မလေးရှားတွင် အမေရိကန်သမ္မတ အိုဘားမား ပြောကြားမှုအား ပြည်တွင်းမီဒီယာများ၌ ဖော်ပြမှု မပြည့်စုံကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်ပြော

ပို့စ်တင်ချိန် - 5/02/2014 06:05:00 AM


မလေးရှားတွင် အာဆီယံနိုင်ငံ များမှ ကျောင်းသား လူငယ် ခေါင်းဆောင်များ၏ မေးမြန်းမှု အပေါ် အမေရိကန် သမ္မတ အိုဘားမား ပြန်လည်ဖြေကြား မှုအား ပြည်တွင်း မီဒီယာများ၌ ဖော်ပြမှုမှာ မပြည့်စုံကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဧပြီလ၂၉ ရက်နေ့တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

ဧပြီလ ၂၇ ရက်တွင် အမေရိကန်သမ္မတ အိုဘားမားက မလေးရှား တက္ကသိုလ်တွင် အာဆီယံနိုင်ငံ များမှ ကျောင်းသား လူငယ် ခေါင်းဆောင် များနှင့် တွေ့ဆုံစဉ် မြန်မာလူငယ် တစ်ဦး၏ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားရာ၌ ပြည်တွင်းမီဒီယာများသည် သမ္မတ ပြောကြားသည့် ဗီဒီယိုဖိုင်အား မကြည့်ရှုဘဲ နိုင်ငံခြား မီဒီယာများအား မှီငြမ်း ရေးသားထားသောကြောင့် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာ၌ သမ္မတ အိုဘားမား ပြောကြားမှု မူရင်းအား ဖော်ပြထားခဲ့ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

““ပထမဆုံး ထွက်လာတာက AFP နဲ့ ရိုက်တာ။ နောက်တော့ မလေးမီဒီယာတွေ၊ ဂရိတ်ထိုင်းတို့၊ စကားအွန်လိုင်းတို့ အဲဒါတွေက အရင်ဆုံး တက်တယ်။ အဲဒီအပေါ်မှာ ပြည်တွင်း မီဒီယာတွေက ယူလိုက်ပြီး ရေးတော့ သူတို့ရဲ့ အော်ရီဂျင်နယ်လင့်ခ်က ဒီမှာယူလို့ရတယ်။အမှန်က ကျွန်တော်တို့ နိုင်ငံအတွက် ပြောသွား တဲ့ ဟာတွေက ဒီအပိုင်းလေးတင် မကဘူး ကောင်းတာတွေရှိတယ်။ သင်ခန်းစာယူရမှာတွေ ရှိတယ်။ နိုင်ငံခြား မီဒီယာတွေမှာ Highlight မလုပ်ထားတာတွေကို သိစေချင်လို့””ဟု ဦးဇော်ဌေးက ဆိုသည်။

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် အားလုံးသိရှိစေရန် ဖေ့စ်ဘွတ်စာမျက်နှာ၌ သမ္မတ အိုဘားမား၏ ပြောကြားမှုအား ဖော်ပြပေးသည့် စေတနာအား နားလည်သော်လည်း နောက်ဆုံး၌ ထပ်မံ ရေးသားထားသော ““သို့သော် လက်ရှိ မီဒီယာအချို့က လိုသည့်အပိုင်းကိုသာ ဆွဲယူကောက်နုတ် ၍ ရေးသား ဖော်ပြနေခြင်းသည် မီဒီယာအတတ်ဟု ဆိုနိုင်ပါကြောင်း မူရင်း ပြောကြားချက် အပြည့်အစုံအား သိရှိနိုင်ပါရန် ဖော်ပြလိုက်ရပါ သည်””ဟု ရေးသား ထားသော စာပိုဒ်အား စာနယ်ဇင်း အသိုင်းအ၀ိုင်းက ဝေဖန်လျက်ရှိသည်။

““တကယ်ဆိုရင်တော့ သူအဲလိုပြောမယ်ဆိုရင် တိတိကျကျ ပြောသင့်တာပေါ့။ AP တို့ AFP တို့ဆီက ယူတာတော့ ယူသင့်တယ်လေ။ လက်လှမ်းမီတဲ့ မီဒီယာရှိတယ်။ လက်လှမ်းမမီတဲ့ မီဒီယာရှိတယ်။ အဲဒါ သူပြောဖို့ မလိုဘူး။ တကယ်တော့ အိုဘားမား ပြောတာကို ပြည်တွင်း မီဒီယာတွေကရေးတာ ကွဲလွဲ သွားသလား။ မူရင်းအာဘော် တစ်ခုတည်းကို ခြုံပြီးတော့ တိတိကျကျ ပြောဖို့ လိုတာပေါ့”” ဟု ဆောင်းပါးရှင် တစ်ဦးဖြစ်သူ ဆရာစည်သူအောင်မြင့်က သုံးသပ်ခဲ့သည်။

လူတစ်ဦးတစ်ယောက် ပြောသောစကားမှ မိမိလိုအပ်သော အပိုင်းအား ထုတ်နုတ်ရေးသားမည် ဆိုလျှင် မူရင်းအဓိပ္ပာယ် မပျက်ယွင်းပါက သုံးစွဲရေးသားနိုင်ကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက်မှ အထွေထွေ အတွင်းရေးမှူး ကိုမြင့်ကျော်က ပြောသည်။

““ကိုယ်ထုတ်နုတ် ရေးလိုက်တဲ့ဟာက အဓိပ္ပာယ် လွဲသွားတယ် ဆိုရင် ပုံဖျက်တယ်။ အနက် ကောက်လွဲ တယ်လို့ ခေါ်တာပေါ့။ ဒါပေမဲ့ တချို့ သတင်းဂျာနယ်မှာတော့ ခေါင်းစဉ် တင်ထားတာတော့ နည်းနည်းတော့ အဓိပ္ပာယ်ကောက် လွဲစေနိုင်တယ်””ဟု ကိုမြင့်ကျော်က သုံးသပ်သည်။

နိုင်ငံပိုင် သတင်းစာတစ်စောင် ဖြစ်သော မြန်မာ့အလင်းတွင် ဧပြီ (၃၀)ရက်နေ့၌ အမေရိကန်သမ္မတ၏ ပြောကြားချက် အပြည့်အစုံအား ဖော်ပြထားသည်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်