မန္တလေးကျုံးဘေး သင်္ကြန်မဏ္ဍပ် လျှော့ချမည်

ပို့စ်တင်ချိန် - 2/23/2014 01:51:00 PM


မန္တလေး၊ ဖေဖော်ဝါရီ ၂၁

မန္တလေးသင်္ကြန်တွင် အစည်ကားဆုံး ဖြစ်သည့် ကျုံးဘေး၌ ဆောက်လုပ်ခွင့်ပြုသော သင်္ကြန်မဏ္ဍပ်များ အရေအတွက်ကို ယမန်နှစ်ကထက် လျှော့ချသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“အကုန်လုံးကတော့ ၂၆ လမ်းကို လိုချင်ကြတာပါပဲ။ ဒါပေမဲ့ ကျုံးပတ်လည်တင် မဟုတ်ဘဲ မြို့ထဲမှာပါ စည်ကားစေဖို့ နေရာတွေကို မျှပြီးပေးမယ်။ မြို့တွင်းက မဏ္ဍပ်တွေအတွက် အခက်အခဲ မရှိအောင်ရယ်၊ မဏ္ဍပ် ဆောက်ဖို့အတွက် သစ်တွေ အခက်အခဲ မရှိအောင်ရယ် စည်ပင်ကနေ ကူညီပေးမယ်။ ကျုံးဘေးပတ်လည်ကိုလည်း မနှစ်ကလိုပဲ မဲနှိုက်ပြီး နေရာချပေးမယ်” ဟု ၎င်းကဆိုသည်။

မြို့တွင်းရှိ အခြားနေရာများ စည်ကား စေလိုသဖြင့် ယင်းသို့ ကျုံးဘေးမဏ္ဍပ် လျှော့ချခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော်တွင် သင်္ကြန်မဏ္ဍပ်များ တည်ဆောက်ရန် အတွက် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်များ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

သင်္ကြန်မဏ္ဍပ် လျှောက်လွှာများကို မတ်လ ၇ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ပြီး မန္တလေးမြို့ ကျုံးပတ်လည်၊ ကန်တော်ကြီးနှင့် မြို့တွင်း နေရာများတွင်ပါ သင်္ကြန်မဏ္ဍပ်များ နေရာမျှကာ ချထားပေးမည် ဖြစ်ပြီး မြို့တွင်း မဏ္ဍပ်များ ရေရရှိစေရန်နှင့် မဏ္ဍပ် တည်ဆောက်ရန် အတွက် သစ်များကို အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ၂၀၁၃ ခုနှစ် သင်္ကြန်ပွဲတော် ကျင်းပစဉ်က မန္တလေးကျုံး အရှေ့ဘက် ၆၆ လမ်းတွင် မဏ္ဍပ် ၁၁ ခု၊ ကျုံးတောင်ဘက် ၂၆ လမ်းတွင် မဏ္ဍပ် ၁၆ ခု၊ ကျုံးအနောက်ဘက် လမ်း ၈၀ တွင် သုံးခု၊ မန္တလေး ကန်တော်ကြီး ပတ်လမ်းတွင် ၁၀ ခု၊ မြို့တွင်းတွင် ၁၂ ခု ချထားပေးခဲ့ကြောင်း မန္တလေးမြို့ခံ တစ်ဦးက ဆိုသည်။

The Voice Weekly Myanmar