မွန်တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ခဲ့ခြင်း မရှိသည့် သတင်းသမားများ မွန်လူငယ်များ ကွန်ဖရင့်တွင် သတင်းယူခွင့် ပိတ်ပင်

ပို့စ်တင်ချိန် - 5/02/2014 02:35:00 PM




မော်လမြိုင်၊ မေ ၁

မွန်ပြည်နယ် မော်လမြိုင် သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်းတွင် မေလ ၁ ရက်နေ့က ပြုလုပ်ကျင်းပသည့် ပထမဆုံးအကြိမ် မွန်လူငယ်များကွန်ဖရင့် (Mon Youth Conference) ၌ သတင်းဌာန အသီးသီးက သတင်းထောက်များ မွန်တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ခဲ့ခြင်း မရှိသောကြောင့် သတင်းယူခွင့် မရခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာတိုက်မှ သတင်းထောက် မုဒုံဆက်နေက ပြောကြားသည်။

သတင်းထောက်များသည် မည်သည့်ဌာန၊ မည်သည့်ဒေသ၊ မည်သည့် အဖွဲ့အစည်းတွင်မဆို သတင်းရယူရာ၌ ၎င်းတို့ အဖွဲ့အစည်းနှင့် တူသည့် ဝတ်စား ဆင်ယင်မှုဖြင့်သာ သတင်းယူရမည် ဆိုသည့် သက်မှတ်ချက် မည်သည့် သတင်းဌာနကမှ သက်မှတ်ထားခြင်း မရှိကြောင်း၊ သတင်းထောက်များသည် အဖွဲ့အစည်းများတွင် သတင်းယူပါက အဖွဲ့အစည်းများနှင့် ကွဲပြားခြားနားသည့် အရောင်အသွေးများဖြင့်သာ သတင်းယူလေ့ ရှိကြောင်း မြစ်မခ သတင်းအေဂျင်စီ မော်လမြိုင် တာဝန်ခံ သတင်းထောက်မှူး အိမ်ဇော်က ပြောဆိုသည်။

“သတင်းထောက်တွေက တရားမျှတမှု ရှိရမယ်။ ညီတူမျှမှု ရှိရတယ်။ အဲဒီ အချက်တွေလည်း ရှိတယ်ဆိုတော့ ဘယ်လူမျိုးပေါ်မှာမှ ဘယ်လိုမျိုးဆိုတဲ့ စိတ်မရှိဘူး၊ ဘယ်တိုင်းရင်းသား ဖြစ်စေ သတင်းထောက်မှာ အသားရောင် ခွဲခြားမှု မရှိဘူး၊ လူမျိုးရေး ခွဲခြားမှု မရှိဘူး၊ ဘာသာတရားအရ ခွဲခြားမှုတွေ မရှိဘူး၊ ဒါမျိုးဝတ်မှ ဝင်လို့ရမယ် ဆိုတာကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မွန်တိုင်းရင်းသား ဝတ်စုံဖြင့်သာ သတင်းယူရမည်ဟု သက်မှတ်ထားခြင်းသည် မွန်လူငယ်အများ အကြား မွန်ယဉ်ကျေးမှုနှင့် ပတ်သက်ပြီး ယဉ်ကျေးမှု ထိန်သိမ်းရမည် ဆိုသည့် ရည်ရွယ်ချက်ကြောင့် မွန်ကွန်းဖရင့် တက်ရောက်သူများကို မွန်တိုင်ရင်းသား ဝတ်စုံဖြင့်သာ တက်ရောက်ခွင့် ပြုရခြင်း ဖြစ်ကြောင်းနှင့် ယင်းသက်မှတ်ချက်ကို မွန်လူငယ်များ ကွန်ဖရင့် ဖြစ်မြောက်ရေး ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် သက်မှတ်ထားခြင်းကြောင်း မွန်လူငယ်ဖိုရမ် အထွေထွေအတွင်းရေးမှူး မင်းဉာဏ်သိုက်ရာမာန်က ပြောကြားသည်။

သတင်းရယူရန်အတွက် မွန်တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ရမည်ဟု ဆိုထားခြင်းအပေါ် မွန်တိုင်းရင်းသား ဝတ်စုံ၏ ကုန်ကျငွေသည် ငွေကျပ် ၂၅၀၀၀ ခန့် ကုန်ကျမည် ဖြစ်သဖြင့် မွန်လုံခြည် တစ်ထည်ကို ၅၅၀၀ ကျပ်ဖြင့် ဝယ်ယူပြီး ဝင်ရောက် သတင်းယူခွင့် ပြုရန် တောင်းဆိုခဲ့ရကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) မှ သတင်းထောက် ကိုကျော်စိုးက ပြောသည်။

သတင်းသမားတစ်ဦး၏ သတင်းရယူပိုင်ခွင့်သည် ၎င်းဝတ်ထားသည့် ဝတ်စုံကိုကြည်ပြီး သတင်းရယူပိုင်ခွင့်ကို သက်မှတ်ကြခြင်း မဟုတ်ကြောင်းနှင့် သတင်းသမားများသည် လိုက်လျော ညီထွေမှု ရှိသည့် ဝတ်စုံကို ဝတ်ဆင်ကြခြင်းသာ ရှိသော်လည်း သက်မှတ်ဝတ်စုံ ဆိုသည့် အချက်က သတင်းသမားများအတွက် လုံးဝမသင့်လျော်ကြောင်း သံလွင်တိုင်း(မ်) ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမင်းလတ်က သုံးသပ် ပြောဆိုသည်။

The Voice Weekly