ဝမ်ပေါင် တရုတ်အလုပ်သမား သုံးဦး ၀က်မှေးရွာဟောင်းအတွင်း ၀င်ရောက်မှုဖြင့် သက်ဆိုင်ရာက ထိန်းသိမ်းထား

ပို့စ်တင်ချိန် - 5/02/2014 12:36:00 PM


လက်ပံတောင်းတောင်ကြေးနီစီမံကိန်း နယ်မြေအတွင်းရှိ မူလ ၀က်မှေးရွာဟောင်းသို့ မေ ၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်းဝင်ရောက်လာသော တရုတ်လူမျိုး သုံးဦးကို ကျေးရွာနေဒေသခံများက သက်ဆိုင်ရာအား အကြောင်းကြားသည့်အတွက် တာဝန်ရှိသူများက ညောင်ပင်ကြီး ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းက “ရွာထဲကို ခိုးကြောင်ခိုးဝှက် ၀င်လာတယ်။ ရွာထဲက လူတွေက တရုတ်တွေဝင်လာတယ် ရေတွင်းဆီကို တန်းသွားတယ်လို့ပြောမှ တရုတ်တွေမှန်းသိတာ မရိုးသားဘူးထင်လို့ ရေတွင်းက တစ်ရွာလုံးသောက်သုံးတဲ့ ရေတွင်းဖြစ်တယ်။ စီမံကိန်းနယ်မြေမှာ နေရတော့ဘယ်သူကိုမှ မယုံနိုင်ပါဘူး” ဟု ပြောကြားသည်။

ယင်းတရုတ်လူမျိုး သုံးဦးသည် မြန်မာ ၀မ်ပေါင်ကုမ္ပဏီ၏ အခွဲဖြစ်သော 15 MCC ဆောက်လုပ်ရေးကုမ္မဏီမှ အလုပ်သမားများဖြစ်ပြီး လယ်တီသိမ်လုပ်ငန်းဆိုက်၌ လုပ်ကိုင်နေသူများဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မြန်မာဝမ်ပေါင်မှ စကားပြန်၏ ပြောကြားချက်အရ ၎င်းတို့သည် အလုပ်မှအပြင်သို့ ဈေးဝယ်ထွက်လာခြင်းဖြစ်ကြောင်း၊ ဆံပင်ညှပ်ခဲ့ပြီး၊ ဘောင်းဘီနှင့် ဘီယာတစ်ဖာဝယ်ယူခဲ့ကြောင်း ၊ လမ်းမှားပြီး ရွာထဲရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတရုတ်နိုင်ငံသား အလုပ်သမားသုံးဦးမှာ လောကျု (၅၅ နှစ်)၊ ထံရှန်ဟု (၂၅ နှစ်)၊ ဟွမ်ရောင်မို့ (၄၄ နှစ်) တို့ဖြစ်ပြီး အမှုကိစ္စကို ၀တ္တရားရှိသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညောင်ပင်ကြီးစခန်းမှူးက ပြောကြားသည်။

Eleven Media Group