဲ့မြေမှာ စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ပေးခဲ့ကြသည်။ “ရပ်ရွာ တစ်ခုလုံး လာကူကြတယ်ဗျာ။ ကျွန်တော်နဲ့တူတူ ဝိုင်းလုပ်ပေးကြတယ်။ ဒါဟာ တကယ်ကောင်းတဲ့ ခံစားမှုပဲ” ဟု အသက် ၃၄ နှစ်အရွယ် ဘီတီက ပြောပြသည်။

အိမ်ဆောက်နေသော ကာလတစ်လျှောက်လုံးတွင် ဟမ်းဗီး ကားပေါက်ကွဲစဉ်က ဘေးမှာကားမောင်းလျက် ရှိနေခဲ့သော သူငယ်ချင်းစစ်သား ဂျွန်ဂါလီနာကလည်း လာကူသည်။ သူက အဆောက်အအုံ ကန်ထရိုက်အဖြစ် အလုပ်လုပ်နေသည်။ သူလည်း ဦးခေါင်းနှင့် စိတ်ဒဏ်ရာများ အီရတ်မှ ရလာသူ ဖြစ်သည်။ လူတွေ အိမ်ဆောက်တာ လာကူကြခြင်းကို ကြည့်ပြီး သူတို့ ရဲဘော် ရဲဘက် နှစ်ယောက် အစီအစဉ်တစ်ခုကို အိုင်ဒီယာ ရသွားကြသည်။ စစ်မြေပြင် ဒဏ်ရာကြောင့် မသန်စွမ်း ဖြစ်သွားသော စစ်ပြန်များသည် ကြမ်းကြမ်းရမ်းရမ်း သန်သန်စွမ်းစွမ်း စစ်သားတစ်ယောက် ဘဝမှ မသန်စွမ်း တစ်ယောက်အဖြစ် ပြောင်းလဲ ရပ်တည်ရသောအခါ အခက်အခဲများ ကြုံရသည်။ အဓိကက အိမ်ထဲတွင် နေလို့ထိုင်လို့ သွားလို့ လာလို့ မကောင်းခြင်း ဖြစ်သည်။ စစ်ပြန် မသန်စွမ်းများအတွက် နေအိမ်အတွင်း အဆင်ပြေအောင် လက်သမား အလုပ်ဖြင့် ကူညီပေးမည်ဟု ဆုံးဖြတ်လိုက်ခဲ့ခြင်း ဖြစ်သည်။ ခရမ်းရောင် နှလုံးသား နေအိမ်များဆိုသည့် အကျိုးအမြတ် မယူသော ပရဟိတ အဖွဲ့တစ်ဖွဲ့ တည်ထောင်ခဲ့ကာ စစ်ပြန်မသန်စွမ်း ၃၀ တို့၏ နေအိမ်များကို မသန်စွမ်း တစ်ယောက်အတွက် အဆင်အပြေဆုံး ဖြစ်အောင် သွားရောက် ကူညီပြင်ဆင် ပေးကြခြင်း ဖြစ်သည်။

“သူတို့ ဘာတွေလိုနေတယ် ဆိုတာကို လူတွေက နားမလည်ကြဘူး” ဟု မစ္စတာဘီတီက ပြောပြပါသည်။ အီရတ်နှင့် အာဖဂန်နစ္စတန်တို့တွင် အမေရိကန် စစ်သွားတိုက်ခဲ့ပြီးနောက် စစ်ပြန် မသန်စွမ်းများအတွက် ကူညီကြသော အကျိုးအမြတ် မယူသည့် ပရဟိတအဖွဲ့များ ပေါ်လာခဲ့သော်လည်း စစ်ပြန် မသန်စွမ်းအားလုံး၏ ၁၅ ရာခိုင်နူန်းအထိသာ နေထိုင်ရေး အဆင်ချောမွေ့စေဖို့ ပံ့ပိုးနိုင်သေးသည်ဟု စစ်မှုထမ်းဟောင်းဌာနက ထုတ်ပြန်ထားသည်။

ဘီတီနှင့် ဂါလီနာတို့ ထောင်ထားသည့် အဖွဲ့က ပင်လယ်ကွေ့စစ်ပွဲ၊ ဘော့စနီးယား၊ ကိုဆိုဗို၊ ဗီယက်နမ် စသည်တို့မှ စစ်ပြန် မသန်စွမ်းများကိုလည်း အိမ်များ လိုက်ပြင်ကူညီပေးသည်။ ဗီယက်နမ် စစ်ပြန်ကြီး ဒေ့ဗ်မိုရယ်ဆိုလျှင် သူ့အခန်းထဲကို ဝှီးချဲဝင်မရသဖြင့် တံခါးဝတွင်ထားကာ အခန်းထဲသို့ တွားပြီးဝင်ရသည်။ သူ့အိမ်ကိုလည်း ပြင်ပေးခဲ့ကြသည်။

ခုမှစစ်ပွဲက ပြန်လာကြသော စစ်သားငယ် မသန်စွမ်းများကျတော့ အချို့ဆိုလျှင် အိမ်ပင် မပိုင်ကြသေးပေ။ သူတို့အတွက်လည်း နေအိမ်များ ပြုလုပ်ပေးနိုင်အောင် ဘီတီနှင့် ဂါလီနာတို့ စီစဉ်နေသည်။ အများလှူထားသော နေရာများတွင် မသန်စွမ်းများနှင့် လိုက်လျောညီထွေ ရှိသောအိမ်များ တည်ဆောက်ထားသည်။

ခြေပြတ်လက်ပြတ် ဖြစ်၍ စိတ်ဓာတ် ကျနေသော စစ်ပြန်တစ်ယောက်ကို ကျေးဇူးတင်စကား သွားပြောခြင်း၊ အရက်ဝယ်တိုက်ခြင်းထက် တူတွေ၊ လွှတွေကိုင်ကာ သူနှင့်အတူ သူ့အိမ်ကို သွားပြင် ဆောက်ပေးခြင်းက ကူညီရာလည်း ရောက်သလို လူမှုအသိုင်းအဝိုင်းထဲသို့ သူပြန်ဝင်ဆံ့လာအောင် လက်တွဲ ခေါ်ပေးခြင်းလည်း ဖြစ်သည်ဟု ကိုယ်တိုင် ခံစားခဲ့ရဖူးသူ ဘီတီက ပြောကြားခဲ့သည်။

စစ်ပြန်နှစ်ဦး ဦးဆောင် ဖွဲ့စည်းထားသည့် ခရမ်းရောင် နှလုံးသား နေအိမ်များအဖွဲ့သည် တဖြည်းဖြည်း အောင်မြင်လာပြီး တစ်ပတ်လျှင် စစ်ပြန်မသန်စွမ်း နေအိမ်ငါးလုံးခန့်ကို ပြန်လည် ပြင်ဆင်မှု ပုံမှန်ပြုလုပ်နိုင်ပြီ ဖြစ်သည်။ “၃၅ နှစ်ရှိပြီဗျာ ဘယ်သူမှလာပြီး ဂရုစိုက်တာ မကြုံဖူးဘူး” ဟု ဗီယက်နမ် စစ်ပြန် အမျိုးသားကြီး ကီဗင်စမစ်က ပြောပြသည်။
“ကျွန်တော်တို့ စစ်သားတွေက စစ်မြေပြင်မှာ ကိုယ့်ရဲဘော်ရဲဘက်ကို ပစ်ထားခဲ့ရိုး မရှိဘူးဗျ၊ ခု ကိုယ့် တိုင်းပြည် ပြန်ရောက်နေကာမှ ဘာဖြစ်လို့ ပစ်ထားရမှာလည်းဗျာ” ဟု ဘီတီက ၎င်းပရဟိတ လုပ်ဖြစ်ခဲ့ခြင်း အကြောင်းကို ရှင်းပြသည်။

ဘီတီသည် မသန်စွမ်းတစ်ဦး ဖြစ်သွားသည့်အတွက် ရှေ့တန်းမှ ပြန်လာရကာ အရပ်သား ပြန်ဖြစ်သွားသော်လည်း စစ်သားစိတ်ကား မပျောက်ခဲ့ပေ။ M-16 မောင်းပြန်ရိုင်ဖယ်ဖြင့် တိုင်းပြည်ကို ကာကွယ်ရမည့် နေရာတွင် တူနှင့်လွှကိုကိုင်ပြီး အများအကျိုး လုပ်ဆောင်ပေးခဲ့သည်။ စစ်သား တစ်ယောက်ကို၏ ပေးဆပ်မှုကို ဆက်လက် ဆုပ်ကိုင်ထားသည်။

The Voice Weekly

ဘင်္ဂလာဒေ့ခ်ျ ၀န်ကြီးချုပ် ယနေ့ မြန်မာနယ်စပ်ကို လာမည်



ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် မြန်မာနယ်စပ် အနီးရှိ ကော့စ်ဘဇားခေါ် ဖလောင်းချိတ်မြို့သို့ ယနေ့ လာရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းဝန်ကြီးချုပ်သည် ယနေ့ နေ့လည်ပိုင်းတွင် ဒက္ကးမြို့တော်မှ တဆင့် ရောက်ရှိမည် ဖြစ်သည်။

သူမသည် ကော့စ်ဘဇားတွင် တည် ဆောက်ထားသည့် နိုင်ငံတကာ ခရိတ်ကတ် Cricket အားကစားကွင်း၊ ကော့စ်ဘဇား နိုင်ငံတကာ တက္ကသိုလ် (International University) နှင့် မဟားဇိုးကျွန်းရှိ လျှပ်စစ် ဓာတ်အားပေး စက်ရုံအပါအ၀င် တခြား အဆောက်ဦး များကိုလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

ယခု သူမ၏ ကော့စ်ဘဇား ခရီးစဉ်သည် တတိယအကြိမ်မြောက် ဖြစ်ပြီး လွန်ခဲ့သည့်နှစ်က ပြုလုပ်သည့် ခရီးစဉ်အတွင်း သူမ၏ အစိုးရမှ ပြန်လည် တည်ဆောက်ပေးသော ရားမူး (ခေါ်) ပန်းဝါမြို့မှ ဗုဒ္ဓဘာသာ အဆောက်အဦးများကို ဖွင့်လှစ်ပေးခဲ့သည်။

၂၀၁၂ ခုနှစ် စက်တင်္ဘာ နောက်ဆုံးအပတ်က ရာမူးမြို့တွင် ဘာသာရေး အစွန်းရောက်သူများ၏ မီးရှို့ ဖျက်ဆီး တိုက်ခိုက်မူကြောင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း (၂၁) ကျောင်း ပျက်စီးခဲ့ရသည်။

ယခု ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ လာရောက်လည်ပတ်သော ကော့စ်ဘဇား ခရိုင်သည် အတိုက်အခံ ဘီအန်ပီ ပါတီ ကြီးစိုးသောနေရာဖြစ်ပြီး ဘာသာရေး အစွန်းရောက်သမားများ ခိုအောင်းရာ မြန်မာ နယ်စပ်နှင့်လည်း နီးကပ်သော နေရာဖြစ်သဖြင့် သူမ၏ ခရီးစဉ် အတွင်း လုံခြုံရေးကို အထူး တင်းကျပ်ထားသည်ဟု သိရသည်။


(နိရဉ္စရာ- ၂၃ ဖေဖေါ်ဝါရီ ၂၀၁၄)/ မောင်အေး

စက်တပ်ယာဉ်အသင်းပိုင်ဆိုင်မှုတွေ ကြံ့ခိုင်ရေးက ပြန်ပေးပါလို့ တောင်းဆို



စက်တပ်ရေယာဉ်ပိုင်ရှင်နဲ့ မောင်းသူတွေဆန္ဒနဲ့ ဖွဲ့စည်းထားတဲ့ ဆိပ်ကြီးကူးတို့အသင်းရဲ့ စစ်အစိုးရခေတ် က ပိုင်ဆိုင်မှုတွေကို ကြံ့ခိုင်ရေးအသင်းတစ်ဖြစ်လဲ ကြံ့ခိုင်ရေးပါတီဆီကနေ ဆိပ်ကြီးကူးတို့အသင်းက တောင်းဆိုလိုက်ပါတယ်။

စစ်တပ်လက်အောက်မှာ အကြောက်တရားကြောင့် မဝတက မတရားသိမ်းပိုက်ပြီး ကြံ့ခိုင်ရေးအသင်းကို အဆောက်အဦးနဲ့ ရေယာဉ်ပြေးဆွဲခွင့် လုပ်ပိုင်ခွင့်တွေ လွှဲပေးခဲ့တာကို အခုချိန်မှာတော့ အသင်းက တရား ဝင်မှတ်ပုံတင်ထူထောင်ခဲ့ပြီးတာမို့ ပြန်လိုချင်တယ်လို့ ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီလက်အောက်ခံ ရွှေရန်ကုန်ဂိတ်ကို ရေယာဉ် ၁၆၅စီးက နေ့စဉ်အခွန်ပေးဆောင်ရတဲ့ငွေ[ာ တစ်လ သိန်း ၆ဝလောက်ရှိပြီး ရေယာဉ်လုပ်သားထုရဲ့ ကျန်းမာရေး၊ ပညာရေး ဘာအကူအညီမှ မရတဲ့ အပြင် ရေယာဉ်လုပ်သားမိသားစုတွေ ဆင်းရဲတွင်းနက်နေတယ်လို့ ဆိုပါတယ်။

ဒီပြဿနာတွေကို သမ္မတဆီ တင်ပြတောင်းဆိုထားပေမယ့် အခုထိ ဘာတစ်ခုမှ ဖြစ်မလာတာကြောင့် မီဒီယာတွေကို အများပြည်သူသိရှိဖို့ ရှင်းပြချင်တယ်လို့ ဆိုပါတယ်။ ရွှေရန်ကုန်ဂိတ်ရဲ့ တာဝန်ရှိသူတွေဟာ လက်ရှိမှာလည်း ပုဒ်မ ၄၂ဝ၊ ၄၆၈ စတဲ့လိမ်လည်မှုတွေ စာရွက်စာတမ်း အတုပြုလုပ်မှုတွေနဲ့ စွဲချက်တင် တရားစွဲကိုလည်း ခံနေရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

Kamayut Media

ဂီတအမျိုးအစား အပြားပြား

   
        တေးသီချင်းနားထောင်ခြင်းကို တော်တော်များများနှစ်သက်ပါတယ်။ သီချင်း တွေဟာ လူတစ်ယောက်ရဲ့ ခံစားချက်ကိုဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အဖော်မဲ့နေချိန်မှာ ကိုယ့်ရဲ့အကောင်းဆုံးအဖော်အဖြစ် ရပ်တည်ပေးပါတယ်။ တေးဂီတအမျိုးအစား အများအပြားရှိတဲ့အနက် မိမိနားထောင်လေ့ရှိတဲ့ တေးဂီတဟာ ဘယ်အမျိုးအစားမှာပါဝင်လဲဆိုတာကိုတော့ သိပ်ပြီး သတိမထားမိတတ်ကြပါဘူး။ ဒီတော့ အခုနောက်ပိုင်းပိုမိုနားထောင်လေ့ရှိတဲ့ အနောက်တိုင်းတေးဂီတ အမျိုးအစား တွေ အကြောင်းကို အနည်းငယ်ဖော်ပြပေးချင်ပါတယ်။

        ခေါင်းစဉ်ကြီးတွေအနေနဲ့ ခွဲခြားလိုက်ရင်တော့

(1)    Blues , (2)  Classical , (3)     Country ,  (4)     Electronic, (5)     Jazz,

(6)    Latin, (7)   Pop, (8)     Metal,  (9)  Punk,  (10)        Rap, (11)   Ragges,

