ကရင်အမျိုးသားရဲတပ်ဖွဲ့သင်တန်း

ပို့စ်တင်ချိန် - 2/23/2014 01:01:00 PM


ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ပြည်ထဲရေးနှင့်သာသနာရေးဌာနက ကြီးမှူးဖွင့်လှစ်တဲ့ ဥပဒေနှင့်မှုခင်းစုံစမ်းစစ်ဆေးရေးသင်တန်းဆင်းပွဲကို  သောကြာနေ့က  ဘားအံခရိုင်လေးဝါးစခန်းမှာပြုလုပ်ခဲ့ပါတယ်။

ဒီလ ၁၀ ရက်နေ့ကစတင်တဲ့သင်တန်းကို KNU လက်အောက်ခံခရိုင် ၇ ခုက ကရင်အမျိုးသား ရဲတပ်ဖွဲ့(KNPF)က အရာရှိ (၈၀) တက်ရောက်သင်ကြားခဲ့ကြပါတယ်။

သင်တန်းရည်ရွယ်ချက်ကတော့ တရားဥပဒေစိုးမိုးရေးအတွက်ဖြစ်တယ်လို့ KNU ပြည်ထဲရေး နှင့်သာသနာရေးဌာနမှူး ပဒိုစောအားတိုးက ပြောပါတယ်။

ဒီရက်တိုသင်တန်းကို KNU တရားရေးဌာနက နည်းပြတွေနဲ့ နိုင်ငံတကာက နည်းပြအချို့က လာရောက်ပို့ချခဲ့တာဖြစ်ပါတယ်။

ဒီသင်တန်းတွေကို KNU လက်အောက်ခံ-ခရိုင်အသီးသီးမှာလည်း မကြာမီဖွင့်လှစ်သွားမှာဖြစ်တယ်လို့ KNU ဗဟိုတရားသူကြီး(၁)ဖြစ်တဲ့-ပဒိုနော်မြိုင်ဖိုးကပြောပါတယ်။

 သင်တန်းဆင်းပွဲကို- KNU အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းအပါအ၀င်-အရပ်ဖက်စစ်ဖက်ကခေါင်းဆောင်တွေ တက်ရောက်အားပေးခဲ့ကြပါတယ်။

သင်တန်းလာတက်တဲ့ ညောင်လေးပင်ခရိုင်က ခရိုင်ရဲမှူးစောစိန်မြက "ဘယ်အရပ်ဒေသမှာဘဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးမှုမရှိရင် အခြေအနေတွေက ဖြစ်ချင်သလိုဖြစ်နေတာဘဲ-မြန်မာနိုင်ငံမှာဆိုရင်- တရားဥပဒေစိုးမိုးမှုမရှိသေးဘူး- ဒါကြောင့်ကရင်အမျိုးသားတွေကို ကာကွယ်ဘို့-တရားဥပဒေ
စိုးမိုးမှုရှိဘို့-(KNPF)ရဲ့ အခန်းကဏ္ဍက မရှိမဖြစ်လိုအပ်တယ်" ဆိုပြီး သဘောထားပေးပါတယ်။

ကရင်အမျိုးသားရဲတပ်ဖွဲ့ကို ၁၉၉၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းပုံအရ ရဲချုပ်အပါအ၀င် တပ်ဖွဲ့ဝင်အင်အား (၁,၆၃၂)ဦး ရှိပါတယ်။

လက်ရှိရဲချုပ်က-စောလယ့်ဝေါ်ဖြစ်ပြီး-ခရိုင်ရဲမှူးတွေကတော့ -စောအိုက်ဇက်(ဘားအံ) စောဆာ့ဘောနော်(သထုံ) စောခရစ်မူးစေး(တောင်ငူ) စောစိန်မြ(ညောင်လေးပင်) စောအဲ့ကော်ဂေ(ဖာပွန်) စောတီးတု(ဒူးပလာယာ) စောကြီးနို(မြိတ်/ထားဝယ်) တို့ဖြစ်ကြပါတယ်။
  -
ဓာတ်ပုံ နှင့် သတင်း မန်းမျိုးမြင့်(မီဒီယာ)
Irrawaddy