စာချုပ် တံဆိပ်ခေါင်းဖိုးက ၄၀၀၀ တောင်းတော့ ဆယ်သိန်းငါးသောင်း – ပေးစာ

ပို့စ်တင်ချိန် - 4/18/2014 11:11:00 AM


ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် အခွင့်အရေး လိုင်စင်များကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် လေလံတင် ရောင်းချရာတွင် ကျွန်တော် ဦးအုံးသွင်က အသုတ်မြို့မဈေးကောက် လိုင်စင်အား ၁၉,၇၀၀,၀၀၀ ဒသမ ၉၉ ကျပ်ဖြင့်လည်းကောင်း၊ အသုတ် စက်ဘီးကောက် လိုင်စင်အား ၁,၆၉၉,၉၉၉ ဒသမ ၉၉ ကျပ်ဖြင့် လည်းကောင်း လေလံဆွဲဝယ် အောင်မြင်ခဲ့ ပါသည်။

၎င်းဆွဲဝယ် အောင်မြင်မှုအတွက် ကျသင့်ငွေများကို ၂-၃-၂၀၁၃ တွင် စည်ပင်ရုံး၌ သွားရောက်ပေးဆောင် ရပါသည်။ အသုတ်မြို့မ ဈေးကောက်အတွက် ၁၀ သိန်း၊ အသုတ်စက်ဘီးကောက် လုပ်ငန်းအတွက် ၅ သောင်း၊ စုစုပေါင်း ၁,၀၅၀,၀၀၀ (ကျပ်ဆယ်သိန်းငါးသောင်း) တိတိကို စာချုပ်ချုပ်ဆိုခအဖြစ် ငွေလက်ခံရာဌာန စာရေး အမျိုးသမီးက တောင်းခံခဲ့ပါသည်။ စာချုပ်ချုပ်ဆိုသော တံဆိပ်ခေါင်းဖိုးမှာ ၄၀၀၀ ကျပ်သာ ဖြစ်ပါသည်။

ကျွန်တော်၏ဇနီးက ရုံးမှတောင်းသော စာချုပ်ချုပ်ဆိုခသည် အလွန်များကြောင်း ပြောပြရာ ဦးစီးအရာရှိ ဦးခင်မောင်သန်းက တောင်းခံ ခိုင်းသော ငွေဖြစ်ကြောင်း ပြော၍ ပေးခဲ့ရပါသည်။ ကျွန်တော်ကိုယ်တိုင် ဦးစီးအရာရှိထံ သွားရောက်တွေ့ဆုံပြီး ယခုကဲ့သို့ ဆယ်သိန်းငါးသောင်း ပေးရခြင်းမှာ ကျွန်တော်တို့ အသက် ၇၀ အရွယ် အဘိုးကြီး၊ အဘွားကြီးအတွက် တစ်နှစ်စာ စား၍ရကြောင်း ပြောပြသောအခါ ဦးစီးအရာရှိက ကျွန်တော် တစ်ဦးတည်းအတွက် မဟုတ်ပါ။ ကျေနပ်ပါ””ဟုပြော၍ ပြန်ခဲ့ရပါသည်။

ထိုစဉ်က ကျွန်တော်လည်း ဦးစီးအရာရှိနှင့် ပြဿနာဖြစ်မည် ဆိုပါက ထိုလုပ်ငန်းများအတွက် ပေးသွင်း ထားရသော ငွေကြေး ပမာဏများ ဆုံးရှုံးရခြင်း၊ လုပ်ငန်းများ လုပ်ကိုင်ရာတွင် ပြဿနာရှာမှာ စိုးရိမ်သည့် အတွက် ကြိတ်မှိတ် ခံခဲ့ရပါသည်။

ယခုအချိန်သည် ပွင့်လင်းမြင်သာမှုရှိသော အချိန်၊ နိုင်ငံတော် သမ္မတကြီး၏ မိန့်ခွန်းများအရ အထူးသဖြင့် ဌာနဆိုင်ရာများသည် မိမိ၏ လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍ မတရားငွေ တောင်းခံခြင်း အမျိုးမျိုးကို ပြည်သူများ တိုင်ကြားနိုင်ရန် အဂတိလိုက်စားမှု ကော်မတီကို ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ် မည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖတ်ရှုရပါသည်။ နည်းမျိုးစုံဖြင့် အဂတိ လိုက်စားမှုများ ပပျောက်စေရန် အတွက် ၎င်းကိစ္စနှင့် ပတ်သက်၍ စစ်ဆေးအရေးယူ ဆောင်ရွက်ပေးပါရန် သက်ဆိုင်ရာသို့ တင်ပြအပ်ပါသည်။

ဦးအုန်းသွင်
Myanmar Thandawsint Newspaper