(12)  R&B, (13)  Rock ဆိုပြီး ဂီတအမျိုးအစား (၁၃)မျိုးရှိပါတယ်။ ဒီထဲကမှ လူငယ်တွေပိုပြီးနားထောင်ဖြစ်တဲ့ Pop, Metal, Punk, Rap, R&B နဲ့ Rock တို့ကို ထပ်မံအမျိုးအစားခွဲကြည့်ပါမယ်။

Pop- ပေါ့ပ် တေးဂီတအမျိုးအစားဟာ ပျော့ပျောင်းတဲ့စတိုင်ရှိပြီး ပေါ့ပ်သမားတွေအဆို အရ သူ့မှာအစစ်မှန်ဆုံးအသွင်အပြင်ရှိပါတယ်တဲ့။ စစ်မှန်တဲ့ပေါ့ပ် ၊ စွမ်းအားရှိတဲ့ပေါ့ပ် လို့ ခေါ်လေ့ခေါ်ထရှိပြီး ထုံးစံအတိုင်းဆိုရင်တော့ (၃မိနစ်ခွဲ)ထက် ပိုရှည်တဲ့ သီချင်း မရှိတာများပါတယ်။ စတန်းဒတ် အီလက်ထရစ် ဂစ်တာ၊ ဘေ့စ်၊ ဒရမ်နဲ့ သီဆိုသူများ အဓိက ပါဝင်ပြီးတော့ နားဝင်ချိုတဲ့ ကောရပ်စ် ပိုဒ်တစ်ပိုဒ်အမြဲပါပါတယ်။ ဂန္တ၀င် ပေါ့ပ်အဆိုတော်တွေအနေနဲ့ကတော့ Beatles, Elvis Presley, Frank Sinatra, Bing Crosby, Micheal Jackson တို့ကတော့ ယနေ့တိုင်ထင်ရှားဆဲပါ။

Metal- ဟဲဗီး မက်တယ်ကနေ ဆင်းသက်လာတာပါ။ အမျိုးအစားကွဲတွေ အများကြီး ရှိပေမယ့် အဓိကမျိုးအစားချို့ကိုရွေးပြီးဖော်ပြပေးပါမယ်။

(1)        Black metal, (2) Celtic Metal, (3) Death Metal, (4) Doom Metal,

(5) Gothic Metal, (6) Nu-Metal, (7) Power Metal (8) Avant Garde Metal တို့ပဲဖြစ်ပါတယ်။ မက်တယ် ကိုအနည်းငယ်ခံစားကြည့်ချင်တယ်ဆိုရင်တော့ Black Sabbath , Iron Maiden, Metallica စတဲ့အဖွဲ့တွေက နာမည်ကြီးပါတယ်။

Punk- ပန့်ခ်ဂီတကို အလုံးစုံနားလည်ချင်တယ်ဆိုရင်တော့ သူ့ရဲ့အမျိုးအစားကွဲတွေ အားလုံးကို သေချာသိနိုင်မှဖြစ်မှာပါ။ ပန့်ခ်ဂီတ အမျိုးကွဲပေါင်းများစွာဟာ လွှမ်းမိုးမှု ပုံစံမျိုးစုံ ၊ အသံအမျိုးအစား မျိုးစုံနဲ့ သီဆိုနေကြပါတယ်။ Anarcho Punk, Celtic Punk, Cowpunk, Gypsy Punk စတာတွေက ပေါ်ပြူလာ ပန့်ခ်အမျိုးကွဲတွေပါ။ မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ The Clash, MC5, The Ramones , Green day စတာတွေက လူကြိုက်များပါတယ်။

Rap- ကဲ- လက်ရှိအချိန်မှာ လွှမ်းမိုးမှုအရှိဆုံး ဂီတပါ။ တေးဂီတသာမက ၀တ်စားဆင်ယင်မှုပါ ပေါ်ပြူလာဖြစ်ပြီး ဟစ်ပ်-ဟော့ မြူးဇစ်လို့လဲ ခေါ်ပါတယ်။ ၁၉၇၀ လောက်ကနေစပြီး လမ်းဘေးဂီတကနေ လူအများလက်ခံလာတဲ့အဆင့်ကို ရောက်လာခဲ့တာ ဒီနေ့ဆိုရင်တော့ အရွယ်ပေါင်းစုံ၊ အလွှာပေါင်းစုံကလူတွ နှစ်သက် နေကြပါပြီ။ တခြားမြူးဇစ်တော်တော်များများနဲ့ မတူတဲ့အချက်ကတော့ ရက်ပ် ဂီတဟာ မသီဆိုပါဘူး။ နောက်ခံဂီတနဲ့ဆန့်ကျင် စကားပြောတာဖြစ်ပြီး စည်းချက် တွေကိုတော့ soul, funk နဲ့ rock တွေဆီကနေ ယူတာဖြစ်ပါတယ်။ ဒီအသံတွေကို စည်းချက်ကျကျ ရောနှောပြီး သူတို့ရဲ့ဆန်းသစ်မှုတွေကို ထပ်ပေါင်းထည့်ကာ အီလက် ထရောနစ် တူရိယာတစ်ချို့ကိုပါ အားဖြည့်ထားတတ်ပါတယ်။ Run-D.M.C, 2Pac, Jay-Z, Eminem တို့ကတော့ ဒီကပရိတ်သတ်အများအပြား လက်ခံထားတဲ့ သူတွေပါ။

R&B- စည်းချက်နဲ့ ဟွန်း အပိုင်းကို ခွဲလိုက်ပြီး စည်းချက်တွေကို ထပ်ခါထပ်ခါ ပြန်တီးပါတယ်။ လင်္ကာစာသားတွေ စာတိုတွေကို ထပ်ခါထပ်ခါဆိုပါတယ်။ တစ်ခါ တရံမှာ တူရိယာတွေကို ရောပြွမ်းသုံးနှုန်းလေ့ရှိပါတယ်။ James Brown, Ray Charles, Whitney Huston, The Temptations တို့တော့ R&B အကျော်အမော် တွေပါ။ ပေါ့ပ် ဘုရင်လို့လူသိများတဲ့ Micheal Jackson ကလဲ R&B လောကမှာ နံပါတ် (၁၃)နေရာကို ရယူထားပါသေးတယ်။

Rock- ရော့ခ်ဂီတကတော့ လူသိများတဲ့ ဂီတစ်ခုဖြစ်ပြီး မူရင်းကတော့ Rock and roll ကနေ လာတာပါ။ ယူကေနဲ့ အမေရိကန်ပြည်ဖွားဂီတပါ။ အီလက်ထရစ်ဂစ်တာကို ဗဟိုပြုပြီး ဘေ့စ်ဂီတာ ၊ ဒရမ်တို့နဲ့အားဖြည့်ပါတယ်။ အချစ်အဓိပ္ပါယ်ကို နူးနူးညံ့ညံ့ ကြေကြေကွဲကွဲ ရေးဖွဲ့တဲ့စာသားတွေ အဆိုများပြီး လူမှုရေးနဲ့ နိုင်ငံရေးကို အကြိမ်ရေ နည်းနည်းဆိုပါတယ်။ ဂီတသမားတွေထဲမှာတော့ ရော့ခ်ဂီတကို အဆင့်မြင့်ဂီတအဖြစ် အလေးအနက်ထားပါတယ်။ The Beatles, James Brown, Ray Charles တို့ကို ခံစားကြည့်ပါ။

        ဖော်ပြခဲ့တာတွေကတော့ ဒီနေ့ခေတ်စားနေတဲ့ ဂီတရေစီးကြောင်းထဲက နိုင်ငံခြားသီချင်း နှစ်သက်သူများ ရွေးချယ်စေနိုင်ဖို့ပဲဖြစ်ပါတယ်။ သီချင်းတွေနဲ့ အဖော်ပြုရင်း သာယာတဲ့ ကမ္ဘာငယ်တစ်ခု ဖန်ဆင်းကြည့်ရအောင်။

Ref:Types of music.com

ထက်ဆု
trend

တိရစ္ဆာန်ကို ချစ်အောင် သင်ပေးခဲ့သူ




ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသား က Steve Irwin လို့အမည့်ရတဲ့ သြစတေးလျ က တောရိုင်းသတ္တဝါ လေ့လာရေး ပညာရှင် တစ်ဦး ဖြစ်ပါ တယ်။ သူ့ကို Animal Planet နဲ့ Discovery Channel ကြည့်ဖူး သူတို့ တိုင်း သိကြ ပါတယ်။ The Crocodile Hunter တီဗီအစီအစဉ်မှာ ဦးစီး တင်ဆက်သူ ဖြစ်ပါတယ်။


၂၀၀၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က ရေအောက် ရိုက်ကွင်း တစ်ခုက ငါးလိပ်ကျောက် ဆူးနဲ့ တိုက်ခိုက်တာ ခံရလို့ အဆိပ်တက်ပြီး ကွယ်လွန်ခဲ့ ပါတယ်။ သူ့ရဲ့ ကွယ်လွန်မှုအတွက် ကမ္ဘာတစ်ဝန်းက Steve ရဲ့ အစီအစဉ်ကို စောင့်ကြည့်သူ ပရိတ်သတ် အားလုံး ဝမ်းနည်း ကြေကွဲ ခဲ့ရပါတယ်။ ရိုင်းဆိုင်း ကြောက်စရာ ကောင်းပါတယ် ဆိုတဲ့ မိကျောင်းလို သတ္တဝါတွေကို ယဉ်ယဉ်လေး ထိန်းချုပ်နိုင်တာဟာ သူ့ရဲ့ ထူးခြားတဲ့ ပါရမီ ဖြစ်ပါတယ်။ အသက် ၄၄ နှစ်အရွယ်မှာတင် ကွယ်လွန်ခဲ့တဲ့ Stve ဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က သြစတေးလျမှာ မွေးဖွားခဲ့ ပါတယ်။

ဒါကြောင့်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ Steve Irwin ကို အမှတ်ရစေတဲ့ အမှတ်တရ ပွဲများကို ကျင်းပ ပေးခဲ့ကြ ပါတယ်။
.
Ref: discovery
အောင်ခမ်း (www.innesmyanmar.com)

.

ဘဏ်၊ အခွန်၊ အာမခံ




(ဆောင်းပါးရှင် - မိုးတင့် (ရန်ကုန်တက္ကသိုလ်))

မြန်မာနိုင်ငံတိုးတက်ရေးအတွက် အဓိကအဟန့်အတားတစ်ခုထဲမှာ ဘဏ်စနစ်လည်းပါတယ်။ မြန်မာနိုင်ငံဘဏ်စနစ်က နိုင်ငံတကာအဆင့်မပြောနဲ့ ဒေသတွင်းအဆင့်တောင် မရှိဘူးလို့ ပြောလို့ရပါတယ်။ ပြည်တွင်းဘဏ်လုပ်ငန်းရှင်တွေကို အကာအကွယ်ပေးလွန်းတယ်လို့ မြင်မိတယ်။

ပြည်တွင်းဘဏ်ပိုင်ရှင်တွေက ခရိုနီလို့ခေါ်တဲ့ အရင်အစိုးရလက်ထက်က အာဏာရှင်တွေနဲ့ နီးစပ်တဲ့သူတွေဖြစ်နေလို့ မထိရဲမကိုင်ရဲ ဖြစ်နေတာလား၊ ထိရကိုင်ရဖို့ တာဝန်ရှိတဲ့သူကိုယ်တိုင် အကျိုးအမြတ်ရနေလို့လား၊ ဘယ်လိုစလုပ်ရမလဲမသိလို့လား မပြောတတ်ပါ။ ခေတ်နောက်ကျတာထက်ကို ပိုနေတယ်လို့ ယူဆပါတယ်။

ဘဏ်တိုးနှုန်းတွေ 2 Digit အထိယူခွင့်ပေးထားတာ၊ ပုဂ္ဂလိကဘဏ်တွေကို လုပ်ပိုင်ခွင့်မပေးထားတာ၊ နိုင်ငံတကာဘဏ်တွေ ပြည်တွင်းကိုဝင်လာဖို့ အားမပေးတာ၊ ဥပဒေတွေတင်းကျပ်ထားတာ အစရှိသဖြင့် ဗဟိုဘဏ်ရဲ့အာဏာစက်က တိုးတက်ဖို့အရှိန်ယူနေတဲ့ နိုင်ငံအတွက် အဟန့်အတားဖြစ်နေစေပါတယ်။ ဗဟိုဘဏ်က ငွေကြေးဖောင်းပွမှုနဲ့ယှဉ်ပြီး ဖွင့်ချပေးလိုက်ရမှာကို မရဲမတင်းဖြစ်နေတယ်။ သတ္တိရှိရှိ Sacrifice လုပ်ဖို့ မ၀ံ့မရဲဖြစ်နေတယ်။

ငွေကြေးဖောင်းပွမှုကတော့ ရှိနေမှာပါပဲ။ အတိုင်းအတာတစ်ခုအထိလည်း ရှိနေရဦးမှာပဲ။ ဗဟိုဘဏ်က သီးခြားရပ်တည်ပြီး သမ္မတရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်ရောက်သွားရင် သမ္မတရဲ့အကြံပေးအဖွဲ့တွေရဲ့ အတွေးအခေါ်တွေနဲ့ အဲဒီငွေကြေးဖောင်းပွမှုတွေကို စနစ်တကျထိန်းချုပ်ရမှာပဲ။ ငွေကြေးဖောင်းပွမှုကိုကြောက်လို့ တင်းကျပ်ထားတာတွေကို ဖြေလျှော့မပေးနိုင်သရွေ့ နိုင်ငံတကာဘဏ်တွေ မြန်မာနိုင်ငံမှာ လာဖွင့်ဖို့ခက်နေဦးမှာပဲ။ ပြည်တွင်းလုပ်ငန်းရှင်တွေ ရပ်တည်ဖို့အတွက် အတိုးနှုန်းတွေချမပေးရင် ပြည်သူတွေက အတိုးနှုန်းကြီးကြီးနဲ့ ချေးငွေယူပြီး အလုပ်လုပ်နေရဦးမှာပဲ။

လက်ရှိအတိုးနှုန်းရဲ့ ထက်ဝက်နဲ့တောင်လုပ်နိုင်တဲ့ နိုင်ငံတကာဘဏ်တွေကို လုပ်ခွင့်မရအောင် တင်းကျပ်ထားတော့ ပြည်သူတွေလုပ်ငန်းကို စိတ်ရှိသလောက် လုပ်လို့မရတော့ဘူး။ လုပ်လို့ရလာတဲ့ အကျိုးအမြတ်ကိုလည်း ဘဏ်တိုးတွေနဲ့ ပေးနေရတယ်။ ဘဏ်တိုးကိုက်အောင်ဆိုရင် အလုပ်ကိုဈေးနှုန်းမြှင့်ပြီး အမြတ်တင်ရတယ်။ ဈေးနှုန်းမြင့်တော့ ၀ယ်လိုအားလျော့လာတယ်။

ဝယ်လိုအားလျော့တော့ ငွေကြေးလည်ပတ်မှုနှုန်းနည်းပြီး စီးပွားကျတယ်။ အဲတော့ အခွန်ရငွေနည်းတယ်။ ငွေကြေးလည်ပတ်မှုများအောင် အစိုးရက ဘတ်ဂျက်လိုငွေအတွက် ငွေအသစ်တွေရိုက်ထုတ်ကြတယ်။ ငွေအသစ်တွေ ရိုက်ထုတ်တော့ ငွေကြေးဖောင်းပွမှုဖြစ်တယ်။ ငွေကြေးဖောင်းပွမှုဖြစ်တော့ ဘဏ်အတိုးလျှော့မချဘူး။ ဂျာအေးသူ့အမေရိုက်ဇာတ်လမ်းပဲ ဖြစ်နေတယ်။

