ပြည်သူ့အသံနားထောင်ရန် နိုင်ငံတော်သမ္မတက ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

ပို့စ်တင်ချိန် - 2/23/2014 12:35:00 PM


သမ္မတနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ၊ စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲအပြီးတွင် သမ္မတက တက်ရောက်လာသူများကို တွေ့ဆုံနှုတ်ဆက်စဉ်၊ ဦးတေဇ (Htoo Group of Companies)

လူထု၏အသံကိုနားထောင်ရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၌ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ လွှတ်တော်အဆောက်အအုံတွင် တွေ့ဆုံခဲ့သည်။

'နိုင်ငံတော်သမ္မတနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းဆောင်ရွက်သူများ၊ စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များတွေ့ဆုံပွဲ'ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ထိပ်တန်းလုပ်ငန်းရှင်ကြီးများ အားလုံးနီးပါး တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဦးတေဇ၊ ဦးချစ်ခိုင်၊ ဦးအိုက်ထွန်း၊ ဦးနေအောင်၊ ဦးထွန်းမြင့်နိုင်၊ ဦးသိမ်းဝေခေါ် Mr.Serg Pen၊ ဦးကိုကိုထွေး၊ ဦးကျော်ဝင်း၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးရန်ဝင်း၊ ဦးဇော်ဝင်းရှိန်၊ ဦးမောင်ဝိတ်၊ ဦးသာဌေး၊ ဦးမြတ်သင်းအောင်၊ ဦးဌေးမြင့်၊ ဦးသိန်းထွန်း၊ ဦးခင်မောင်အေးတို့အပါအ၀င် ထိပ်တန်းလုပ်ငန်းရှင်များစွာ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ထိပ်တန်းလုပ်ငန်းရှင်များထဲတွင် အများစုမှာ နိုင်ငံ၏ စီးပွားရေးကဏ္ဍအရပ်ရပ်၊ စီးပွားရေးနယ်ပယ်အရပ်ရပ်တွင် လုပ်ကိုင်ခွင့်ရရှိထားပြီး စီးပွားရေးကို ချုပ်ကိုင်ထားနိုင်စွမ်းရှိသူများလည်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံတော်သမ္မတရုံးဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်းတို့အပါအ၀င် စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်လွင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ ပို့ဆောင်ရေးဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ အခြားသောဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ်ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများ၊ နိုင်ငံတော်သမ္မတ၏ အမျိုးသားလူမှု စီးပွားအကြံပေးကောင်စီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက အဖွင့်မိန့်ခွန်းပြောကြားရာတွင် 'ဒီနေ့အခမ်းအနားကို တက်ရောက်လာတဲ့ ရည်ရွယ်ချက်ကတော့ လက်တွေ့နယ်ပယ်မှာ
စီးပွားရေးလုပ်ကိုင်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်များနဲ့ စီးပွားရေးလုပ်ငန်းများရဲ့ စိန်ခေါ်မှုများ၊ အခြေအနေများကို လာရောက်နားထောင်လေ့လာဖို့ပဲ ဖြစ်ပါတယ်။ ဒါမှသာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကနေရာကနေ ထမ်းဆောင်နေရတဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများရဲ့ အခက်အခဲများနဲ့ လိုလားချက်များကို နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်မှာလည်း ဖြစ်ပါတယ်"ဟု ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအပြင် နိုင်ငံတော်သမ္မတက နိုင်ငံ၏ စီးပွားရေးမှာ ယနေ့အထိတည်ငြိမ်မှု မရှိသေးသည့်အပေါ် 'မြန်မာနိုင်ငံသမိုင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအနေနဲ့ ပုံစံတကျရှိတဲ့ အမျိုးသားအကျိုး စီးပွားရေးတစ်ရပ်ကို ပိုင်ဆိုင်နိုင်ခြင်းမရှိသေးတာကို တွေ့ကြရမှာဖြစ်ပါတယ်။ အထူးသဖြင့် လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးစနစ်မျိုးစုံက ရွေးချယ်အကောင်အထည်ဖော်ခဲ့တဲ့ အမျိုးသားစီးပွားပုံစံချမှု ဖြစ်စဉ်တွေကိုကြည့်ရင် နိုင်ငံအတွက် စီးပွားရေးအောင်မြင်မှုနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်ခဲ့ခြင်း မရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်"ဟု ၀န်ခံပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက"နိုင်ငံ့စီးပွားရေးရဲ့ ၉၀ ရာခိုင်နှုန်းရှိတဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာ တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့အစိုးရလက်ထက်မှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အခြေခံကစပြီး ပြုပြင်ပြောင်းလဲနိုင်ဖို့ အာရုံစိုက်လုပ်ဆောင်ခဲ့ပါတယ်။ အဓိကကျတဲ့ ပြုပြင်ပြောင်းလဲမှုတချို့ကတော့ နိုင်ငံ့စီးပွားရေးအတွက် အရေးအကြီးဆုံးဖြစ်တဲ့ တည်ငြိမ်တဲ့ နိုင်ငံခြားငွေလဲလှယ်မှုနှုန်း စနစ်တစ်ရပ်ကို ဈေးကွက်စီးပွားရေးစနစ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် ဘဏ်လုပ်ငန်းစနစ်များ၊ သီးခြားလွတ်လပ်တဲ့ ဗဟိုဘဏ်စနစ်ကို စတင်ပြောင်းလဲခဲ့ခြင်းဖြင့် တခြားသောငွေကြေး မူဝါဒများ၊ ဘဏ္ဍာရေးဆိုင်ရာမူဝါဒများကို ပြောင်းလဲကျင့်သုံးခဲ့ခြင်းပဲ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ကိုယ်စားလှယ်များ၊ စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ကျော်တက်ရောက်ပြီး အခက်အခဲများအား နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ကြသည်။

