ငဝန်မြစ်ကမ်းတွင် ရေပေါ်ဈေး ဆောက်မည်

ပို့စ်တင်ချိန် - 5/02/2014 02:34:00 PM



ပုသိမ်၊ မေ ၁

ပုသိမ်မြို့ ကမ်းနားလမ်းရှိ ငဝန်မြစ်ကမ်းပေါ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၂၂၁၂ ဖြင့် ဆောက်မည့် ရေပေါ်ညဈေးကို ခြောက်လအတွင်း အပြီး တည်ဆောက်မည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်ဝင်းနိုင်က ပြောကြားသည်။

အဆိုပါ ရေပေါ်ညဈေးကို ရန်ကုန်သင်္ဘောဆိပ်နှင့် သီတာလမ်း သင်္ဘောဆိပ်ကြားတွင် မေလဆန်းမှ စက်တင်ဘာလအတွင်း တည်ဆောက်မည် ဖြစ်ကြောင်း၊ ဆိုင်ခန်းပေါင်း ၁၃၃ ပါဝင်မည့်အပြင် အများပြည်သူ အပန်းဖြေနိုင်မည့် နေရာတစ်ခုလည်း ပါဝင်မည် ဖြစ်ကြောင်းနှင့် လက်ရှိ ညဈေးတွင် ရောင်းချလျက် ရှိသည့် ဈေးသည်များကို အခမဲ့ ဈေးရောင်းချခွင့် ပြုမည်ဟု ၎င်းက ပြောဆိုသည်။
“ဈေးသည်တွေအနေနဲ့ ညနေ ၄ နာရီကနေ ည ၁၁ ထိ ဈေးရောင်းနိုင်မှာပါ။ ကျန်တဲ့အချိန်မှာ အများပြည်သူ အပန်းဖြေရန် နေရာအဖြစ် သတ်မှတ်ထားပါတယ်” ဟု ဦးကျော်ဝင်းနိုင်က ရှင်းပြသည်။

အဆိုပါ ရေပေါ်ညဈေးတွင် အခမဲ့ ဈေးရောင်းချခွင့် ရှိသော်လည်း ဈေးကောက်နှင့် သန့်ရှင်းရေးခများကို စည်ပင်သာယာက သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း ပေးဆောင်ရမည် ဖြစ်ကြောင်း၊ စည်ပင်သာယာ ဝန်ထမ်းများကလည်း အမှိုက်များကို နေ့စဉ် အပြောင်ရှင်းစနစ်ဖြင့် ည ၁၁ နာရီနောက်ပိုင်း သန့်ရှင်းရေး လုပ်ဆောင်ပေးမည်ဟု ပုသိမ်မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန ဈေးနှင့်သားသတ်ဌာန စိတ်မှူး ဦးမောင်မောင်နိုင်က ပြောကြားသည်။
“ဈေးကောက်နဲ့ သန့်ရှင်းရေးအတွက် ပေးဆောင်ရမှာကို အတိအကျ မပြောနိုင်သေးပေမယ့် ရာဂဏန်းထက် မပိုဘူး။ နောက်တစ်ခုက ညဈေးမှာ အသားစိမ်း၊ ငါးစိမ်း ရောင်းချခွင့် မရှိပါဘူး” ဟု ၎င်းက ပြောဆိုသည်။

ရေပေါ်ဈေး တည်ဆောက်မည့် နေရာ၌ ဈေးရောင်းချသူများမှာ လက်ရှိအချိန်၌ နေရာဖယ်ပေးခဲ့ရသည့် အတွက် စားဝတ်နေရေး အခက်အခဲ ဖြစ်ခဲ့ကြောင်း၊ ညဈေးတွင် အခမဲ့ ရောင်းချခွင့် ပြုမည်ဟု ပြောဆို ထားသော်လည်း အချိန်ခြောက်လခန့် ကြာမည် ဆိုသောကြောင့် စောင့်ကြည့်ရဦးမည်ဟု ကင်မလင်းကျွန်း ရပ်ကွက်မှ ကိုယ်တိုင် စိုက်ပျိုးရောင်းချသူ တစ်ဦးက ပြောဆိုသည်။

“ရေပေါ်စီမံကိန်း ဆောက်တာ တော့ကောင်းပါတယ်။ မော်လမြိုင်မှာ တာဝန်ကျတုန်းက ရေပေါ်ဈေးဆိုတာ ရှိတာပဲလေ။ မြို့တော်ခန်းမရှေ့က အပန်းဖြေနေရာမှာ လူငယ်တွေက အလှဆင်ထားတဲ့ စတီးလက်ရန်းတွေကို ရိုက်ဖြုတ်တယ်။ ပလတ်စတစ် ကုလားထိုင်တွေကို ရိုက်ချိုးတယ်။ အများပြည်သူတွေရှေ့ အရက်ဝိုင်းဖွဲ့ သောက်တယ်။ Gay (မိန်းမလျာ) တွေက လူအုပ်ဖွဲ့ပြီး မြှူဆွယ်တယ်။ ဒါတွေကတော့ ဆင်ခြင်သင့်ပါတယ်။ အခု ရေပေါ်ဈေးမှာ ဈေးဆိုင်တွေပါ ပါလာပြီ ဆိုတော့ ငဝန်မြစ်ထဲကို အမှိုက်တွေ ချကြမှာပဲ။ အဲဒါလေးတွေ ထိန်းသိမ်းကြဖို့တော့ လိုတယ်” ဟု အငြိမ်းစား ရဲအရာရှိ ဦးခင်မောင်ဝင်းက မှတ်ချက်ပြုသည်။

ငဝန်မြစ်ကမ်းပေါ်တွင် တည်ဆောက်မည့် စီမံကိန်း ဧရိယာတွင် ပါဝင်နေသော ပုသိမ်မြို့ တစ်ဖက်ကမ်းသို့ ကူးသည့် စိန်ကုန်း ကူးတို့ဆိပ်ကို ရန်ကုန်သင်္ဘောဆိပ် (မေတ္တာဦးတံတား) အနီးသို့ ပြောင်းရွှေ့မည် ဖြစ်ပြီး ရေပေါ်ဈေး တည်ဆောက် ပြီးစီးပါက ကမ်းနားလမ်းနှင့် ရေပေါ်ဈေးကြား (ယခုညဈေး ဖွင့်လှစ်သည့် နေရာ) တွင် ကွန်ကရစ် အပြည့်ခင်း၍ ပြည်သူများ အနားယူ နေနိုင်ရန် သစ်ပင်ပန်းမန်များဖြင့် အလှဆင်ထားမည် ဖြစ်ကြောင်း ပုသိမ်မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

The Voice Weekly