နိုင်ငံတကာဘဏ်တွေမရှိတော့ နိုင်ငံခြားကုမ္ပဏီတွေက ဒီနိုင်ငံမှာလာပြီး အလုပ်လုပ်ပြီးရတဲ့ မြတ်စွန်းလာတဲ့ငွေတွေကို သူ့နိုင်ငံကို ဘယ်လိုပို့မလဲ။ မြန်မာနိုင်ငံဘဏ်တွေက တစ်ခါတလေ (အမြဲတမ်းနီးပါး) တစ်ပတ်မှာ တစ်ခါပဲငွေထုတ်လို့ရတာတို့၊ ဘယ်လောက်ပဲ ထုတ်လို့ရတာတို့ဆိုတဲ့ ကန့်သတ်ချက်သိပ်များတယ်။ အဲတော့ လုပ်ငန်းကြီးကြီးလုပ်မယ့်လုပ်ငန်းက အတော်အတန်ကြီးကြီးလုပ်မယ့်၊ လုပ်ငန်းအလတ်အစားလုပ်မယ့် နိုင်ငံခြားကုမ္ပဏီတိုင်းက ယုံကြည်စိတ်ချရတဲ့ နိုင်ငံတကာဘဏ်အနည်းဆုံးတစ်ခုတော့ လိုချင်တာ သဘာဝကျပါတယ်။

မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုဖြစ်တာကို ဘယ်လိုကုစားလို့ရမလဲလို့ သမ္မတရဲ့အကြံပေးအဖွဲ့က ဒေါက်တာဇော်ဦးကို BBC က အင်တာဗျူးတဲ့အခါ ဒေါက်တာဇော်ဦးက အခွန်တိုးကောက်မယ်လို့ ဖြေသွားတယ်။ အဲတော့ ဘဏ်လုပ်ငန်း၊ ငွေကြေးဖောင်းပွမှုနဲ့ အခွန်ဆက်စပ်လာပြီ။

အခွန်ကို စိတ်ကူးရှိတိုင်း ထကောက်လို့မရပါဘူး။ အခွန်တိုးကောက်ဖို့ အမိန့်ပေးလိုက်ရင် အခွန်အရာရှိတွေ ပိုချမ်းသာသွားပြီး ပြည်သူတွေ ပိုဒုက္ခရောက်ကာ နိုင်ငံတော်မဖြစ်စလောက်ကလေး အခွန်တိုးရလာမှာပါ။ Sky Net လို၊ Family Entertainment တို့လို မီဒီယာကို Monopolize လုပ်ထားတဲ့ အကျိုးအမြတ်များလွန်းလှတဲ့ ကုမ္ပဏီကြီးတွေ၊ ဦးပိုင်တို့ MEC တို့လို ကုမ္ပဏီတွေကို အခွန်လွတ်တို့ လျှော့ပေါ့ခွန်တွေပေးထားပြီး အလတ်တန်းစားတွေကို နာလန်မထူနိုင်အောင် အခွန်နဲ့နှိပ်စက်မယ်ဆိုရင် တိုင်းပြည်တိုးတက်ဖို့ အထောက်အကူမပြုနိုင်ပါဘူး။

တကယ်မကုန်သင့်ဘဲကုန်နေတဲ့ ၀န်ကြီးဌာနတွေ၊ စစ်ဘက်အဖွဲ့အစည်းတွေ အရပ်ဘက်အဖွဲ့အစည်းတွေကို အရင်စိစစ်သင့်တယ်။ ၀န်ကြီးတိုင်းကိုလည်း ကိုယ့်ဝန်ကြီးဌာန ကိုယ်တာဝန်ယူလုပ်ဖို့ဆိုတဲ့ မူဝါဒလည်း ပြန်လည်ဆန်းစစ်သင့်တယ်။ ပြောချင်တာက ၀န်ကြီးဌာန၀င်ငွေတွေကို ၀န်ကြီးနဲ့အထက်အရာရှိကြီးတွေ တိုက်ရိုက်ကိုင်တွယ်တဲ့စနစ်ကို ဖျက်သိမ်းသင့်တယ်။ ဥပမာ-မော်တော်ယာဉ်စည်းကမ်းကြောင့် လိုင်စင်သိမ်းပြီး ဒဏ်ငွေကျနေတဲ့ နေ့စဉ်သိန်းပေါင်းမြောက်မြားစွာကို ဘယ်သူတွေ စီမံခန့်ခွဲနေလဲ။ အစရှိသဖြင့် ယိုပေါက်တွေကို လိုက်ပိတ်ရမယ်။ ပြည်သူဆီက အခွန်ငွေပိုကောက်တယ်ဆိုတာ နောက်ဆုံးဆေးခါးကြီးပဲ။ ဆေးခါးကြီးမတိုက်ခင် တခြားနည်းတွေကို လေ့လာပါဦး။ ဒါပေမဲ့ အချိန်တော့ သိပ်မရတော့ဘူး။

အခွန်ကိစ္စကို ပြောပြီးရင် အာမခံကိစ္စ။ အာမခံကို ပုဂ္ဂလိကကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပေးထားတယ်ဆိုပေမယ့် ဗဟိုကချုပ်ကိုင်ထားတုန်းပဲ။ မြန်မာနိုင်ငံတာဝန်ရှိသူတွေက အပေါ်ကချုပ်ကိုင်ထားတဲ့ ကြိုးနီစနစ်ကို တော်တော်ကြိုက်ကြတယ်။ ငွေကြေးအမြတ်အစွန်းပိုရပြီး ပုဂ္ဂလိကကုမ္ပဏီတွေ လုပ်ချင်တာတွေကို လုပ်ပိုင်ခွင့်ပေးမထားဘူး။

ဒီမိုကရေစီစနစ်မှာ အစိုးရက စီးပွားရေးလုပ်စရာမလိုတော့ဘူး။ အခွန်အကောက်နဲ့ပဲ ရပ်တည်ရမှာ။ အခုက အကူးအပြောင်းကာလဆိုပြီး အစိုးရစီးပွားရေးလုပ်နေတာကို ဆွေးနွေးနေရတာပဲ။ အစိုးရစီးပွားရေးလုပ်ပြီး အစိုးရ၀န်ထမ်းတွေချမ်းသာတဲ့ တိုင်းပြည်ပဲဖြစ်လို့ မရဘူး။

အာမခံလုပ်ငန်းဆိုတာ အလျော်ပဲ။ လောင်းကစားဆန်တယ်။ နိုင်ရင်စားလိုက်၊ ရှုံးရင်ပေးလိုက် ရှင်းရှင်းလေးပဲ။ ဒါပေမဲ့ မြန်မာ့အာမခံလုပ်ငန်းက စားချင်တယ်။ ပြန်မပေးချင်ဘူး။ လူသေတာတောင် လျော်ကြေးငွေက ၁၀ သိန်းပဲ ပေးလျော်တယ်။ တစ်ဒေါ်လာကို ခြောက်ကျပ်နဲ့တွက်ပြီး လျော်သလိုလျော်နေတော့ တော်တော်ကြီး စွန့်စားလိုက်ရသလိုဖြစ်နေတယ်။ ခေတ်နဲ့မညီတော့ဘူး။

အဲတော့ ပုဂ္ဂလိကကုမ္ပဏီတွေကလည်း သိန်း ၂၀ လောက် လျော်ကြေးပေးတာကို တခမ်းတနားနဲ့ သတင်းစာတွေထဲမှာ ဓာတ်ပုံတွေနဲ့ ဖော်ပြနေကြတယ်။ ဒီခေတ်မှာ သိန်း ၂၀ဆိုတာလည်း ဘာမှဟုတ်တိပတ်တိရှိတာ မဟုတ်ဘူး။ ကားတစ်စီးကို ဂျပန်နိုင်ငံမူလပေါက်ဈေး ၁၀ သိန်း ၁၅ သိန်းလောက်နဲ့ ရောင်းချပေးနိုင်ရင်တော့ မဆိုသာဘူးပေါ့။

အာမခံလုပ်ငန်းကို တွင်ကျယ်လာအောင် လုပ်ပေးနိုင်ရင် အာမခံထားလာကြလိမ့်မယ်။ လိုအပ်ရင် အာမခံမထားမနေရ (မော်တော်ကားတွေလို) ဥပဒေထုတ်သင့်ရင်ထုတ်ရမှာပဲ။ အာမခံဆိုတာလည်း တစ်နည်းဆိုရရင် အခွန်ကောက်တာပဲ။ ကုမ္ပဏီတွေဘက်က လျော်ရမယ်ဆိုရင်လည်း ထိရောက်မှုရှိဖို့တော့ လိုအပ်ပါတယ်။ ဒါတော့ အရေးကြီးတယ်။ အခွန်စနစ်အောင်မြင်ဖို့ အာမခံစနစ်နဲ့ စသွားလို့ရတယ်။ လူတွေက ကိုယ်ပေးလိုက်တဲ့အခွန်ငွေတွေ ဘယ်ရောက်သွားသလဲလို့ဆိုတာထက် အလျော်အစားရှိတဲ့ အာမခံကိစ္စကို ပိုစိတ်ဝင်စားလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာ တိုင်းပြည်ဖွံ့ဖြိုးဖို့က အဓိကကျနေတယ်။ ပြည်သူတွေ လုပ်စရာရှိရင်၊ စားစရာရှိရင်၊ နေစရာရှိရင် ဘာပြဿနာမှ ဖြစ်လာမှာမဟုတ်ဘူး။ အဲဒီလိုဖြစ်ဖို့က တိုင်းပြည်က ဖွံ့ဖြိုးနေဖို့လိုတယ်။ ခေတ်စကားနဲ့ပြောရရင် ဂဏန်းငြိမ်ဖို့လိုတယ်။ ကဏန်းငြိမ်တယ်ဆိုတာ သေချာတိကျတာကို ပြောတာ။ အခုက ယောင်ဝါးဝါးနဲ့ စမ်းသပ်နေကြတယ်။ ဆေးခါးကြီးပဲ တိုက်ချင်နေကြတယ်။

ဘဏ်လုပ်ငန်းက အရေးကြီးတယ်ဆိုတာ အရိပ်အမြွက်လောက်ရေးပြထားလို့ သိတန်သလောက်သိနိုင်ပါတယ်။ အဲတော့ ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲဖို့ဆိုတာကို ခန့်မှန်းနိုင်လောက်မယ် ထင်ရတယ်။ ဘဏ်လုပ်ငန်းဖြေလျှော့ပေးလိုက်လို့ နိုင်ငံတကာဘဏ်တွေ လုပ်နိုင်ပြီး လာလုပ်လို့ နိုင်ငံတကာယုံကြည်ရတဲ့ ဘဏ်တွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ၀င်ရောက်လာလို့ ပြည်သူတွေ အတိုးနည်းနည်းနဲ့ ချေးငွေယူပြီး အလုပ်တွေလုပ်လာနိုင်လို့ အလုပ်အကိုင်အခွင့် အလမ်းတွေများလာလို့ သာမန်ပြည်သူတွေ ၀င်ငွေကောင်းလာလို့ ၀ယ်လိုအားများလာလို့၊ တိုင်းပြည်ဖွံ့ဖြိုးလာလို့၊ ငွေကြေးဖောင်းပွမှု တွေကျဆင်းသွားလို့ ...။

ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်လာအောင်နဲ့ တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် ဘဏ်လုပ်ငန်းက အချက်အလက်တစ်ခုပဲ ဖြစ်ပါသေးတယ်။ တခြားကိစ္စတွေလည်း ကျန်ပါသေးတယ်။

(ဂျပန်နိုင်ငံရှိ တိုကျိုစတော့အိတ်ချိန်းတစ်ခုကို တွေ့ရစဉ် ((ဓာတ်ပုံ) နွဲ့ယဉ်အေး))

Eleven Media Group

ထိုင်းအစိုးရဆန့်ကျင် ဆန္ဒပြသမားတွေရဲ့ သပိတ်စခန်းအနီး ဗုံးပေါက်ကွဲ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေရဲ့ သပိတ်စခန်းအနီးမှာ ဖေဖော်ရီ ၂၁ ရက်နေ့ညမှာ ပေါက်ကွဲမှုဖြစ်ပြီး လူ ၆ ယောက် ဒဏ်ရာရသွားပါတယ်။

ထိုင်းအစိုးရ  ဆန့်ကျင်ဆန္ဒပြ သမားများကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က တွေ့မြင့်ရစဉ်
ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြ သမားများကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က တွေ့မြင့်ရစဉ်

ရဲတွေရဲ့ အဆိုအရ မီတာ ၃၀၀ လောက်အကွာ တံတားပေါ်ကနေ လက်ပစ်ဗုံး ပစ်သွင်းခဲ့တာလို့ ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့ ရတ်ချပရာဆွန် လမ်းဆုံမှာ ဆန္ဒပြသမားတွေ စခန်းချနေတာ လနဲ့ ချီကြာနေပါပြီ။ လူ ၆ ယောက် ဒဏ်ရာရပြီး ကားသုံးစီးလည်း ပျက်စီးသွားတယ်လို့ ရဲအဖွဲ့က ဆိုပါတယ်။

ဝန်ကြီးချုပ် ယင့်လခ် အစိုးရကို ဖြုတ်ချရေး ကြိုးစားနေတဲ့ ဆန္ဒပြသမားတွေဟာ ဘန်ကောက်မြို့ပေါ်က အဓိက လမ်းဆုံတွေမှာ ပိတ်ဆို ဆန္ဒပြနေတာ နိုဝင်ဘာကတည်းက ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားချိန်ကစလို့ လုံခြုံရေးတပ်ဖွဲ့တွေက အထိရောက်ဆုံး ကြိုးပမ်းမှုအနေနဲ့ ဆန္ဒပြသူတွေ သိမ်းပိုက်ထားတဲ့ အစိုးရအဆောက်အဦ ပတ်ဝန်းကျင် ပြီးခဲတဲ့အပတ်က ရှင်းလင်းမှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့တာကြောင့် အကြမ်းဖက်မှုတွေ ပြန်ဖြစ်ခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲအရာရှိတဦးနဲ့ ဆန္ဒပြသူ ၄ ဦးသေဆုံးခဲ့ပါတယ်။

DVB Burmese

စာမေးပွဲ



(ဆောင်းပါးရှင် - မျိုးကို)

ဒီကနေ့ သမိုင်းဖြေရသည်။ ပထမ တစ်ပုဒ်ကို ရှောရှောရှူရှူဖြေနိုင်၏။ သို့တိုင် ဖြေပြီးသည့်အချိန်မှာ နာရီကြည့်လိုက်တော့ တစ်နာရီတိတိ ကြာသွားပြီ။ နောက်တစ်ပုဒ်က အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲ။ အသေအချာကျက်ထားသော်ငြား စာက ရသလိုလို၊ မရသလိုလို။ ဘုရင်ခံလာ့ဒ်အမ်းဟတ်စ်လက်ထက်လား၊ လော့ဒ်ဒါလဟိုဇီလက်ထက်မှာလား။ အာသံ၊ မဏိပူရအရေးလား၊ ရန်ကုန်မြို့တော်ဝန် ဦးအုပ်က အင်္ဂလိပ်တွေကို ဒဏ်ရိုက်သည့်ကိစ္စလား။ မသေမချာ၊ မရေမရာ။ နောက်ဆုံး လော့ဒ်ဒါလဟိုဇီနှင့် ဒဏ်ရိုက်သည့်ကိစ္စကို ရွေးချယ်ပြီး စာတွေကိုမှတ်မိသမျှဖြေနေစဉ်မှာ အချိန်စေ့ခေါင်းလောင်းထိုးသည်။ သွားပြီဟု အကြီးအကျယ် စိတ်ဓာတ်ကျသွားချိန်မှာ...။

