တောင်ငူမီး အိမ် ၁၈ လုံး ပြာကျ

ပို့စ်တင်ချိန် - 5/02/2014 12:36:00 PM



တောင်ငူမြို့ ၁၁ ရပ် ကွက် ဦးမှန်လမ်းတွင် မေလ ၁ ရက်က ပေါ့ဆမီးမှ တစ်ဆင့် နေအိမ် ၁၈ လုံး မီးလောင်ပြီး ကျပ်သိန်း၃၂၉ ခန့် ဆုံးရှုံးခဲ့ကြောင်း သတင်း ရရှိသည်။

မေလ ၁ ရက် နေ့လယ်က ဦးမှန်လမ်းနေ ကိုနိုင်ဆိုသူ၏ အိမ်မှ စတင် လောင်ခြင်း ဖြစ်ပြီး အိမ် ၁၈ လုံး ဆုံးရှုံးခဲ့သည့် အပြင် အနီးရှိ ဘုန်းကြီးကျောင်းလည်း အနည်းငယ်ပျက်စီးခဲ့ကြောင်း တောင်ငူခရိုင်မီးသတ်ဌာန ဦးစီးမှူး ဦးတင်အောင်လင်းကပြောသည်။

‘‘မီးလောင်တဲ့ နေရာရဲ့ အနားမှာ ဈေးတစ်ခုရှိတယ်။ မီးကို အမြန်ထိန်းနိုင်လို့ ကံကောင်းတာပါ။ အခုတော့အေးအေးဆေးဆေးဖြစ်သွားပါပြီ။ ဆုံးရှုံးမှုစာရင်းကတော့ တွက်နေတုန်းပါ’’ဟု တောင်ငူခရိုင်ထွေအုပ်ရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

‘‘ကျွန်မတို့ ၁နာရီလောက် က ထမင်းစားပြီး ဗီဒီယိုကြည့် နေကြတယ်။ အိပ်တဲ့သူကလည်း အိပ်နေကြတယ်။ ခဏလောက် နေတော့ ညှော်နံ့ထွက်လာတော့ ဘယ်ကလဲဆိုပြီး  ထွက်ကြည့် လိုက်တော့  ကျွန်မအိမ်ရှေ့က အိမ်မှာ လောင်နေတယ်။ အဲဒီ အချိန်မှာ မီး၊ မီးဆိုပြီး ၀ိုင်းအော် ကြပြီး မီးလောင်အားက အရမ်း ကောင်းတယ်။ ခဏလောက်ကြာ တော့ မဟာမေတ္တာက ဘောက် ဆာကားလာတယ်။ နောက်ပြီး တခြားမီးသတ်ကားတွေလာကြ တယ်’’ဟု မီးလောင်ကျွမ်းမှုအနီး တွင်ရှိသူ မျက်မြင်တစ်ဦးက ပြော ကြားသည်။

မီးလောင်ကျွမ်းမှုကို မီးသတ်ကား ၁၃ စီး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ ၀ိုင်းဝန်ငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၂ နာရီ ၄၅ မိနစ်တွင်မီးညွန့်ကျိုးကျသည်အထိ မီးငြှိမ်သတ်နိုင်ခဲ့သည်။ မီးလောင်ကျွမ်းမှုတွင်  လူနေအိမ်များဆုံးရှုံးခဲ့သော်လည်း  လူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာမရရှိကြောင်း သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့တောင်ငူခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများလာရောက်ခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်စဉ်အား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စတင်လောင်ကျွမ်းသည့် အိမ်ပိုင်ရှင်ကိုအမှတ် (၂) ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ယခုမီးလောင်မှုမှာ တောင် ငူမြို့တွင် ၂၀၁၄ အတွင်း တတိယအကြိမ်လောင်ခြင်းဖြစ်ပြီး ဇန်န၀ါရီနှင့် ဖေဖော်ဝါရီက ဖုန်းဆိုင်တစ်ဆိုင်နှင့် တောင်ငူမြို့မဈေးကြီးမီးလောင်မှုဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့သော တောင်ငူမြို့မဈေးကြီး မီးလောင်မှုတွင် ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့ပြီး ကျပ်သိန်း ၁၅,၀၀၀ ကျော်ဆုံးရှုံးခဲ့သည်။

7Day Daily