ဝဏ္ဏသိဒ္ဓိအားကစားရုံ တည်ဆောက်ခြင်းအတွက် ကျပ်သန်းပေါင်း တစ်သောင်းနီးပါး တောင်းခံ

ပို့စ်တင်ချိန် - 2/23/2014 01:51:00 PM


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ကျင်းပပြုလုပ်ခဲ့သော ဝဏ္ဏသိဒ္ဓိ အားကစားရုံ တည်ဆောက်ခြင်း လုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၉၉၆၈ ဒသမ ၂ ကို အားကစားဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းတွင် တင်ပြ တောင်းခံထားကြောင်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

အဆိုပါ အားကစားရုံ တည်ဆောက်ရေး လုပ်ငန်းများအတွက် အားကစားဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း တောင်းခံငွေ ကျပ် ၉၉၆၈ ဒသမ ၂ သန်းမှ ကျပ်သန်း ၉၀၀၀ ကို ဖြတ်တောက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အားကစားနှင့် ကာယသိပ္ပံများ တည်ဆောက်ရန် လိုအပ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဗညားအောင်မိုးက ပြောကြားသည်။

“ဒီအားကစားရုံကြီးမှာ SEA Games လည်း ကျင်းပပြီးပါပြီ။ တကယ်အားကစား တိုးတက်စေချင်ရင် နယ်တွေမှာလည်း အားကစားသိပ္ပံတွေ လိုအပ်နေပါတယ်” ဟု ၎င်းကဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၌ အားကစားဝန်ကြီးဌာနက နေပြည်တော် ကောင်စီ နယ်မြေအတွက် တောင်းခံထားသော ဘဏ္ဍာငွေများကို စိစစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး ကော်မတီက လွှတ်တော်သို့ တင်သွင်းခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါ ဖြတ်တောက် ငွေများကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ပုသိမ်မြို့တို့တွင် အားကစားနှင့် ကာယသိပံ္ပကျောင်းများ တည်ဆောက်ရန် အားကစား ဝန်ကြီးဌာနက ပြောင်းလဲ အသုံးပြုသင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် အားကစားသိပံ္ပကျောင်း နှစ်ကျောင်းရှိပြီး မော်လမြိုင်နှင့် တောင်ကြီးမြို့များတွင် ထပ်မံ တည်ဆောက်နေဆဲ ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာနထံမှ သိရသည်။

အလားတူ နေပြည်တော်ကောင်စီ နယ်မြေတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကျပ် ၁၉၆ ဒသမ ၉၄၅ ဘီလီယံ အသုံးပြုရန် တောင်းခံထားရမှာ ၈၆ ဒသမ ၇၂၁ ဘီလီယံကို လျှော့ချပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော ကျေးလက် ကျန်းမာရေးနှင့် မီးလင်းရေး လုပ်ငန်းများတွင် ပြောင်းလဲ သုံးစွဲရန် ပြည်သူ့ငွေစာရင်း ကော်မတီက ထောက်ပြ ပြောဆိုထားသည်။

The Voice Weekly Myanmar