ဒါအိပ်မက်ပဲဟု သိလိုက်ရတော့ တော်တော်လေး နေသာထိုင်သာရှိသွားသည်။ ကလေးနှစ်ယောက်ရပြီးသည်အထိ စာမေးပွဲတ စ္ဆေကခြောက်လှန့်လို့ ကောင်းနေဆဲ။ စာမေးပွဲတစ္ဆေအခြောက်ခံရသည့်ညတွေ ယခင်ကလောက် မစိပ်တော့သော်ငြား စာမေးပွဲဖြေခါနီး အဆင်သင့်မဖြစ်သေးတာတွေ၊ ဖြေနေစဉ်မှာ စာမရလို့ သွေးပျက်ရတာတွေကတော့ အရင်အတိုင်းပါပဲ။ သေချာသည်ကတော့ စာမေးပွဲပုံရိပ်က နှလုံးသားမှာသာမက ဦးနှောက်ထဲအထိ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခြင်း။

သူငယ်တန်းစတက်သည်မှ လက်ရှိအချိန်ထိ ဖြေဆိုခဲ့ရသည့် စာမေးပွဲပေါင်းက မနည်းတော့။ ဖြေနိုင်သည်လည်း ရှိ၊ မဖြေနိုင်သည်လည်း ရှိ။ ဖြေနိုင်လျှင်ပျော်ပြီး မဖြေနိုင်လျှင် စိတ်ညစ်ရသည်ကတော့ လောကဓမ္မတာပဲ ထင်၏။ ဖြေဆိုပြီးသမျှ စာမေးပွဲထဲမှာ ငယ်စဉ်က ဖြေခဲ့ရသည့် ရှစ်တန်းစာမေးပွဲကို ကြည်ကြည်နူးနူး သတိရနေမိသည်။ ရွာမှာ အထက်တန်းကျောင်းမရှိသည်မို့ အတန်းတင်စာမေးပွဲကို မြို့ကျောင်းသွားပြီး ဖြေရ၏။ နာမည်ကြီးဘုရားပွဲတော်ကျင်းပသည့် ရက်များကျမှသာ တစ်နှစ်တစ်ခေါက် မနည်းရောက်ရသည့် တောမြို့ကလေးက ဘုန်းကြီးကျောင်းမှာ တစ်ပတ်၊ ၁၀ ရက်လောက်နေပြီး စာမေးပွဲဖြေရသည်ဆိုတော့ ရေငတ်နေတုန်း ရေတွင်းထဲကျသည့်နှယ် ပျော်လိုက်ရသည်ဖြစ်ခြင်း။နောက်ထပ်ပျော်စရာ စာမေးပွဲတစ်ခုကတော့ ဘွဲ့လွန်နောက်ဆုံးနှစ် စာမေးပွဲ။ ပျော်ရသည်ဆိုသော်ငြား ဖြေနေစဉ်တုန်းကတော့ ဆောက်တည်ရာမရခဲ့။ အထူးသဖြင့် နှုတ်ဖြေဖြေသည့်ရက်။ ဘွဲ့လွန်သင်တန်းတစ်လျှောက်လုံး စိပ်လာသည့်ပုတီးက နှုတ်ဖြေ စာမေးပွဲဖြေရမည့် မနက်ကျမှ ကောက်ကာ ငင်ကာ ပြတ်ကျသည်။
အဆောင်ပြန်ရောက်တော့ သတင်းကောင်း သိုးသိုးသံ့သံ့ကြားရ၏။ နောက်တစ်ရက် အားလုံးစာမေးပွဲဖြေအပြီး ညနေပိုင်းမှာ အောင်စာရင်းထွက်သည်။ အောင်ပြီ စာမေးပွဲ၊ ဖြစ်ပြီ အထူးကု။

မန္တလေးဆေးကျောင်းမှာ ဘွဲ့ကြိုသင်တန်း တက်သည့်နှစ်တွေကတော့ စာမေးပွဲများနှင့် နပန်းလုံးရင်း အချိန်ကုန်မှန်းမသိ ကုန်သွားသည်။ အဆိုးဆုံးကတော့ ဒုတိယနှစ်။ အင်္ဂလိပ်ကိုစပြီး ကျက်မှတ်ဖြေဆိုရသည့်နှစ်မှာပင် စာမေးပွဲတွေကမပြီးနိုင်၊ မစီးနိုင်။ အခန်းတစ်ခန်းပြီးတိုင်း တတ်မြောက်မှုစာမေးပွဲ စစ်သည်ဆိုတော့ နှစ်ပတ် တစ်ခါလောက် စာမေးပွဲဖြေနေရသည်။ နှစ်ဘာသာထဲရှိလို့သာ တော်တော့၏။ ဒီစာမေးပွဲရမှတ်တွေကို အတန်းတင်စာမေးပွဲမှာ ထည့်တွက်သည်ဆိုတော့လည်း မပေါ့ဆသာ။
ဒုတိယနှစ်ကို ကျော်လွန်ပြီးနောက်ဝယ် စာမေးပွဲတွေက ကိုယ့်အတွက် မဆန်းတော့သလို ဖြစ်လာသည်။

အလုပ်ဆင်းအပြီး အစိုးရအလုပ်ဝင်ဖို့အတွက် ဖြေရသော လူတွေ့စာမေးပွဲကတော့ အလွယ်ကူဆုံး ဖြစ်မည်ထင်၏။ ထိုစဉ်က မ၀င်မနေရစနစ်ဆိုတော့ အားလုံးအရွေးခံရဖို့ သေချာပြီးသား။ ဒီတော့လည်း လူတွေ့စာမေးပွဲက အာလာပ သလာပ လောက်နှင့်သာ ပြီးသွားသည်။လက်ထောက်ဆရာဝန်အဖြစ် လုပ်သက်နှစ်နှစ်ရလာတော့ စာမေးပွဲတွေကို လွမ်းနာကျကာ ဘွဲ့လွန်စာမေးပွဲ ၀င်ဖြေသည်။ ဥာဏ်က ခပ်ထိုင်းထိုင်းဆိုတော့ တစ်ကြိမ်တည်း နှင့်မအောင်။ နောက်တစ်နှစ် ဒုတိယအကြိမ်ထပ်ဖြေမှ အောင်သည်။
ထိုစဉ်ကလည်း တော်တော်လေး ရင်ခုန်ရပါ၏။ ရေးဖြေအောင် စာရင်းထွက်တော့ ဇနီးသည်၏ဇာတိ မြစ်ဝကျွန်းပေါ်သို့ ရောက်နေသည်။ ကံကောင်းထောက်မစွာပင် ထိုမြို့မှာတာဝန်ကျနေသော အပေါင်းအသင်းနှံ့စပ်သည့် တစ်ကျောင်းထဲထွက် သူငယ်ချင်းများထံမှတစ်ဆင့် ရေးဖြေအောင်သည်ကို သိရသည်။ နှုတ်ဖြေပြီးလို့ အပြီးသတ်အောင်စာရင်းထွက်ချိန်မှာတော့ တာဝန်ကျရာ စစ်ကိုင်းတိုင်းအထက်ပိုင်းက တိုက်နယ်ဆေးရုံလေးကို ပြန်ရောက်နေပြီ။

ဆက်သွယ်ရေးခက်ခဲသဖြင့် ခပ်လှမ်းလှမ်းက အော်တိုအိတ်ချိန်းရှိသောမြို့လေးသို့ ဇနီးသည်က ရထားစီးသွားကာ ရန်ကုန်ရှိ ဆေးသိပ္ပံပညာဦးစီးဌာနကို ဖုန်းဆက်မေးသည်။ ညပိုင်း ရထားဝင်လာတော့ ဇနီးသည်၏ အပြုံးမျက်နှာကို မြင်ရ၏။ ၀မ်းသာအားရ ကျွန်တော် ထခုန်သည်။

အခုတော့လည်း ကိုယ်တိုင်ကတော့ စာမေးပွဲနှင့်ဝေးသည်မှာ ဆယ်စုနှစ်တစ်ခု ကြာခဲ့ပြီ။ သူငယ်ချင်းအချို့ကတော့ စာမေးပွဲပင်လယ်ထဲမှာ ဆက်လက်မျောပါ ကူးခပ်ရင်း ပညာနှင့်ပတ်သက်၍ တစ်ဖက်ကမ်းခတ်ဖို့ ကြိုးစားနေကြဆဲ။ ပေါက်ရောက် အောင်မြင်သွားသူတွေရှိသလို အားလျှော့လက်မြှောက်သွားသူအချို့လည်း ရှိသည်။ မလျှော့သောဇွဲဖြင့် ဆက်လက်ကူးခပ်နေသူတွေကလည်း ဒုနှင့်ဒေး။ သူတို့ကိုတော့ “ပျံသာပျံပါ ရွှေဟင်္သာ” ဟု အားပေးလိုက်ချင်သည်။

ကျွန်တော်ကိုယ်တိုင်က စာမေးပွဲတွေကို နှုတ်ဆက်လိုက်သော်ငြား စာမေးပွဲနှင့် လုံးလုံးလျားလျား ကင်းကွာလို့မရသေး။ ငယ်ငယ်ရွယ်ရွယ်မှာ တစ်လတစ်ခါဖြေရသည့် စာမေးပွဲနှင့် အသားကျစပြုလာသော အလယ်တန်းကျောင်းသူ သမီးကြီးနှင့် စာမေးပွဲ၏အရသာကို ခုမှစလုံးရေစကာ တစ်ခါမြည်းဖူးထားသည့် သူငယ်တန်းကျောင်းသားတို့ကြောင့် စာမေးပွဲတွေကို တစ်စိတ်တစ်ပိုင်းတော့ ပါဝင်ပတ်သက်ပြီး ပံ့ပိုးကူညီနေရသေးသည်။

ယနေ့ခေတ်စာမေးပွဲက ကျွန်တော်တို့ခေတ်နှင့် မတူ။ ကျွန်တော်တို့တုန်းက မူလတန်းမှသည် တက္ကသိုလ်ဝင်တန်းအထိ ပထမအစမ်း၊ ဒုတိယအစမ်းနှင့် အတန်းတင်စာမေးပွဲဆိုပြီး စာသင်နှစ်တစ်နှစ်လျှင် သုံးကြိမ်တိတိ စာမေးပွဲဖြေရသည်။ အတန်းတင်စာမေးပွဲကို စာမေးပွဲကြီးဟုလည်း ခေါ်ကြ၏။ တစ်ကြိမ်ထက်တစ်ကြိမ် စာပိုများလာသည်ကလွဲ၍ တူညီတာတစ်ခုကတော့ စာမေးပွဲသုံးခုစလုံး ကြိုပြီး မေးခွန်းမသိရခြင်းဖြစ်သည်။ ပထမအစမ်းမှာ နှစ်အစမှ စာမေးပွဲကျင်းပချိန်အထိ သင်ပြီးသမျှ သင်ခန်းစာတွေထဲမှ ထုတ်နုတ်မေးသလို ဒုတိယအစမ်းမှာလည်း ထိုနည်းနှင်နှင်။ စာမေးပွဲကြီးကတော့ စာအများဆုံး။ စာမေးပွဲပုံစံက တက္ကသိုလ်ဝင်တန်းမှာ အစိမ်းသက်သက် ဖြစ်မနေဘဲ ကျင့်သားရသွားအောင် ရည်စူးထားဟန်တူသည်။

ဒီဘက်ခေတ်ကျတော့ ကျောင်းသားတွေ စာကျေစေရန်အလို့ငှာ လပတ်စာမေးပွဲတွေ မှန်မှန်လုပ်ပေးသည်။ နောက်နှစ်ဝက် စာမေးပွဲ နှစ်ခု။ ပထမနှစ်ဝက်စာမေးပွဲမှာ နှစ်စမှ နှစ်လယ်အထိ သင်ပြီးသမျှစာတွေကို ထုတ်နုတ်မေးသည်။
ဒုတိယနှစ်ဝက်စာ မေးပွဲမှာတော့ နှစ်လယ်မှ နှစ်ကုန်အထိ စာတွေကို မေး၏။ နှစ်အစကစာတွေကို ပြန်မမေးတော့။ တက္ကသိုလ်ဝင်တန်းရောက်တော့မှသာ ယခင့်ယခင် စာမေးပွဲများနှင့်မတူ တစ်မူထူးခြားစွာ တစ်နှစ်လုံးစာတွေကို အကုန်ပေါင်းပြီး ဖြေရသည်။

သည်မှာ ဇာတ်လမ်းစ၏။ စာနည်းနည်းလေးကိုပဲ ကျက်ပြီးဖြေလာရတော့ ကျောင်းသားတွေက များများကျက်၊ များများတွက်၊ များများလေ့ကျင့်ရမှာကို ပျင်းလာကြသည်။ စာနည်းနည်းပဲ ဖြေရသည်မို့ သင်္ချာလို ဘာသာရပ်မျိုးမှာပင် စဉ်းစားဥာဏ်မသုံးဘဲ အလွတ်ကျက်ဖြေတာတွေ လုပ်လာကြသည်။ သည်အထဲ အချို့ကျောင်းတွေမှာ ကျောင်းသားတွေကို မဟာကရုဏာတော်ထားပြီး လပတ်စာမေးပွဲလေးအတွက်ကိုပင် မေးခွန်းကြိုပေးထားတာတွေ လုပ်တတ်ကြ၏။ နှစ်ဝက်စာမေးပွဲကိုတော့ စစ်ချင်သလိုလို၊ မစစ်ချင် သလိုလို။ အချို့ကျောင်းတွေမှာ မသိကျိုးကျွန်ပြုပြီး နှစ်ဝက်စာမေးပွဲကို မစစ်ဘဲထားတာတွေရှိသည်။

ပိုဆိုးသည်က စာစီစာကုံးပြိုင်ပွဲများမှာပင် ခေါင်းစဉ်ကြိုပေးထားပြီးမှ ပြိုင်ပွဲဝင်ခိုင်းခြင်း ဖြစ်သည်။ ခေါင်းစဉ်ကြိုပေးသည်ဆိုကတည်းက ကျောင်းသားများ၏ အရည်အချင်းအစစ်အမှန်ကိုရဖို့ရာ တော်တော်ကလေး ခဲယဉ်းပါလိမ့်မည်။ ပြိုင်ပွဲအတွင်းက စာစီစာကုံးသည် ကျောင်းသား၏ စိတ်ကူးစိတ်သန်းဖြစ်ဖို့ထက် နောက်ကွယ်က မိဘ သို့မဟုတ် အနီးကပ်ဆရာ၏ လက်ရာဖြစ်ဖို့သာ များပါ၏။ တကယ်တော့ ကျောင်းသားက တလွဲဆံပင်ကောင်းနေသူတို့၏ အတ္တစိတ်ကူးကို ပုံဖော်ပေးရသည့် ရုပ်သေးရုပ်သာလျှင် ဖြစ်လိမ့်မည်။

ငယ်စဉ်က စာမေးပွဲသည် ကျောင်းသားများ၏ အရည်အချင်းကို အကဲဖြတ်ရာတွင် အကောင်းဆုံးစနစ် မဟုတ်ကြောင်း၊ အခြားသူ့ထက်ကောင်းသည့်စနစ် မပေါ်သေးသဖြင့်သာ စာမေးပွဲစနစ်ကို သုံးနေရခြင်းဖြစ်ကြောင်း ဆရာတွေပြောသည်ကို ခဏခဏကြားဖူးသည်။ အခုတစ်လော လူပြောများနေသည့် ကျောင်းသားဗဟိုပြုစနစ် မထွန်းကားသေးလျှင် နေပါစေ၊ စာမေးပွဲစနစ်ကိုအရင် ကျွန်တော်တို့ခေတ်က အနေအထားမျိုးလောက်ရောက်အောင် ကြပ်ကြပ်မတ်မတ် လုပ်နိုင်လျှင်ပင် သိပ်မဆိုးဟု ထင်ပါသည်။ အထူးသဖြင့် မေးခွန်းပေးပြီး ဖြေခိုင်းသည့်စနစ်ကို အရင်ဆုံးပျောက်အောင် ဖျောက်နိုင်လျှင် ကောင်းလေမလား။

“ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး” တဲ့။ ယနေ့လူငယ်တို့သည် နောင်တစ်ခေတ်ကို ပိုင်စိုးမည့်သူများ ဖြစ်ကြသည်။ နောင်တစ်ခေတ်၏ ခေါင်းဆောင်ဖြစ်လာမည့်သူများအား လမ်းမှားကိုမညွှန်ပြသင့်သလို အတွေးအခေါ်မှားတွေလည်း မသွတ်သွင်းသင့်ပါ။ ဘ၀မှာ ရင်ဆိုင်ကြုံတွေ့လာရမည့် ပြဿနာများ၊ အခက်အခဲများသည် နေရာမျိုးစုံ၊ အနေအထားမျိုးစုံမှ ပုံစံမျိုးစုံဖြင့် ပေါ်လာနိုင်ပါသည်။ မေးခွန်းကိုကြိုမသိနိုင်သလို အဖြေကို စာအုပ်ထဲမှာ ရှာလို့မရ။ ပြဿနာကြုံလာပါမှ ဖြေရှင်းနည်းမသိဘူးဆိုပြီး ဘွာခတ်လို့ မရစကောင်း၊ ရှောင်ပြေးလို့ မရစတမ်း။ မသိသည့်ပုစ္ဆာကို အဖြေညှိရမည်မို့ နောင်ရေးကို အရှည်တွေးလျက် ဖြေဆေးအလျင် အမြန်ရှာသင့်ပြီဟူ၍သာ။

(ယမန်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းခန်းအတွင်းသို့ ၀င်ရောက်နေသည်ကို တွေ့ရစဉ်)

Eleven Media Group

ထုံဆေး၏ အာနိသင်



(ဆောင်းပါးရှင် - တက္ကသိုလ်မိုးဝါ)

ဆေးဝါးသုံး၍ဖြစ်စေ၊ ရှူသွင်းသော ဓာတ်ငွေ့ဖြင့်ဖြစ်စေ လူ့ခန္ဓာကိုယ်၏ အာရုံသိမှုအား လုံးဝပျက်ပြယ်သွားစေနိုင်သည်။ နာကျင်ခြင်း ခံစားချက်အာရုံအသိ မရှိတော့သည့် အခြေအနေသို့ရောက်စေရန် "ထုံ"ဆေးက ပြုလုပ်စွမ်းဆောင်နိုင်သကဲ့သို့၊ ယင်းထုံဆေးပမာဏကို အတိုင်းအဆတစ်ခုအထိ တိုးမြှင့်လိုက်ခြင်းအားဖြင့် ယင်းဆေးသည် မေ့ဆေးဖြစ်သွားပြီး အသုံးပြုသူအား အခိုက်အတန့်မေ့မြောသွားစေရန် စွမ်းဆောင်နိုင်သည်။

ထုံဆေး (Nitrous Oxide) ကို ၁၇၉၈ ခုနှစ်တွင် ဆာဟမ်ဖရီ ဒေဗီ (Sir Humphrey Davy) ဆိုသူ ဗြိတိသျှဓာတုဗေဒပညာရှင်က စတင်တွေ့ရှိသည်ဆိုသည်။ ၁၈၄၆ ခုနှစ်တွင်တော့ အီသာ (Ether) ဓာတ်ငွေ့သုံး၍ အောင်မြင်သော ခွဲစိတ်မှုတစ်ရပ်ကို အမေရိကန်ခွဲစိတ်ကုဆရာဝန် ၀ီလျံမော်တင် (William Morton) က ပြသနိုင်ခဲ့သည်။

ခေတ်ကာလအစောပိုင်းကသုံးသော ထုံဆေးများမှာ နိုက်ထရပ်စ်အောက်ဆိုဒ်အပါအ၀င် အငွေ့ပြန်လွယ်သော အီသာနှင့် ကလိုရိုဖောင်း (Chloroform) အရည်တို့ဖြစ်သည်။ ၁၈၇၂ ခုနှစ်တွင် ပြင်သစ်လူမျိုး ခွဲစိတ်ကုဆရာဝန် ပီးယဲအော်ရေး (Pierre Ore) က ကလိုရာလ်ဟိုက်ဒြိတ် (Chloral Hydrate) ကို ထိုးသွင်းဆေးအဖြစ် ကူးပြောင်းအသုံးပြုနိုင်ခဲ့သည်။

ဂရုတစိုက်ထိန်းကွပ်ပြီး အသုံးပြုခြင်းမရှိပါက ထုံဆေး (မေ့ဆေး) များသည် လူတို့ နာလန်မထူနိုင်သည်ထိ ဒုက္ခပေးနိုင်သည့် အဆိပ်အတောက်များဖြစ်သည့်ပြင် သေပင်သေစေနိုင်သည်။ တန်ဆေး လွန်ဘေးဆိုသလို ယင်းအားအသုံးပြုနေချိန်တွင် နှလုံးရော အသက်ရှူလမ်းကြောင်းကိုပါ အနီးကပ်အချိန် မလပ်စောင့်ကြည့်နေရန် လိုပေသည်။

လူကို ထုံဆေးအကျိုးပြုပုံနှင့်ပတ်သက်၍ ပြောရလျှင်၊ သွားနာသွားကိုက်ရောဂါဖြစ်သောအခါတွင်မှ သိသာသည်။ ကလေးငယ်များသွားပိုးစား၍ နုတ်ရတော့မည်ဆိုလျှင် ဆရာဝန်က အနည်းဆုံးတော့ သွားဖုံးကို ထုံဆေးထိုးပေးရသည်။ သို့မှသာ မနာကျင်ဘဲသွားကို နုတ်နိုင်မည်။ တစ်ခါတစ်ရံ တစ်ပိုင်းကျိုးပဲ့နေသည့်သွားကို ဆရာဝန်က ခက်ခက်ခဲခဲ ထိုးဆွတူးကော်ပြီးမှ နုတ်နိုင်သည်။ ထုံဆေးသာမပါလျှင် မည်သည့်နည်းနှင့်မှ မဖြစ်မြောက်နိုင်။ ထုံဆေး၏ အာနိသင်ဖြင့် ဘာမှမဖြစ်သလို နေနေနိုင်သည်။

ယခု၊ အရေပြားပေါ်သုတ်လိမ်းရုံမျှဖြင့် ထုံစေသော ခရင်ထုံဆေး၊ လိုးရှင်းထုံဆေး၊ မှုတ်ထုံဆေး၊ ဂျယ်လီထုံဆေး စသည်တို့လည်း ပေါ်ပေါက်လာပြီဖြစ်သည်။ ပိုးမွှားကောင်ကိုက်ခြင်း၊ အဆိပ်ပြင်းပျား တုပ်ခြင်း၊ အပူလောင်ခြင်းတို့အတွက် အဆိုပါထုံလိမ်းဆေးများမှာ အလွန်အသုံးတည့်သည်။

သိပ္ပံပညာ၏ တိုးတက်ထွန်းကားပုံမှာ လိုက်မမီအောင် အံ့မခန်းပင်ဖြစ်သည်။ မည်သည့်ကိုယ်ခန္ဓာအစိတ်အပိုင်းကိုမဆို လိုအပ်သလို ထုံဆေးလိမ်းတို့နိုင်သည်။ မျက်လုံးအကြည်လွှာ အပေါ်ယံကိုလည်းကောင်း၊ နှာခေါင်းအတွင်းပိုင်းသို့လည်းကောင်း၊ နား -လည်ချောင်းကိုလည်းကောင်း ထုံဆေးသုတ်လိမ်းနိုင်သည်။

သို့ရာတွင် လက်တစ်ဖက်ခြေတစ်ဖက် သွေးလျှောက်နည်း၍ ထုံခြင်း၊ ပါးတစ်ခြမ်းထုံခြင်းတို့အတွက်မူကား ဤထုံဆေးတို့က အရာမရောက်။ အနာနှင့်ဆေး တခြားစီဖြစ်နေသည်။ ခြေလက်ထုံကျဉ်သောရောဂါကို ကုရန်မှာ ဖြစ်ကြောင်းကုန်စင် ဇာစ်မြစ်ဦးဆုံး ရှာမှရမည်။

လောကလူ့ရွာ၌ အတွေးအခေါ်နည်းပါးပြီး ထုံထိုင်းနုံအသူတွေ အများကြီးရှိသည်။ ထုံထိုင်းနုံအသူတွေမှာ အများအားဖြင့် ဖြောင့်စင်းရိုးသားသည်။ တည့်မတ်စွာသာတွေးတတ်သည်။ သူများပြောတိုင်း ဆွယ်တိုင်း ယုံလွယ်သည်။ လှည့်စားခံရလွယ်သည်။

ပြီးတော့၊ ပညာဥာဏ်လည်း အထိုက်အလျောက် ချို့တဲ့သူများဖြစ်၍ ခြိမ်းခြောက်ခံရလျှင် ကြောက်တတ်ကြသည်။ ကိုယ့်ပစ္စည်း သူတစ်ပါး အဓမ္မလိမ်လည်ယူသွားလည်း မပြောရဲမဆိုရဲ၊ မည်သူကို တိုင်တည်ရမည်မသိ၊ တိုင်တည်ပြန်တော့လည်း အကြောင်းမထူးမခြားနား။

ထုံဆေး၏အာနိသင်ကို ဆရာဝန်များသာမက သာမန်လူတွေပင် သိနေကြပြီ။ အသုံးလည်း ချတတ်နေကြပြီ။

ဒီမိုကရေစီသို့ အာဏာရှင်စနစ်မှ ကူးပြောင်းနေဆဲကာလမျိုးတွင် နျူတန်၏ နိယာမအတိုင်း ပြုမူချက်တစ်ခုအတွက် အင်အားညီမျှသော ဆန့်ကျင်တုံ့ပြန်ချက်တစ်ခု အမြဲရှိသည်ဟူသော အဆိုပြုချက်အတိုင်း အခြေအနေမျိုးရှိနေမည်ဟု စာရေးသူတို့ မျှော်လင့်ပြီးသားဖြစ်သည်။

ဆန့်ကျင်ဘက်အင်အားနှစ်ခုကြား ရေရှည်တွင် မည်သည့်အားက အလေးသာသွားမည်ဆိုသည်ကို သတိရှိရှိစောင့်ကြည့်ရဦးမည်။ ယခင်စနစ်ဟောင်းမှ လက်ကျန်စနစ်ဆိုးတို့ကို ပြုပြင်ရှင်းသန့်ရန် ကြိုးပမ်းနေချိန်၊ ဥပဒေဆိုင်ရာ ပြုပြင်ခြင်းရှိသော်လည်း အကျိုးရလဒ်အားဖြင့် ပြောင်းလဲခြင်းကို မတွေ့ရသေး။

ဆရာဝန်သည်သာမက ထုံဆေးကို သာမန်လူတွေပင် အသုံးချနေကြပြီ။ တစ်ကိုယ်လုံး လိမ်းထားသူများနှင့် ကိုယ်ခန္ဓာ၏ လိုရာအစိတ်အပိုင်းအချို့တွင် တို့လိမ်းထားသူများသာကွာသည်။ အကြားအာရုံကိုတားသည့် နားထဲသို့လည်း တို့သည်။ အမြင်အာရုံကိုေ၀၀ါးစေသည့် မျက်ခွံပေါ်သို့လည်း တို့သည်။ မကြားချင်၊ မမြင်ချင်၊ အနံ့မရှူချင်ဘူးဆိုလျှင် ဤထုံဆေးသည် မည်မျှအသုံးဝင်ပါသနည်း။ အပြစ်အနာအဆာများများ ရှိသူသည် ဤထုံဆေးကို လိမ်းထားပါက အနာပေါ် တုတ်ကျလျှင်ပင် နာကျင်မှုခံစားရမည် မဟုတ်တော့။

အပြစ်အနာအဆာ နည်းနိုင်သမျှနည်းနည်းဖြင့် ဘ၀တွင်နေထိုင်ရန် ကြိုးပမ်းသူတစ်ယောက်အဖို့ သဘောထားမှန်ကန်စွာဖြင့် "ဟီရိ" ဟူသောမကောင်းမှုဒုစရိုက်ကို ပြုရန်ရှက်ခြင်း၊ "သြတ္တပ္ပ" ဟူသော ကြောက်လန့်ခြင်းတရားတို့ကို လက်ကိုင်ထားရပေမည်။ ရှက်တတ်ခြင်းဖြင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းရာလည်း ရောက်ပေသည်။

အရှက်တရားနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးဖခင် မဟတ္တမဂန္ဒီအကြောင်း အနည်းငယ်ပြောလိုပေသည်။

ဂန္ဒီသည် ကာလတစ်လျှောက်လုံး ငြိမ်းချမ်းရေးလမ်းစဉ်အားစွဲကိုင်ပြီး အင်္ဂလိပ်တို့ကို မိမိတို့နယ်မြေမှ ထွက်ခွာသွားစေရန် တိုက်ထုတ်နိုင်ခဲ့သည်ကို သိကြပြီးဖြစ်သည်။ ဂန္ဒီ၏ သည်းခံခြင်းလမ်းစဉ်၊ ပြည်သူအတွက် အနစ်နာခံပြီး မိမိကိုယ်ကျိုးကိုစွန့်သော လမ်းစဉ်နှင့် အခြားအကြောင်းတရားများစွာကြောင့် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရခဲ့သည် မှန်သော်လည်း လူတွေသတိထားမိမည် မထင်သော အချက်တစ်ချက်ရှိနေသေးသည်။

ယင်းမှာ "နေဘယ်သောအခါမှ မ၀င်"ဟူသော လူမျိုးကြီးဝါဒစွဲကိုင်ထားသည့် အင်္ဂလိပ်လူမျိုးတို့၏ သိက္ခာနှင့် အရှက်တရား ထိန်းသိမ်းထားရှိမှုပင်ဖြစ်သည်။ သူတို့သည် သူတို့၏အရှက်တရားဟူသော သိက္ခာကို မည်သည့်အချိန်အခါ ၊ မည်သည့်အတွက်ကြောင့်မှ အထိခိုက်မခံနိုင်ကြသူများဖြစ်သည်။ အနိုင်မရနိုင်တော့သော ကျူးကျော်စစ်ပွဲတစ်ရပ်အား ကာလရှည်ကြာ ဆက်လက်ဆင်နွှဲနေပါလျှင် အင်္ဂလိပ်တို့သည် မိမိတို့သာ အရှက်ရတော့မည်ကိုသိ၍ အောင်မြင်စွာ အချိန်မီနောက်ဆုတ်သွားခဲ့ခြင်း ဖြစ်သည်ဟု စာရေးသူယူဆသည်။

အရှက်တရားဟူသည် သိက္ခာရှိခြင်း၊ မရှိခြင်းမှတစ်ဆင့် ပေါက်ဖွားလာသော အရာဖြစ်သည်ဟု တစ်ထစ်ချယူဆသည်။

ပြီးတော့ အနာရှိသူသည် ထုံဆေး၏အာနိသင် မပြယ်သေးသရွေ့တော့ အနာရှိန်တက်လိမ့်ဦးမည်မဟုတ်ဟု လုံးဝဥဿုံယုံကြည်သည်။

Eleven Media Group

ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးအတွက် အန်အယ်ဒီ နာယက ဦးဝင်းတင်နှင့် ဆရာတော် ဦးဝီရသူတို့ ဆွေးနွေး


သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) အပါအဝင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင် နဲ့ ဆရာတော် ဦးဝီရသူ တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ကျောင်းတိုက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးဝင်းတင် နဲ့ ဆရာတော် ဦးဝီရသူ တို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံပြီး ၅၉ (စ) ပုဒ်မ ကိစ္စကို အပါအဝင် ဖွဲစည်းပုံ ပြင်ဆင်ရေးနဲ့ ပက်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

ဦးဝင်တင်က ဒီဥပဒေဟာ ချွတ်ချော်မှုတွေရှိတယ်လို့ လွှတ်တော်က ယူဆထားပြီး ပျော့ပြောင်းတဲ့ နည်းလမ်းနဲ့ အတတ်နိုင်ဆုံး ပြည်သူတွေရဲ့ ဆန္ဒနဲ့ ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ အကြောင်း ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင် က “ဒီဥပဒေမှာကိုက ချွတ်ချော်မှုတွေ ရှိတယ်လို့ ယူဆတယ်။ ဘာဖြစ်လဲဆိုတော့ ဒီဥပဒေ စပြီး ပြုစုကတည်းကိုက ပြည်သူလူထုရဲ့ ဆန္ဒသဘောထားနဲ့ ပြုစုတာ မဟုတ်တဲ့အခါကြတော့ ဘာပဲပြောပြော ချွတ်ချော်မှုက ရှိတယ်။ အဲဒီ ချွတ်ချော်မှုကို ၀ိုင်းပြင်ဖို့ကို တပည့်တော်တို့ စဉ်းစားပါတယ်။ စဉ်းစားတဲ့အခါမှာ တတ်နိုင်သမျှ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ပဲ ပြန်ပြီးတော့ ပြင်ဖို့ လုပ်မယ်ဆိုတဲ့ သဘောထားနဲ့ပဲ လုပ်နေခြင်း ဖြစ်ပါတယ်။ တပည့်တော်တို့ လုပ်တဲ့နေရာမှာ တတ်နိုင်သမျှ အများကြီး ပျော့ပြောင်းတဲ့ ပုံစံအတိုင်း လုပ်ပါတယ်။ ဒါကြောင့် လွှတ်တော်ထဲမှာ ကြိုးစားပါတယ်။ လွှတ်တော်ထဲမှာ သိပ်ပြီးဖြစ်ပုံ မပေါ်တဲ့အခါကြတော့ လွှတ်တော်နဲ့ အပြိုင်ဖြစ်နေတဲ့ လွှတ်တော် ပြင်ပ နိုင်ငံရေးမှာ ပြည်သူလူထုရဲ့ ဆန္ဒခံယူဖို့ကို ကြိုးစားပါတယ်။ အဲဒီလို ကြိုးစားတဲ့အခါမှာ ဘယ်လောက် ကြိုးစားသင့်သလဲ၊ ဘယ်လောက် ပြောင်းလဲမလဲ၊ ပြင်မယ်ဆိုရင် ဘယ်လောက်ပြင်သင့်လဲ၊ ပြောင်းမယ်ဆိုရင် ဘယ်လောက်ပြောင်းမလဲ။ အဓိကကြတဲ့ အချက်ဖြစ်တဲ့ ၅၉ (စ) လိုဟာမျိုး၊ တပ်မတော်သားတွေ နိုင်ငံရေးဦးဆောင်မှုမှာ ရှေ့တန်းက ပါဝင်မယ်ဆိုတာမျိုး ဒီလိုအချက်တွေကြတဲ့အခါကြတော့ နည်းနည်းလေး ပြဿနာ ပေါ်လာတယ်။ ကွဲပြားမှုတွေက ကြီးလာတယ်။ အဲဒါလေးတွေ ရှိပါတယ်”လို့ ပြောပါတယ်။

ဆရာတော် ဦးဝီရသူ “၅၉ (စ)အတွက် ပြင်ဆင်တာ လိုလားတယ်။ ဒကာမအတွက် ချွတ်ယွင်းချက်မရှိ ထောက်ခံတယ်။ ဒါပေမယ့် ၅၉ (စ)ကို အကြောင်းပြုပြီးတော့ တိုင်းရင်းသား မဟုတ်တဲ့ သူတွေက အထူးသဖြင့် ဗမာလူမျိုးတွေက ရိုးတယ်၊ အတယ်။ ဖျံကျတဲ့သူတွေ ဝင်လာမယ်ဆိုရင် ဦးဇင်းတို့ တိုင်းပြည်က ပြည်သူတွေဟာ ဖျံကျခံနိုင်ဖို့ အဆင်သင့် မရှိသေးဘူး။ ဖျံကျကို ကာကွယ်နိုင်မည့် ဥာဏ်ရည်မရှိသေးဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် လွတ်တော်မှာ ဒီမိုကရေစီ အမတ်တွေ နေရာများများရဖို့ မျှော်မှန်းတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ မလုပ်ဘဲနဲ့ သမ္မတကို ချုပ်ကိုင်နိုင်တဲ့ ဂိုဏ်းချုပ်ကြီး လုပ်စေချင်တဲ့ အကြောင်းလည်း ဆရာတော်က မိန့်ခဲ့ပါတယ်။

ဆရာကြီး ဦးဝင်းတင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်အကျိုးကို ကြည့်ရှုတဲ့ ခေါင်းဆောင်တယောက်အနေနဲ့ ပြည့်ဝတဲ့ အရည်အချင်းတွေရှိတယ် အဲ့ဒီအရည်အချင်းတွေကို ပြည်သူတွေက ထပ်ဆင့်ပြီး အခြေခံ ဥပဒေရဲ့ ခွင့်ပြုချက်နဲ့ လမ်းဖွင့်ပေးမယ်ဆိုရင် သမ္မတ ဖြစ်ရေးဟာ နောက်ထပ်ဆက်လက် ဆောင်ရွက်ရမယ့် ကိစ္စတွေဖြစ်တယ်လို့ ပြောပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပက်သက်တဲ့ ဟောပြောပွဲတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို သွားရောက်ပြီး ဟောပြောတာတွေ လုပ်ခဲ့ပါတယ်။

လွှတ်တော်မှာလည်း ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီကို ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကလည်း အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး မူတွေကို ပေးပို့ထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အခန်း ၁၂ ပုဒ်မ ၄၃၆ ကို ပြုပြင် ပြောင်းလဲဖို့ NLD နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ကပူးပေါင်းဆောင်ရွက်ဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
DVB Burmese

ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာ မိသားစုများ ပြန်လည်ခွဲခွာ နှုတ်ဆက်


ကိုရီးယား စစ်ပွဲအတွင်း ကွဲကွာခဲ့ရပြီးနောက် ခဏတာ ပြန်လည်တွေ့ဆုံခွင့်ရတဲ့ မိသားစုတွေဟာ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ပြန်လည်ခွဲခွာဖို့ နှုတ်ဆက်ကြပါတယ်။

၁၉၅၀ – ၅၃ စစ်ပွဲအတွင်း ကွဲကွာခဲ့တဲ့ မိသားစုတွေဟာ မိသားစုပြန်လည်တွေ့ဆုံရေး အစီအစဉ်အရ နှစ်နိုင်ငံနယ်စပ် မြောက်ကိုရီးယား ဘက်အခြမ်း ကမ်ဂန်း အပမ်းဖြေစခန်းမှာ တွေ့ဆုံခွင့် ရတာပါ။

ပထမ အသုတ်အနေနဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ တောင်ကိုရီးယားဘက်အခြမ်းက တွေ့ဆုံခွင့် မဲပေါက်တဲ့ အသက်ကြီးရွယ်အို ၈၂ ယောက်ဟာ မိသားစုဝင် ၅၀ ယောက်နဲ့ အတူ နယ်စပ်ကို ဖြတ်ပြီး မြောက်ကိုရီးယားသား ဆွေမျိုးသားချင်းတွေနဲ့ တွေ့ဆုံပါတယ်။ ကြားထဲမှာ သူတို့ထဲက နှစ်ယောက်ကတော့ ကျန်းမာရေး ဆိုးရွားလို့ တောင်ကိုရီးယားဘက်က ပြန်နှင့်သွားပါပြီ။

တွေ့ဆုံခွင့် မဲပေါက်ထားတဲ့ ဒုတိယအသုတ်မိသားစု တွေ့ဆုံတာကိုတော့ တနင်္ဂနွေနေ့မှာ စတင်မှာ ဖြစ်ပြီး မြောက်ကိုရီးယားသား ၈၈ ယောက်နဲ့ တောင်ကိုရီးယားက ဆွေမျိုးသားချင်း ၃၆၁ ယောက်တို့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုဟာ သုံးနှစ်အတွင်း ပထမဆုံး ဖြစ်ပါတယ်။

 DVB Burmese

တိုင်းပြည်လမ်းကြောင်းမှန်ပေါ် ရောက်ပြီလား(သဘောထားအမြင်များ)


သမ္မတဦးသိန်းစိန်က “အစိုးရသက်တမ်း သုံးနှစ်ဝန်းကျင်မှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို အဓိက ဦးစားပေး အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်။ အခုချိန်မှာ တိုင်းပြည်က လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပါပြီ”လို့ ဖေဖော်ဝါရီ ၂၂ရက် ရန်ကုန်မြို့မှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခိုက် ပြောခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့က သမ္မတနဲ့ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် သမ္မတ ဦးသိန်းစဉ် မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ - ဒီဗွီဘီ)
ဖေဖော်ဝါရီ ၂၂ ရက်နေ့က သမ္မတနဲ့ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် သမ္မတ ဦးသိန်းစဉ် မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ – ဒီဗွီဘီ)

မြန်မာပြည် တကယ်ပဲ လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီလား။ သဘောထားအမြင်တချို့ စုစည်း တင်ပြပါ့မယ်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက မှန်းခြေ ရှိသလောက် မြန်မြန်ထက်ထက် သွားနေတာ မတွေ့ရဘူးလို့ ပြောပါတယ်။

“သူပြောတာ စီးပွားရေးသမားတွေနဲ့ ပြောတဲ့စကားဆိုတော့ စီးပွားရေးသမားတွေနဲ့ ပတ်သက်တဲ့ လမ်းကြောင်းမှန်ကို ပြောတယ်လို့ ယူဆရမှာပေါ့ဗျာ။ သူလုပ်နေတာကတော့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ သူတို့ ဆွဲဆောင်မှုတွေ လုပ်တယ်ဆိုတဲ့အပိုင်းကို အဓိကထား ပြောချင်ပုံပေါ် ပါတယ်။ သူပြောတဲ့ လမ်းကြောင်းမှန်က ဒါလို့ပဲ ကျနော်က အဓိပ္ပါယ်ဖွင့်လို့ ရပါတယ်။ ကျန်တဲ့အပိုင်းတွေကတော့ လမ်းကြောင်းမှန်ဆိုတဲ့ အခါမှာတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး စသဖြင့် အကုန်ပါတာပေါ့ဗျာ။ စီးပွားရေးသမားတွေနဲ့ တွေ့တဲ့ လမ်းကြောင်းမှန်ဆိုတာကတော့ ဒါပဲလို့ တွေးပါတယ်။ ကျန်တဲ့ဟာတွေက လမ်းကြောင်းမှန်တယ် မမှန်တယ်ကတော့ မသိဘူးပေါ့ဗျာ။”

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးကလည်း လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ပြောဖို့ စောသေးတယ်လို့ သုံးသပ်ပါတယ်။

“နည်းနည်းတော့ စောသေးတယ်ဗျ။ ဆိုလိုတာက သမ္မတကြီး ဦးသိန်းစိန် တက်လာတဲ့ နောက်ပိုင်းမှ မှန်ပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့တယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် နိုင်ငံရေး၊ စီးပွားရေး၊ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်မှုအပိုင်းမှာတော့ အရင်ကထက်စာရင် စစ်ပွဲတွေ နည်းသွားပြီးတော့ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးစားလာတာတော့ တွေ့တယ်။ သို့သော်လည်း လုံးလုံးလျားလျားကြီး လမ်းကြောင်းမှန်ပေါ်ကို ရောက်တယ်ဆိုတဲ့ဟာတော့ နည်းနည်းလေးများ စောနေမလားလို့ ကျနော်ကတော့ မြင်တယ်။ ဥပမာ အားဖြင့် ပြောမယ်ဆိုရင် တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး မရသေးတဲ့အခြေအနေ ပေါ့။ ဒါလည်း အပျက်သဘောနဲ့ ပြောတာမဟုတ်ဘူး။ ကျနော်ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ ပြောနေတာပါ။ အဲဒီတော့ သမ္မတကြီးပြောသွားတဲ့ဟာကိုတော အားလုံးသဘောမတူဘူး။ ဒါကျနော် ပွင့်ပွင့်လင်းလင်းပြောတာ။ နောက်တခုက စီးပွားရေးနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် စီးပွားရေးဆိုသည့်မှာ တိုင်းပြည်မှာ ရှိနေတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေပဲ ကောင်းစားသွားတဲ့ စီးပွားရေး ပုံစံမျိုး မဟုတ်ဘူးလေ။ အောက်ခြေလူတန်းစားကော ဘယ်လောက် ပြောင်းလဲမှုရဲ့ အကျိုးကို ခံစားရပြီလဲဆိုတဲ့ဟာနဲ့ တိုင်းတာရမယ်လို့ ထင်တယ်လေ။ ကျနော်မြင်တာက အောက်ခြေလူတန်းစားတွေ အနေနဲ့က သူတို့ဘ၀ တိုးတက်ပြောင်းလဲလာတာ ကျနော် မတွေ့သေးဘူး။”

ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က သမ္မတက အရင်လမ်းကြောင်း မှားတယ်လို့ ၀န်ခံသွားတာလို့ မှတ်ချက်ပေး ပြောပါတယ်။

“လမ်းကြောင်းမှန်ပေါ်ဆိုတာ ပထမ စစ်အုပ်ချုပ်ရေး လမ်းကြောင်းကို သွားတာကိုးဗျ။ နဂိုလမ်းကြောင်းကို မှားတယ်ပြောတာပေါ့။ တပ်ကလည်း ကျနော်တို့ထဲမှာ ပါနေတာကိုး။ ဒီ ဖွဲ့စည်းပုံအခြေခံ ဥပဒေက တပ်က ဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြစ်တဲ့အတွက် သူတို့ ဟိုဘက်ကို ပြန်လုပ်လို့မရဘူးလေ။ အဲဒီအတွက် ဒီလမ်းကြောင်းကိုပဲ သူပြောတာပါ။”

၁၉၉၀ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ရွေးကောက်ခံကိုယ်စားလှယ် ဒေါက်တာတင့်ဆွေကလည်း အခြေခံကျတဲ့ ဖွဲ့စည်းပုံပြင်နိုင်မှ လမ်းကြောင်းမှန်ပေါ် ရောက်မယ်လို့ သုံးသပ် ပြောကြားပါတယ်။

