အဋ္ဌမတန်းကျောင်းသား သုံးဦးထံမှ လက်ကိုင်ဖုန်းသုံး လုံးနှင့် ကျောပိုး အိတ် တစ်လုံး နေ့ခင်းကြောင်တောင် လုယက်ခံရမှု ပြည်သူ့ဥယျာဉ်အတွင်း ဖြစ်ပွား

ပို့စ်တင်ချိန် - 5/02/2014 11:52:00 AM




ဥာဏ်ဝင်းရှိန်
ပြည်သူ့ဥယျာဉ်အတွင်းရှိ ရေကူးကန်တစ်ကန်တွင် လာရောက်အပန်းဖြေသူများကို မေ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

ဧပြီ ၃၀ ရက် မွန်းလွဲပိုင်းက ပြည်သူ့ဥယျာဉ်အတွင်းသို့ လာရောက်လည်ပတ်သည့် အဋ္ဌမတန်းကျောင်းသား ကလေးသုံးဦးထံမှ လက်ကိုင်ဖုန်းသုံးလုံးနှင့် ကျောပိုးအိတ် တစ်လုံးကို အမည်မသိ လူငယ်နှစ်ဦးမှ လုပြေးမှု ဖြစ်ပွားခဲ့ကြောင်း အလုခံရသည့် ကလေးတစ်ဦး၏ ဖခင်ဖြစ်သူက ပြောကြားသည်။

ဖြစ်စဉ်မှာ အဋ္ဌမတန်းကျောင်းသား ကလေးသုံးဦးမှာ ယင်းနေ့က ပြည်သူ့ရင်ပြင်အတွင်းရှိ ရေကူးကန်အနီးတွင် ရောက်ရှိစဉ် အမည်မသိ လူငယ်နှစ်ဦးက ရောက်ရှိလာပြီး ဖုန်းခဏပေးဆက်ရန် ပြောသဖြင့် ပေးလိုက်ကြောင်း၊ ထိုသို့ပေးလိုက်ပြီးနောက် ဖုန်းငှားဆက်သူတစ်ဦးမှာ ထွက်ပြေးသွားခဲ့သဖြင့် လိုက်သွားခဲ့ရာ ကျန်ရှိနေသည့် ကျောပိုးအိတ်ထဲတွင် ပါဝင်သည့် ဖုန်းနှစ်လုံးကိုပါ ထပ်မံလုယူ သွားခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသားမိဘ တစ်ဦးက ပြောကြားသည်။

၎င်းက "ကျွန်တော့်သား အပါအ၀င် သူငယ်ချင်းသုံးယောက် မနေ့က နေ့လယ် ၁၂ နာရီလောက်မှာ ဖုန်းသုံးလုံးနဲ့ ပိုက်ဆံနှစ်သောင်းခွဲ လောက်ရှိတဲ့ ပိုက်ဆံအိတ် အလုခံရတယ်။ လုယူတဲ့ လူငယ်နှစ်ဦးက သူတို့ကို ညီလေးတို့ ဘာလုပ်မှာလဲ၊ ရေကူးမှာလား ဘာညာ အတင်းဝင်ရောတယ်လို့ ပြောတယ်။ ပြီးတော့ ဖုန်းခဏ ငှားဆက်မယ်လို့ ပြောတော့ ကလေးတွေက ပေးဆက်လိုက်တယ်။ အဲ့ဒီမှာ လုပြေးတော့ ကလေးတွေက လုပြေးတဲ့လူနောက်လိုက်တုန်း ရေကန်ဘေးမှာ ကျန်နေတဲ့အိတ်ထဲက ဖုန်းနှစ်လုံးနဲ့ အိတ်ပါ နောက်တစ်ယောက် လုပြေးသွားတယ်" ဟု ပြောကြားသည်။

ထိုသို့ နေ့ခင်းကြောင်တောင် လုယက်မှု များဖြစ်ပေါ်နေသဖြင့် အပန်းဖြေသူများ၏ လုံခြုံမှုမရရှိသကဲ့သို့ ခံစားရကြောင်း အဆိုပါကလေးများ၏ အုပ်ထိန်းသူတစ်ဦးက ပြောကြားသည်။

ဒဂုံမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်ကျော်မိုးက "ဒီလိုမျိုးအလုခံရတဲ့ဖြစ်စဉ်က ဟုတ်ပါတယ်။ ကလေးတွေဆီက ဖုန်းငှားဆက်ပြီး တစ်လုံးကို အရင်လုပြေးသွားတယ်။ ပြီးတော့ ကျောပိုးအိတ်ပါထပ်ပြီး လုပြေးသွားတယ်။ အဲ့ဒီထဲမှာလည်း ဖုန်းနှစ်လုံး ပါသွားတယ်။ ဒီဖြစ်စဉ်က ကျူးလွန်သူ လူငယ်နှစ်ဦးကို သတင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရှာဖွေနေပါတယ်။ လောလောဆယ်တော့ အမှုဖွင့်ထားတာ မရှိသေးပါဘူး။ မှတ်တမ်းတော့ ယူထားပါတယ်။ ကလေးတွေအနေနဲ့ မိဘအုပ်ထိန်းသူ မပါဘဲ ဒီလိုမျိုး တန်ဖိုးကြီး ပစ္စည်းတွေကိုယူပြီး လူစည်ကားရာ နေရာတွေကို မသွားသင့်ပါဘူး။ ကလေးဆိုတော့ အယုံလွယ်တော့ လုယက်သူတွေရဲ့ပစ်မှတ် ဖြစ်နိုင်တယ်" ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၃၀ ရက်ကလည်း ပြည်သူ့ရင်ပြင် အတွင်းတွင် အမျိုးသားတစ်ဦးအား တုတ်ဖြင့်ရိုက်နှက်ပြီး ငွေကျပ် ၁၀ သိန်းခန့် တန်ဖိုးရှိသည့် ရွှေဆွဲကြိုးအား လုယူမှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို မတ် ၃၁ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

News Eleven