မလေးရှားအစိုးရက ပျောက်ဆုံးလေယာဉ်နှင့်ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်

ပို့စ်တင်ချိန် - 5/02/2014 04:15:00 PM


ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင်လေယာဉ်နဲ့ ပတ်သက်ပြီး စာမျက်နှာ ၅ မျက်နှာပါ အစီရင်ခံကို မလေးရှားအစိုးရက မေလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အရပ်ဘက်လေယာဉ်တွေကို အချိန်နဲ့ တပြေးညီ နောက်ယောင်ခံနိုင်မယ့် စနစ်တခုကို စတင်အသုံးပြုဖို့ အပြည်ပြည်ဆိုင်ရာ အရပ်ဘက်လေကြောင်းအဖွဲ့ကို မလေးရှားအာဏာပိုင်တွေက အစီရင်ခံစာထဲမှာ တိုက်တွန်းတောင်းဆိုထားပါတယ်။

၂၀၀၉ ခုနှစ်ကလည်း ပြင်သစ်လေကြောင်းပိုင်လေယာဉ်တစီးလည်း အခုလိုပဲ နောက်ယောင်မခံနိုင်ပဲ ပျောက်ဆုံးခဲ့တာကြောင့် ၅ နှစ်အတွင်း အရပ်ဘက်လေယာဉ်နှစ်စီး ပျောက်ဆုံးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

လေယာဉ်ရဲ့နောက်ဆုံးအခြေအနေနဲ့ တည်နေရာကို အတိအကျစုံစမ်းထောက်လှမ်း နိုင်ခြင်း မရှိတာကြောင့် လေယာဉ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကြီးမားတဲ့ အခက်အခဲ ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

အရင်က မလေးရှားအစိုးရက ထုတ်ပြန်ခဲ့ဖူးခြင်းမရှိတဲ့ အချက်အလက်တချို့ကိုလည်း အစီရင်ခံစာမှာ တည့်သွင်းအစီရင်ခံထားတာလည်းပါဝင်ပါတယ်။

လေယာဉ်မှူးတွေနဲ့ လေကြောင်းဆက်သွယ်ရေးဌာန နောက်ဆုံးပြောဆိုခဲ့တဲ့ အသံဖိုင်တွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ပြန်လည်အားသွင်းနိုင်တဲ့ lithium batteries ဓာတ်ခဲ ၂ တန်ခွဲကိုလည်း လေယာဉ်ပေါ် သယ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လေယာဉ် ပျောက်ကြောင်းသိရှိခဲ့ပြီး ၄ နာရီကြာ မနက် ၅ နာရီခွဲတဲ့အထိ လေယာဉ်ရှာဖွေ ကယ်ဆယ်ရေးတွေ မစနိုင်ခဲ့ဘူးဖို့လည်း ဆိုပါတယ်။

ဒီအပတ်ထဲမှာပဲ လေကြောင်း၊ ရေကြောင်း လေယာဉ်ရှာဖွေရေး မအောင်မမြင်ဖြစ်ခဲ့ပြီး ရေအောက်ရှာဖွေရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်တော့မယ်လို့ သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘတ်က ပြောဆိုခဲ့ပါတယ်။
လေယာဉ်ပျောက်မိသားစုဝင်တွေကို ထောက်ပံ့ကူညီမှုတွေကိုလည်း ရပ်ဆိုင်းတော့မှာ ဖြစ်လို့ မိသားစုဝင်တွေအိမ်ပြန်နိုင်ပြီလို့ မလေးရှားလေကြောင်းလိုင်းက မေလ ၁ ရက်နေ့က ကြေညာခဲ့ပါတယ်။


DVB Burmese