“ယေဘုယျပြောရင်တော့ မှန်တယ်လို့ပဲ ပြောရမှာပါခင်ဗျ။ သမ္မတပြောသလိုပေါ့ သူပြောတဲ့ အချက်အလက်တွေအရ လုပ်နေတာလည်း မှန်တယ်။ ဦးတည်ချက်ကတော့ မှန်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ လေးလေးနက်နက် စဉ်းစားရင်တော့ စိုးရိမ်ချက်တွေ အများကြီး ရှိတယ်။ လုပ်နေတာတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကြီး အပေါ်မှာ အခြေခံပြီး သွားနေတယ်၊ လုပ်နေတယ်။ ဒီဖွဲ့စည်းပုံကြီး ရေးတုန်းကလည်း ဒီမိုကရေစီနည်းရော လူထုဆန္ဒရော ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒတွေနဲ့ လွဲကွဲပြီးတော့ ဆန့်ကျင်ပြီးတော့ မရမကရေးပြီးတော့မှ ရေးပြီးမှ လုပ်ခဲ့တဲ့ ဖွဲ့စည်းပုံကြီး ဖြစ်နေတော့ ဒီအခြေခံအပေါ် လုပ်နေတာတွေက ဘာပဲပြောပြော အခြေခံက မမှန်ဘူး။ သွားနေတာက မှန်ကောင်းမှန်မယ် ပေါ့လေ။ အဲဒါကြောင့် စိုးရိမ်ချက်တွေ အများကြီးရှိတော့ အခြေခံကျကျ မပြင်နိုင်သေးလို့ကတော့ ဘယ်လောက်ပဲ လမ်းကြောင်းမှန်မှန်၊ ဘယ်လောက်ပဲ ရှေ့ရောက်ရောက် ဒီဟာတွေဟာ အဟောသိကံ ဖြစ်နိုင်တဲ့အတွက် ကျနော်အများကြီး စိုးရိမ်တယ်ခင်ဗျ။”

တိုင်းပြည် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ပြောခဲ့တဲ့ သမ္မတစကားအပေါ် သဘောထား မှတ်ချက်အမျိုးမျိုး ကြားခဲ့ကြရတာပါ။

DVB Burmese

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ယနေ့နံနက် ၆နာရီက ထောက်ကြန့်မြို့ ဆန္ဒပြ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ယနေ့နံနက် ၆နာရီက ထောက်ကြန့်မြို့ ဆန္ဒပြခဲ့ပါတယ် ၎င်းဆန္ဒပြမှုကို
ထောက်ကြန့်မြို့ဇိနမါရ်အောင် ဘုရားရှေ့မှ ကျိုက်ကလော့ ဘုရားရှေ့ထိလမ်းရှောက် ဆန္ဒပြခဲ့ကြပြီး ပြည်သူလူထု အပါအဝင် အင်အား ၂၀၀ ခန့် က ပုဒ်မ ၁၈ ပုဒ်မ ၅၉ (စ)အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြတောင်းဆိုကြပါတယ်။






National League for Democracy

သီလဝါ အထူးစီးပွားရေးဇုန် ရှယ်ယာအမြတ်ရရန် နှစ်ရှည် ရင်းနှီးမြှုပ်နှံရန်လိုဟုဆို


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မြန်မာသီလဝါ အများပိုင် ကုမ္ပဏီက ယခုနှစ် မတ်လ ၃ ရက်တွင် စတင်ထုတ်ရောင်းမည့် ရှယ်ယာများကို ဝယ်ယူရာတွင် နှစ်ရှည် ရင်းနှီးမြှုပ်နှံမှုပြုနိုင်မှသာ အကျိုးအမြတ်များ ခံစားရရှိနိုင်မည် ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က The Voice သို့ ပြောကြားသည်။

ပြည်တွင်းရှိ အများပိုင် ကုမ္ပဏီတချို့ကဲ့သို့ ရှယ်ယာ အမြတ်ကို ခွဲဝေပေးရာတွင် ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း ပေးမည် မဟုတ်ဘဲ အနာဂတ် စီမံကိန်းနှင့် တခြား ရင်းနှီးမြှုပ်နှံမှု ကိစ္စများအတွက် ရရှိလာသည့် အမြတ်ငွေအနက်မှ ရာခိုင်နှုန်း အချိုးအစား တစ်ခုကို နုတ်ယူကာ အရန်အမြတ်ငွေအဖြစ် ထားရှိပြီး ကျန်ရှိငွေကိုသာ အမြတ်ငွေအဖြစ် ခွဲဝေပေးသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“နိုင်ငံတကာမှာဆိုရင် တစ်နှစ်ရလာတဲ့ အမြတ်ငွေတွေကို နောက်နှစ်လုပ်မယ့် Project တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ Retain Earnings (အရန်အမြတ်ငွေ) အဖြစ်ထားပြီး ကျန်တဲ့ဟာကိုမှ Dividend (ကျန်ရှိအမြတ်ငွေ) အဖြစ် ခွဲပေးတာ” ဟု ၎င်းက နိုင်ငံတကာ အလေ့အထနှင့် နှိုင်းယှဉ်၍ ဆိုသည်။

အဆိုပါ ရှယ်ယာကို ဝယ်ယူလိုသည့် ပြည်သူ အများအပြား ရှိနေပြီး ဝယ်ယူလိုသည့် အဓိက ရည်ရွယ်ချက်မှာ အဆိုပါ သီလဝါ အထူးစီးပွားရေးဇုန်၏ မြေဈေးကြောင့် ဖြစ်ကြောင်း မြန်မာသီလဝါ အများပိုင် ကုမ္ပဏီရှယ်ယာကို ဝယ်ယူလိုသည့် လုပ်ငန်းရှင်များက ဆိုကြသည်။
“ဆိပ်ကမ်းနဲ့ နီးတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး အထူးစီးပွားရေးဇုန်ကြီး ဖြစ်တယ်။ နောက်ပြီးတော့ ဂျပန်ကလည်း အသေအချာ ပါဝင်နေတာကြောင့် ဒီရှယ်ယာကို ဝယ်ဖို့ ဆုံးဖြတ်ထားတယ်” ဟု အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

သို့ရာတွင် ရှယ်ယာ ရောင်းချမှုနှင့် ရှယ်ယာအမြတ်ငွေ ခွဲဝေမှုတို့ကို တိကျ သေချာသည့် အစီအစဉ်များနှင့် ထုတ်ပြန် ကြေညာပေးရန် လိုကြောင်း ၎င်းကဆိုသည်။

သီလဝါ အများပိုင်ရှယ်ယာ အရေအတွက် ၂ ဒသမ ၁၄၅ သန်းကို ရှယ်ယာ တစ်ခုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချသွားမည် ဖြစ်ပြီး ရှယ်ယာအနည်းစု ဝယ်ယူမည့် သူများကို ဦးစားပေး ရောင်းချ သွားမည်ဖြစ်ကာ ရှယ်ယာ အမြောက်အမြား ဝယ်ယူလိုသူများကို Pro-rata အချိုးကျ စနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
“အများပြည်သူ ပါဝင်လာနိုင်ဖို့ ရှယ်ယာ နည်းနည်းဝယ်သူတွေကို ဦးစားပေးသွားမယ်။ ပြီးမှ ရှယ်ယာအများကြီး ဝယ်သူတွေကို အချိုးကျစနစ်နဲ့ ရောင်းမယ်” ဟု ၎င်းကဆိုသည်။

ပြည်သူများသို့ ထုတ်ရောင်းမည့် ရှယ်ယာ အရေအတွက်အားလုံး ပြည့်မီအောင် မရောင်းနိုင်ပါက ကျန်ရှိသည့် ရှယ်ယာများကို မြန်မာသီလဝါ အများပိုင် ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သည့် ကနဦး အများပိုင် ကုမ္ပဏီကိုးခုက အချိုးကျ ပြန်လည် ဝယ်ယူသွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“ကျွန်တော်ကတော့ နှစ်ရှည် ရင်းနှီးထားမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီစီမံကိန်းက သေချာပေါက် အကျိုးအမြတ်ရမှာပဲ။ ရှုံးမယ့်လုပ်ငန်း၊ မသေချာတဲ့ လုပ်ငန်းတွေကသာ အကျိုးအမြတ် ဘယ်လောက် ပေးမယ်၊ ဘာညာဆိုပြီး မက်လုံးတွေပေးတာ” ဟု ကံကောင်း အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု လုပ်ငန်းမှ ဦးမင်းခန့်က ဆိုသည်။

The Voice Weekly Myanmar

ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် လမ်းကြောင်းမှန်ပေါ် ရောက်ပြီဟု သမ္မတပြောကြား


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး စသည်တို့တွင် တည်တည်ငြိမ်ငြိမ် ဆက်တိုက် ပြုပြင်ပြောင်းလဲ နေသောကြောင့် တိုင်းပြည် လမ်းကြောင်းမှန် တစ်ခုပေါ် ရောက်ရှိနေပြီ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးအ စိုးရအဖွဲ့ရုံးတွင် ကျင်းပသည့် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြား သည်။
“အစိုးရသက်တမ်း သုံးနှစ်ဝန်းကျင်မှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို အဓိက ဦးစားပေး အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်။ အခုချိန်မှာ တိုင်းပြည်က လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပါပြီ” ဟု ၎င်းက ပြောကြားသည်။

အစိုးရအနေနှင့် တိုင်းပြည်အတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေ သကဲ့သို့ လက်နက်ကိုင် ပဋိပက္ခများ ရပ်ဆိုင်း၍ ငြိမ်းချမ်းရေး ကိစ္စရပ် များကိုလည်း အာရုံစိုက် လုပ်ဆောင်နေကာ စီးပွားရေး လုပ်ငန်းများ လုပ်သာကိုင်သာ ရှိစေရန် ဖြေလျှော့ ပေးမှုများလည်း ဆောင်ရွက်ပေးနေကြောင်း သမ္မတကြီးက ပြောကြားသည်။

“တိုင်းပြည်က မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီ ဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့ စာအုပ်ပေါ်က ပြုပြင်ပြောင်းလဲရေးထက် လက်တွေ့မှာ အကျိုးရှိတာကို ပိုလိုချင်တယ်။ တစ်နိုင်တစ်ပိုင်နဲ့ တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲသွားဖို့ အကြံပေးချင်တယ်” ဟု ဘဏ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ပထမပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါက်တာစိန်မောင်က ဆိုသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲရုံးတွင် ကျင်းပခဲ့ပြီး ဦးချစ်ခိုင်၊ ဦးအိုက်ထွန်း၊ ဦးတေဇ၊ ဦးသိန်းထွန်း၊ ဦးခင်ရွှေ၊ ဦးထွန်းမြင့်နိုင်၊ ဦးသိမ်းဝေ၊ ဦးကိုကိုထွေး၊ ဦးဇော်ဇော်၊ ဦးဇော်ဝင်းရှိန် အစရှိသော မြန်မာ့ထိပ်သီး စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် ပြည်တွင်း လုပ်ငန်းရှင် လေးရာကျော် တက်ရောက်ကာ စီးပွားရေး ကဏ္ဍအသီးသီးတွင် ကြုံတွေ့နေရသည့် လိုအပ်ချက်များ အခက်အခဲများကို တင်ပြဆွေးနွေး ခဲ့ကြသည်။

The Voice Weekly Myanmar

ကျောက်မျက်လုပ်ငန်းတွင် အမည်ခံ လုပ်ငန်းရှင်များကို အရေးယူပေးရန် ဦးတေဇ ပြောကြား


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ကျောက်မျက် တူးဖော်ရေး လုပ်ငန်းများတွင် နိုင်ငံသား အမည်ခံကာ ဝင်ရောက် လုပ်ကိုင်နေသော ပြည်ပ လုပ်ငန်းရှင်များကို စိစစ် အရေးယူပေးစေလိုကြောင်း မြန်မာနိုင်ငံ ကျောက်မျက် တူးဖော်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတေဇက နိုင်ငံတော် သမ္မတနှင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားသည်။
“အဲဒါတွေက တရုတ်ပြည်ကနေလည်း ဝင်နေပါတယ်။ နာမည်ခံပြီးတော့ လုပ်နေတာတွေ ရှိနေပါတယ်။ ကျွန်တော်ကတော့ မြန်မာလုပ်ငန်းရှင်တွေ တက်လာတာကို မြင်ချင်ပါတယ်” ဟု ဦးတေဇက ဆိုသည်။

ကျောက်မျက် လုပ်ငန်းကဲ့သို့ သတ္တုတူးဖော်ရေး ကဏ္ဍတွင် နိုင်ငံသား အမည်ခံ လုပ်ငန်းရှင်များ ရှိနေခြင်းက တိုင်းပြည် နစ်နာစေသောကြောင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် ရင်းနှီးမြှုပ်နှံမည့် သူများကိုသာ လုပ်ကိုင်ခွင့်ပြုသင့်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက် တူးဖော်ရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌက ဆိုသည်။

အမည်ခံ ကျောက်မျက် တူးဖော်ရေးလုပ်ငန်းများ၊ အင်အားကြီး လုပ်ငန်းရှင်များနှင့် ပြိုင်ဆိုင်ရန် ပြည်တွင်း ကျောက်မျက်လုပ်ငန်း တူးဖော်ရေး လုပ်ကိုင်သူများတွင် ချေးငွေ၊ နည်းပညာစသည့် အကူအညီများ လိုအပ်နေသည်။

“ကျွန်တော်တို့ဆီက မြစ်ကြီးနား၊ ဖားကန့်တို့က မြို့ကြီး မဖြစ်သေးပါဘူး။ တရုတ်ပြည်ဘက်ခြမ်းမှာက (ကျောက်မျက် ရောင်းဝယ်မှုဖြင့် ကြီးပွားလာသော မြို့များ) ဖျင်ကျိုး၊ ကျဲယမ်၊ စုပေဆိုပြီးတော့ မြို့ကြီး သုံးမြို့တောင် ဖြစ်နေပြီ။ ကျွန်တော်တို့က မူရင်းပိုင်ရှင်တွေဘာလို့ ဒီဒေသတွေကလည်း အဲဒီလို မဖြစ်နိုင်ရမှာလဲ။ ငွေကြေး အကူအညီ ဆိုတာတွေဘာတွေက ကျွန်တော်တို့ ကျောက်မျက်အသင်းနဲ့ ပေါင်းပြီး လုပ်ရုံနဲ့ရပြီ” ဟု အသင်းဥက္ကဋ္ဌက ဆိုသည်။

“ပေါ်လစီပိုင်းကို ပြတ်ပြတ်သားသား လုပ်ဖို့ အကြံပေးချင်တယ်။ ပူးပေါင်းဖို့ကလည်း ကျွန်တော်တို့ဘက်က အသင့်ရှိပါတယ်။ ကောင်းရင် ကောင်းသလို မကောင်းရင် မကောင်းသလို ဆုပေးဒဏ် ပေးစနစ်လုပ်ပါ။ ကျွန်တော်တို့ လက်ခံပါမယ်” ဟု ဦးတေဇက အကြံပြုသည်။

နိုင်ငံသားအမည်ခံ ပြည်ပလုပ်ငန်းရှင်များ ရှိနေသော်လည်း ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် အတည်ပြုပြီး နောက်ပိုင်းတွင် အချို့က ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအဖြစ် ပြောင်းလဲ လျှောက်ထားလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သတ္တုနှင့် ကျောက်မျက် တူးဖော်ရေး လုပ်ငန်းများတွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံကျော်ရှိပြီး နိုင်ငံသား လုပ်ငန်းရှင်များမှ ကျပ်သန်းပေါင်း ၁၃,၀၀၇ ကျော် ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရှိရသည်။

The Voice Weekly Myanmar

ရွှေဘိုတွင် တရားမဝင် တမလန်းသစ်များ ဖမ်းမိ


ရွှေဘို၊ ဖေဖော်ဝါရီ ၂၂

ရွှေဘိုမြို့ အောင်ဇေယျလမ်းမကြီး နယ်မြေ (၂) မီးပွိုင့်အနီးတွင် ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၈နာရီ ၃၀ မိနစ်အချိန်က ISUZU မော်တော်ယာဉ် အမျိုးအစား 4WD အဖြူရောင် မော်တော်ယာဉ်ပေါ်တွင် တမလန်းဓားရွေ့ ၂၁ ချောင်းသစ်တန်ချိန် ၀ ဒသမ ၉၆၃၆ တန်ကို ရွှေဘိုမြို့နယ် သစ်တောဦးစီး အရာရှိဦးရဲလွင် ခေါင်းဆောင်သော အဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်သစ်တော တောအုပ် ဦးသိန်းထွန်းအောင်ထံမှ စုံစမ်းသိရှိရသည်။