ဆွေးနွေးတင်ပြရာတွင် စက်မှုလုပ်ငန်းရှင်များ၊ အသေးစားအလတ်စားလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် လျှပ်စစ်၊ ငွေကြေးအရင်းအနှီးနှင့် အခွန်အခအခက်အခဲများ၊ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍလုပ်ငန်းရှင်များ ငွေကြေးအရင်းအနှီးလိုအပ်ချက်၊ မြန်မာ့ဆန်စပါးကဏ္ဍတွင် လက်ရှိဖြစ်ပေါ်နေသော လိုအပ်ချက်များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အထပ်မြင့်မဆောက်ရသည့် ပြဿနာ၊ အထည်ချုပ်လုပ်ငန်းတွင် နည်းပညာပါသည့် လုပ်သားအခြေပြု၍ ကျော်ဖြတ်နေရပုံ၊ ငါးလုပ်ငန်းနှင့် မွေးမြူရေးကဏ္ဍတွင် အစာကုန်ကြမ်း ဈေးမြင့်တက်မှုကြောင့် အခက်အခဲကြုံတွေ့ရမှုနှင့် အစာတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ပေးရန်၊ ကျောက်မျက်လုပ်ငန်းရှင်များကို အခွန်လျှော့ပေါ့ပေးရန်နှင့် ကျောက်မျက်ကဏ္ဍအတွက် နိုင်ငံတော်၏မူဝါဒကို ပြတ်ပြတ်သားသားချပြရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများကို ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်ရန် စသည်ဖြင့်ကဏ္ဍစုံမှ အခက်အခဲများကို တင်ပြခဲ့ကြခြင်းဖြစ်သည်။

ကျောက်မျက်ကဏ္ဍနှင့်ပတ်သက်၍ ဦးတေဇက ပြောကြားရာတွင် ကျောက်မျက်လုပ်ငန်းရှင်များအသင်းသည် နယ်ပယ်စုံတွင် လုပ်ကိုင်ခွင့်ရထားသည့် စီးပွားရေးလုပ်ငန်းရှင်များ စုပေါင်းထားသည့် အသင်းဖြစ်ကြောင်း၊ အခွန်လျှော့ပေါ့ပေးရန်လိုကြောင်း၊ ကျောက်မျက်နှင့်ပတ်သက်သည့် နိုင်ငံတော်၏မူဝါဒများကို ပြတ်ပြတ်သားသား သိလိုကြောင်း နိုင်ငံတော်သမ္မတအပါအ၀င် တက်ရောက်လာသည့် တာဝန်ရှိသူများသို့ ပြောကြားခဲ့သည်။

