အိုဘားမားနှင့် ဒလိုင်းလားမားတို့၏ တွေ့ဆုံမှုနှင့် ပတ်သက်၍ အမေရိကန် သံအမတ်ကို တရုတ်အစိုးရ ဆင့်ခေါ်

ပို့စ်တင်ချိန် - 2/23/2014 02:06:00 PM


ဘေဂျင်း၊ ဖေဖော်ဝါရီ ၂၂

တိဘက် ခွဲထွက်ရေး လှုပ်ရှားသူ ဘုန်းတော်ကြီး ဒလိုင်းလားမားကို အမေရိကန် သမ္မတ အိုဘားမားက အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကို တရုတ်အစိုးရက ဆင့်ခေါ်၍ ကန့်ကွက်ခဲ့ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။

တရုတ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကျန်းယီဆွီးက တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒန်နီယယ် ခရစ်တန်ဘရစ်ကို သောကြာနေ့က ဆင့်ခေါ် တွေ့ဆုံ၍ ဒလိုင်းလားမားနှင့် အမေရိကန် သမ္မတ အိုဘားမားတို့၏ တွေ့ဆုံမှုကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်အစိုးရ သတင်း မီဒီယာတွင် ဖော်ပြထားသည်။

“တရုတ်နိုင်ငံ အနေနဲ့ အဆိုပါ တွေ့ဆုံမှုကို အလွန်အမင်း စိတ်ဆိုးပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်းကို ထုတ်ဖော် ပြောကြားခဲ့သည်” ဟု တရုတ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ အိုဘားမား၏ သောကြာနေ့ အစောပိုင်းက အိမ်ဖြူတော်တွင် တိဘက်ပြည်နယ် ခွဲထွက်ရေး လှုပ်ရှားသူ ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် တွေ့ဆုံခြင်းသည် တရုတ်၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

တရုတ်အစိုးရသည် တိဘက် ပြည်နယ်ကို တရုတ်နိုင်ငံ၏ ပြည်နယ် တစ်ခုအဖြစ် သတ်မှတ်ပြီး ဘုန်းတော်ကြီး ဒလိုင်းလားမားကိုလည်း တိဘက်ကို တရုတ်နိုင်ငံမှ ခွဲထွက်ရေး လှုပ်ရှားသူအဖြစ် တရုတ်က ယူဆထားသည်။

ယခု လုပ်ရပ်သည် အမေရိကနှင့် တရုတ်တို့၏ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ဆက်ဆံရေးကို ဖျက်ဆီးခြင်း ဖြစ်ကြောင်း၊ ယခု လုပ်ရပ်သည် အမေရိက၏ အကျိုးစီးပွားကို ထိခိုက်စေကြောင်း တရုတ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကျန်းယီဆွီးက ပြောကြားသည်။

တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမားသည် အောင်မြင်မှု မရခဲ့သည့် တရုတ် အစိုးရ၏ အုပ်ချုပ်မှုကို ဆန့်ကျင်သော ဆန္ဒပြမှုအပြီး ၁၉၅၉ ခုနှစ်မှ စတင်၍ အိန္ဒိယတွင် ထွက်ပြေး ခိုလှုံလျက်ရှိသည်။

The Voice Weekly Myanmar