ယာဉ်မောင်း/သစ်ပိုင်ရှင် ဦးထွန်းနိုင် (ဘ) ဦးသက်နောင်သည် အဆိုပါသစ်များကို တန့်ဆည်မြို့နယ် ကံထူးမမှ မန္တလေးသို့ တရားမဝင် သယ်ဆောင်လာခြင်း ဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၅၇၈,၁၆၀ (ငါးသိန်းကျော်) ရှိကြောင်း ဦးသိန်းထွန်းအောင်က ဆက်လက် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ တရားမဝင် တမလန်းသစ် ငါးကြိမ်ဖမ်းဆီး ရရှိမှုတွင် တမလန်းဓားရွေ့ ၆.၆၄၅၆ တန်၊ တမလန်းသစ် ၁ ဒသမ ၉၉၁၈ တန်ရှိပြီး အင်ကြင်း ခွဲသား သစ်တစ်ကြိမ် ဖမ်းဆီးရရှိပြီး တန်ချိန် ၉ ဒသမ ၂၉၁၂ တန် ဖမ်းဆီးမိကြာင်း အဆိုပါဌာနထံမှ စုံစမ်းသိရှိရသည်။
“ဒီနှစ်ထဲမှာ တမလန်းသစ်တွေ ဖမ်းမိတာများတယ် တရုတ်က အဝယ်လိုက်နေတော့ ဈေးကောင်းရတော့ မန္တလေးမှတစ်ဆင့် တရုတ်ပြည်အထိ ပို့ကြတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

The Voice Weekly Myanmar

အိုဘားမားနှင့် ဒလိုင်းလားမားတို့၏ တွေ့ဆုံမှုနှင့် ပတ်သက်၍ အမေရိကန် သံအမတ်ကို တရုတ်အစိုးရ ဆင့်ခေါ်


ဘေဂျင်း၊ ဖေဖော်ဝါရီ ၂၂

တိဘက် ခွဲထွက်ရေး လှုပ်ရှားသူ ဘုန်းတော်ကြီး ဒလိုင်းလားမားကို အမေရိကန် သမ္မတ အိုဘားမားက အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကို တရုတ်အစိုးရက ဆင့်ခေါ်၍ ကန့်ကွက်ခဲ့ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။

တရုတ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကျန်းယီဆွီးက တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒန်နီယယ် ခရစ်တန်ဘရစ်ကို သောကြာနေ့က ဆင့်ခေါ် တွေ့ဆုံ၍ ဒလိုင်းလားမားနှင့် အမေရိကန် သမ္မတ အိုဘားမားတို့၏ တွေ့ဆုံမှုကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်အစိုးရ သတင်း မီဒီယာတွင် ဖော်ပြထားသည်။

“တရုတ်နိုင်ငံ အနေနဲ့ အဆိုပါ တွေ့ဆုံမှုကို အလွန်အမင်း စိတ်ဆိုးပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်းကို ထုတ်ဖော် ပြောကြားခဲ့သည်” ဟု တရုတ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ အိုဘားမား၏ သောကြာနေ့ အစောပိုင်းက အိမ်ဖြူတော်တွင် တိဘက်ပြည်နယ် ခွဲထွက်ရေး လှုပ်ရှားသူ ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် တွေ့ဆုံခြင်းသည် တရုတ်၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

တရုတ်အစိုးရသည် တိဘက် ပြည်နယ်ကို တရုတ်နိုင်ငံ၏ ပြည်နယ် တစ်ခုအဖြစ် သတ်မှတ်ပြီး ဘုန်းတော်ကြီး ဒလိုင်းလားမားကိုလည်း တိဘက်ကို တရုတ်နိုင်ငံမှ ခွဲထွက်ရေး လှုပ်ရှားသူအဖြစ် တရုတ်က ယူဆထားသည်။

ယခု လုပ်ရပ်သည် အမေရိကနှင့် တရုတ်တို့၏ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ဆက်ဆံရေးကို ဖျက်ဆီးခြင်း ဖြစ်ကြောင်း၊ ယခု လုပ်ရပ်သည် အမေရိက၏ အကျိုးစီးပွားကို ထိခိုက်စေကြောင်း တရုတ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကျန်းယီဆွီးက ပြောကြားသည်။

တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမားသည် အောင်မြင်မှု မရခဲ့သည့် တရုတ် အစိုးရ၏ အုပ်ချုပ်မှုကို ဆန့်ကျင်သော ဆန္ဒပြမှုအပြီး ၁၉၅၉ ခုနှစ်မှ စတင်၍ အိန္ဒိယတွင် ထွက်ပြေး ခိုလှုံလျက်ရှိသည်။

The Voice Weekly Myanmar

အခွန်ရုံးတွင် မည်သည့် စာရွက်စာတမ်းကြေးမှ မတောင်းခံဟုဆို


ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၂၂

အခွန်ထမ်း ပြည်သူများထံမှ နှစ်စဉ် အခွန်ငွေများ ကောက်ခံကာ နိုင်ငံတော် အတွက် ဘဏ္ဍာငွေများ ရရှိစေရန် ရှာဖွေပေးနေသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် အခွန်ဦးစီးဌာန အနေနှင့် အခွန်ထမ်းဆောင်သူများထံမှ စာရွက်စာတမ်းကြေးအဖြစ် ငွေကြေး တောင်းခံခြင်းမျိုး မရှိကြောင်း ယင်းမြို့နယ် အခွန်ဦးစီးဌာနမှူး ဒေါ်ရွှေစင်ရီက ပြောကြားသည်။

ကျိုင်းတုံမြို့ စည်ပင်သာယာခန်းမ၌ ဖေဖော်ဝါရီလ ၂၀ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် ပြုလုပ်သည့် မြို့နယ်အခွန် ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့နှင့် နှစ်အဆက်ဆက် အခွန်ကြွေးကျန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပွဲတွင် ဒေသခံ လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက အခွန်ရုံးသို့ စာရွက်စာတမ်းကြေး အဖြစ် ငွေသုံးသောင်းကျပ် နှစ်စဉ် ပေးဆောင်နေရသည့်အပြင် အခွန်ဆောင်ထားပြီး ဖြစ်သော်လည်း ထပ်မံတောင်းခံခြင်းနှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ငြင်းဆိုခြင်း ဖြစ်သည်။

“ရုံးမှာ စာရွက်စာတမ်းကြေး ဘာအတွက်မှ မကောက်ခိုင်းထားပါဘူး။
အဲဒါကလည်း အရင်နှစ်က တာဝန်ထမ်းဆောင်ခဲ့တဲ့ သူတွေပါ။ ခေါင်းရှောင်တာတော့ မဟုတ်ပါဘူး။ ကျွန်မအပါအဝင် အရာရှိ အတော်များများက ဒီဘက်နှစ်မှ ပြောင်းလာကြတာပါ။ အခွန်ပေးဆောင်ပြီးကြောင်း မူရင်း ချလန်ဖြတ်ပိုင်း ပြနိုင်ရင်တော့ အခုကြွေး ကျန်စာရင်းကနေ ပယ်ဖျက်ပေးပါမယ်” ဟု ၎င်းကဆိုသည်။

မိမိသည် နိုင်ငံတော်သို့ ပေးဆောင်ရန်ရှိသော ကုန်သွယ် လုပ်ငန်းခွန်အတွက် နှစ်စဉ် အခွန်ငွေများ ပေးသွင်းခဲ့ကြောင်းနှင့် နှစ်စဉ်ရုံးသို့ အခွန်ငွေများ သွားရောက် ပေးဆောင်ရာတွင် စာရွက်စာတမ်းကြေးအဖြစ် သုံးသောင်းကျပ်ကိုပါ တောင်းဆိုသည့်အတွက် ပေးဆောင်နေရကြောင်း ကျိုင်းတုံ မြို့ အမှတ် (၅) ရပ်ကွက်နေ ဒေါ်နန်းထွေးက အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။

“မနှစ်ကလည်း စာရွက်စာတမ်းကြေးအတွက် သုံးသောင်းတောင်းတယ်။ ဒီနှစ်လည်း သုံးသောင်း တောင်းတာကို တစ်သောင်းတော့ ပေးခဲ့တယ်။ မနှစ်က စာရွက်စာတမ်းကြေး သုံးသောင်းကို ရုံးမှာမပေးခဲ့တော့ လမ်းမှာတွေ့တိုင်း ရုံးဝန်ထမ်းက အကြွေးကျန်တယ်ဆိုပြီး အမျိုးသားဆီက တောင်းလို့ အမျိုးသားက ရှက်ပြီး သွားပေးတယ်။ ကျွန်မတို့လည်း နားလည်ပါတယ်။ စာရွက်စာတမ်းကြေး အဖြစ် ထောင်ဂဏန်းလောက်ပဲ ကောက်ပေါ့။ အခွန်ဆောင်ထား ပြီးတာတောင် ထပ်တောင်းခံနေရတုန်းပဲ” ဟု ၎င်းကဆိုသည်။

ကျိုင်းတုံမြို့နယ်တွင် ရပ်ကွက်ကြီး ငါးခုနှင့် မြို့မဈေးကြီး အတွင်းရှိ လုပ်ငန်းရှင်ပေါင်း ၈၂၇ ဦးထံမှ ၁၉၉၅ ခုနှစ်မှ လက်ရှိအချိန်ထိ နှစ်အဆက်ဆက် အခွန်ကြွေး ကျန်ငွေပေါင်း ကျပ် ၂၆၂ ဒသမ ၅၇၈ သန်း ရရန်ကျန်ရှိပြီး ရှမ်းပြည်နယ်အတွင်း အခွန်ကြွေး ကျန်ရှိသူများအနက် ဒုတိယ အများဆုံး ဖြစ်ကြောင်းနှင့် အဆိုပါ အခွန်ကြွေး ကျန်ရှိသူများအနေနှင့် ၂၀၁၄ ခုနှစ် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားကာ လာရောက် ပေးဆောင်ရမည် ဖြစ်ကြောင်း ယင်းမြို့နယ် အခွန်ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly Myanmar

ဓားခုတ်မှုဖြင့် တိမ်းရှောင်နေသူကို ဖမ်းဆီးရာမှ ရဲတပ်ကြပ်တစ်ဦး သေဆုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ခရမ်းမြို့နယ် (၂) ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ဖေဖော်ဝါရီ ၁၆ရက်နေ့က ဓားခုတ်မှုဖြင့် တိမ်းရှောင်နေသူ အမျိုးသားကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရာ တုတ်၊ ဓားများဖြင့် ပြန်လည် ခုခံမှုကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သော ရဲတပ်ကြပ်တစ်ဦးမှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ညပိုင်းက သေဆုံးခဲ့ကြောင်း ခရမ်းမြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

တိမ်းရှောင်သူကို သွားရောက် ဖမ်းဆီးစဉ်က ရဲတပ်ဖွဲ့ဝင် လေးဦးခန့်မှာ ဝိုင်းဝန်း ရိုက်နှက်ခံရကြောင်း၊ ယင်းကဲ့သို အရိုက်ခံရသူ ရဲတပ်ဖွဲ့ဝင်များအနက် ရဲတပ်ကြပ် မောင်မောင်နိုင်မှာ ဦးခေါင်းတွင် ပြတ်ရှ ဒဏ်ရာ၊ ဇက်ပိုးတွင် အရိုက်ခံရသည့် ဒဏ်ရာနှင့် မျက်ခုံးတွင် ပေါက်ပြဲဒဏ်ရာများဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောကုဌာနတွင် ဆေးကုသမှု ခံယူလျက်ရှိရာ ငါးရက်အကြာတွင် သေဆုံးခဲ့ကြောင်း အဆိုပါစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ ရဲတပ်ကြပ်ကြီးမှာ အသက် ၅၃ နှစ် အရွယ်ရှိပြီး ခရမ်းမြို့မ ရဲစခန်းဝင်းတွင် နေထိုင်ကြောင်း၊ ၎င်းသေဆုံးချိန်တွင် ဇနီးသည်နှင့် သားသမီးနှစ်ဦး ကျန်ရစ်ခဲ့ကြောင်း ခရမ်းမြို့မရဲစခန်း အသိုင်းအဝိုင်းထံမှ သိရှိရသည်။

“လူနှစ်ထောင်ကို ရဲတစ်ယောက်နှုန်းနဲ့ စောင့်ရှောက်နေရတဲ့အချိန်၊ ရဲတပ်ဖွဲ့ဝင် အင်အားနည်းနေချိန်မှာ တရားခံပြေးလည်း ဖမ်းရတယ်။ အရိုက်ခံရပြီး ရဲတပ်ကြပ်တစ်ယောက် ဆုံးရှုံးရတာကို စိတ်မကောင်းဘူး” ဟု ရန်ကုန်မြို့တွင်း တာဝန် ထမ်းဆောင်နေသော ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ (ပ) ၃၆/၁၄ ပုဒ်မ ၃၃၃/၃၃၂/၃၅၃/၁၁၄ မှ ပြစ်မှုဆိုင်ရာ ဥပဒေ ၃၀၂/၃၃၂/၃၅၃/၁၁၄ ဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အမှုဖွင့်လှစ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly Myanmar

သမ္မတဦးသိန်းစိန်နှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ (ဓာတ်ပုံများ)

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ကျင်းပသည့် သမ္မတဦးသိန်းစိန်နှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ၊ စီးပွားရေးအသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲ













(ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)

Jump Suit (တဆက်တည်းအင်္ကျံတွေကို) ဘယ်လိုဝတ်မလဲ



          ဒီတစ်ပါတ် အားလပ်ရက်အတွက်တော့ jumpsuit တွေလို အပေါ်အောက်တဆက်လည်း ၀တ်စုံတွေက ပျိုမေတွေစိတ်ကြိုက်ဖြစ်စေမယ့် ဖက်ရှင်ပါပဲ။


          ပြီးပြည့်စုံတဲ့ Outfit အတွက်ကတော့ လယ်သာဂျက်ကက်အနက် ၊ ဒေါက်ဖိနပ်အမြင့် အနက်နဲ့ သားရေအိတ်အနက်တွေကို တွဲဖက်ဝတ်ဆင်ထားတဲ့ သူမသွင်ကိုမြင်နိုင်ပါတယ်။

          အကြံပေးလိုတာက jumpsuit ကို ဂျက်ကက်နဲ့ အရောင်လိုက်ဖက်ဖို့ သတိထားပါ။ ဖိနပ်ကိုတော့ ကျောပိုးအိတ်နဲ့ အရောင်တူဖို့ လိုပါတယ်။ ဒါသာ jumpsuitရဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။

နေ့လည်ဘက် ရာသီဥတု ပူလာတဲ့အခါမှာတော့ ဂျက်ကက်တစ်လွှာကို ဖယ်လိုက်လို့ရပါတယ်။ ဒီအခါမှာ လွယ်အိတ်နဲ့ ဖိနပ်အရောင်တူနေမှသာ ကြည့်ကောင်းမှာပါ။ Selena လို ဒေါက်ဖိနပ်မကြိုက်ဖူး ဆိုရင်တော့ oxford ဘွတ်ဖိနပ်တွေ၊ ခြေကျင်းဝတ်လောက်ရှည်တဲ့ ဘွတ်ဖိနပ်တွေနဲ့ တွဲဝတ်လို့ရပါတယ်။

Ref:seventenn.com
Trend Myanmar