ဦးတေဇက "မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းပေါင်းစုံကို ဦးဆောင်နေကြတဲ့ ကုမ္ပဏီပေါင်း ၅၃၃ ခုရှိတဲ့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းကိုယ်စား ကျွန်တော့်အနေနဲ့ တင်ပြပါမယ်။ ကျွန်တော်တို့အသင်းဟာဆိုရင် မြန်မာနိုင်ငံမှာရှိကြသော စီးပွားရေးကဏ္ဍပေါင်းစုံမှာ တော်တော်များများ နေရာယူထားတဲ့ လုပ်ငန်းရှင်များပါဝင်တဲ့ အသင်းဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

အခွန်ပေးဆောင်ရမှုများသည့်အတွက်လည်း လုပ်ငန်းရှင်များ ခက်ခဲသည့်အပေါ် ဦးတေဇက "ကျွန်တော့်အနေနဲ့ အကြံပြုတင်ပြလိုတာကတော့ နံပါတ်တစ်အချက်အနေနဲ့ နိုင်ငံတော်သမ္မတကြီး ပြောသွားတဲ့အတိုင်းပါပဲ။ အသွင်ကူးပြောင်းမှုနဲ့အတူ နိုင်ငံတော်တည်ငြိမ်ရန်ဆိုတဲ့ကိစ္စ ဦးစားပေးစဉ်းစားပြီးတော့ Mine Frame Area တွေကို တည်ငြိမ်ဖို့အတွက် သေသေချာချာလေးစဉ်းစားပြီး ကိုင်တွယ်ပေးပါလို့ ပြောကြားလိုပါတယ်။ ထို့အတူပဲ ကျွန်တော်တို့အများကြုံတွေ့နေရတာကတော့ Value Added ခေါ်တဲ့ ပေါင်းတဲ့အချိန်ကျရင် Tax ကိစ္စတွေ ရှိပါတယ်။ အခွန်ကိစ္စတွေက ကုန်ကြမ်းနဲ့ထုတ်ရင်တောင်မှ ကိုယ်ပိုင်လုပ်ကွက်ဆိုရင် ၁၀ ရာခိုင်နှုန်း၊ အချောထည်ဆိုရင် ၃၃ ရာခိုင်နှုန်းလောက်ပေးနေရတဲ့ ကိစ္စတွေကျတော့ ကျွန်တော်တို့လုပ်ငန်းရှင်တွေအတွက် စိတ်ကလုပ်ချင်သော်လည်း လက်တွေ့လုပ်ဖို့ အခက်အခဲရှိကြောင်း ပြောကြားလိုပါတယ်။

ဆက်လက်၍ ဦးတေဇက "ကျွန်တော်တို့ပေါ်လစီပိုင်းကို ပြတ်ပြတ်သားသား သိချင်ပါတယ်။ နိုင်ငံတော်ရဲ့ Plan ကိုလည်း လုပ်ငန်းရှင်များကို ပြတ်ပြတ်သားသား ဖြန့်ချပေးတာကို ကျွန်တော်တို့ခံယူချင်ပါတယ်။ ပူးပေါင်းပြီးတော့လည်း ကျွန်တော်တို့ ဒီ Plan များကိုဆွဲဖို့ အဆင်သင့်ရှိပါတယ်"ဟု ပြောကြားခဲ့သည်။

စီးပွားရေးအသင်းအဖွဲ့များ၏ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် အခက်အခဲများကို တင်ပြရာတွင် ကဏ္ဍ၊ နယ်ပယ်တစ်ခုစီအတွက် အချိန်ငါးမိနစ်သာ ကန့်သတ်ထားရာ ကဏ္ဍအများစုမှာ အခက်အခဲအစုံကို တင်ပြခွင့်မရခဲ့ဘဲ အနှစ်ချုပ်အနေဖြင့်သာ အကျဉ်းချုံးတင်ပြခဲ့ရကြောင်းလည်း သိရသည်။

Eleven Media Group