သီလဝါ အထူးစီးပွားရေးဇုန် ရှယ်ယာအမြတ်ရရန် နှစ်ရှည် ရင်းနှီးမြှုပ်နှံရန်လိုဟုဆို

ပို့စ်တင်ချိန် - 2/23/2014 02:08:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မြန်မာသီလဝါ အများပိုင် ကုမ္ပဏီက ယခုနှစ် မတ်လ ၃ ရက်တွင် စတင်ထုတ်ရောင်းမည့် ရှယ်ယာများကို ဝယ်ယူရာတွင် နှစ်ရှည် ရင်းနှီးမြှုပ်နှံမှုပြုနိုင်မှသာ အကျိုးအမြတ်များ ခံစားရရှိနိုင်မည် ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က The Voice သို့ ပြောကြားသည်။

ပြည်တွင်းရှိ အများပိုင် ကုမ္ပဏီတချို့ကဲ့သို့ ရှယ်ယာ အမြတ်ကို ခွဲဝေပေးရာတွင် ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း ပေးမည် မဟုတ်ဘဲ အနာဂတ် စီမံကိန်းနှင့် တခြား ရင်းနှီးမြှုပ်နှံမှု ကိစ္စများအတွက် ရရှိလာသည့် အမြတ်ငွေအနက်မှ ရာခိုင်နှုန်း အချိုးအစား တစ်ခုကို နုတ်ယူကာ အရန်အမြတ်ငွေအဖြစ် ထားရှိပြီး ကျန်ရှိငွေကိုသာ အမြတ်ငွေအဖြစ် ခွဲဝေပေးသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“နိုင်ငံတကာမှာဆိုရင် တစ်နှစ်ရလာတဲ့ အမြတ်ငွေတွေကို နောက်နှစ်လုပ်မယ့် Project တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ Retain Earnings (အရန်အမြတ်ငွေ) အဖြစ်ထားပြီး ကျန်တဲ့ဟာကိုမှ Dividend (ကျန်ရှိအမြတ်ငွေ) အဖြစ် ခွဲပေးတာ” ဟု ၎င်းက နိုင်ငံတကာ အလေ့အထနှင့် နှိုင်းယှဉ်၍ ဆိုသည်။

အဆိုပါ ရှယ်ယာကို ဝယ်ယူလိုသည့် ပြည်သူ အများအပြား ရှိနေပြီး ဝယ်ယူလိုသည့် အဓိက ရည်ရွယ်ချက်မှာ အဆိုပါ သီလဝါ အထူးစီးပွားရေးဇုန်၏ မြေဈေးကြောင့် ဖြစ်ကြောင်း မြန်မာသီလဝါ အများပိုင် ကုမ္ပဏီရှယ်ယာကို ဝယ်ယူလိုသည့် လုပ်ငန်းရှင်များက ဆိုကြသည်။
“ဆိပ်ကမ်းနဲ့ နီးတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး အထူးစီးပွားရေးဇုန်ကြီး ဖြစ်တယ်။ နောက်ပြီးတော့ ဂျပန်ကလည်း အသေအချာ ပါဝင်နေတာကြောင့် ဒီရှယ်ယာကို ဝယ်ဖို့ ဆုံးဖြတ်ထားတယ်” ဟု အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

သို့ရာတွင် ရှယ်ယာ ရောင်းချမှုနှင့် ရှယ်ယာအမြတ်ငွေ ခွဲဝေမှုတို့ကို တိကျ သေချာသည့် အစီအစဉ်များနှင့် ထုတ်ပြန် ကြေညာပေးရန် လိုကြောင်း ၎င်းကဆိုသည်။

သီလဝါ အများပိုင်ရှယ်ယာ အရေအတွက် ၂ ဒသမ ၁၄၅ သန်းကို ရှယ်ယာ တစ်ခုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချသွားမည် ဖြစ်ပြီး ရှယ်ယာအနည်းစု ဝယ်ယူမည့် သူများကို ဦးစားပေး ရောင်းချ သွားမည်ဖြစ်ကာ ရှယ်ယာ အမြောက်အမြား ဝယ်ယူလိုသူများကို Pro-rata အချိုးကျ စနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
“အများပြည်သူ ပါဝင်လာနိုင်ဖို့ ရှယ်ယာ နည်းနည်းဝယ်သူတွေကို ဦးစားပေးသွားမယ်။ ပြီးမှ ရှယ်ယာအများကြီး ဝယ်သူတွေကို အချိုးကျစနစ်နဲ့ ရောင်းမယ်” ဟု ၎င်းကဆိုသည်။

ပြည်သူများသို့ ထုတ်ရောင်းမည့် ရှယ်ယာ အရေအတွက်အားလုံး ပြည့်မီအောင် မရောင်းနိုင်ပါက ကျန်ရှိသည့် ရှယ်ယာများကို မြန်မာသီလဝါ အများပိုင် ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သည့် ကနဦး အများပိုင် ကုမ္ပဏီကိုးခုက အချိုးကျ ပြန်လည် ဝယ်ယူသွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“ကျွန်တော်ကတော့ နှစ်ရှည် ရင်းနှီးထားမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီစီမံကိန်းက သေချာပေါက် အကျိုးအမြတ်ရမှာပဲ။ ရှုံးမယ့်လုပ်ငန်း၊ မသေချာတဲ့ လုပ်ငန်းတွေကသာ အကျိုးအမြတ် ဘယ်လောက် ပေးမယ်၊ ဘာညာဆိုပြီး မက်လုံးတွေပေးတာ” ဟု ကံကောင်း အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု လုပ်ငန်းမှ ဦးမင်းခန့်က ဆိုသည်။

The Voice Weekly Myanmar