မှော်ဘီရှိ သားရေစက်ရုံဝန်ထမ်း ၃၃ ဦး အစာအဆိပ်သင့်

ပို့စ်တင်ချိန် - 5/02/2014 06:23:00 PM




ကျော်စွာဝင်း

ရန်ကုန်၊ မဇ္ဈိမ။ ။ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်၊ ကြာဂန်သင်္ချိင်းအနီးရှိ အသေးစားသားရေစက်ရုံ ၀န်ထမ်း ၃၃ ဦး အစာအဆိပ်သင့်ကာ မေလ ၂ရက် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင်
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ဆေးရုံအုပ် ဒေါက်တာဒေါ်သန်းလှက ပြောသည်။

"သူတို့က သားရေစက်ရုံဝန်ထမ်းတွေလို့ သိရပါတယ်။ စက်ရုံက ၀န်ထမ်းတွေကို မနက်တိုင်း နံနက်စာအဖြစ် ထမင်းကို ပဲပြုတ်နဲ့ကြော်တာတို့ ထမင်းပဲပြုတ်ဆီဆမ်းတို့ ကျွေးတာတွေရှိပါတယ်။

ဒါကလည်းနေ့တိုင်းကျွေးတာပါ။ ဒီနေ့ မနက်ကမှ ထမင်းကြော်စားပြီး မူးကြ အန်ကြဖြစ်လာပါတယ်။ အဲ့ဒါနဲ့ တစ်ခုခုမှားလားဆိုပြီး ဆေးရုံပို့ဖို့လုပ်တဲ့အခါ ကားသမားပါ မူးနေလို့ ပို့မရဖြစ်ခဲ့ရပါတယ်။ နောက်တော့မှ သာကေတက သားရေပို့ရန် လာတဲ့ကား ရောက်လာမှ အားလုံးကို အဲဒီ့ကားနဲ့ ဆေးရုံကိုပို့ခဲ့တယ်လို့ သိရပါတယ်”ဟု မြောက်ဥက္ကလာပမြို့နယ် အထွေထွေရောဂါကု ဆေးရုံတွင် ဆေးကုသမှု
ခံယူနေသည့် ဆေးရုံအုပ် ဒေါက်တာ ဒေါ်သန်းလှက ပြောသည်။

မည်သည့်အတွက်ကြောင့် အစာအဆိပ်သင့်ခဲ့သည်ကိုမူ တိကျသေချာစွာ မသိရသော်လည်း ဆေးရုံအတွင်းရှိ လူနာနှင့် နီးစပ်သူများ၏ ပြောကြားချက်အရ ထမင်းကြော်ထဲသို့ ဆားထည့်ရာတွင်
ဆားဗူးနှင့် ယမ်းစိမ်းဗူး မှားယူလာမိသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါ အစာအဆိပ်သင့်သူများ ဆေးရုံသို့ရောက်ရှိချိန်တွင် မူးဝေအော့အန်ခြင်း၊ သွေးပေါင်အတက်အကျ မြန်ဆန်စွာဖြစ်နေခြင်း၊ ခန္တာကိုယ်တစ်ကိုယ်လုံး ပြာနေခြင်း စသည့် လက္ခဏာများ
ဖြစ်နေခြင်းကြောင့် လူနာများ ခံစားနေရသည့်
ရောဂါအခြေအနေအပေါ်မူတည်ကာ အနီ၊ အ၀ါ၊ အစိမ်း စသည်ဖြင့် ခွဲခြားကုသမှုပြုလုပ်ခဲ့သည်ဟု ထိုဆေးရုံမှ သမားတော်ပါမောက္ခဒေါက်တာကိုကို
(ဆေးပညာဌာန)က ပြောကြားသည်။

ယင်းအစာအဆိပ်သင့်ခံ လူနာများကို ဆေးရုံရှိ သွေးထဲအောက်ဆီဂျင်ပါဝင်မှု တိုင်းတာခြင်း ကိရိယာများဖြင့် တိုင်းတာခြင်း၊ အသဲနှင့် ကျောက်ကပ်များကို စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး သွေးထဲအောက်ဆီဂျင်
ပါဝင်မှုကို စစ်ဆေးတွေ့ရှိချက်အရ နိုက်ထရိုပွိုင်ဆင်ဟု ခေါ်သော အဆိပ်သင့်မှုဖြစ်ကြောင်း ဆေးပညာအရ ခန့်မှန်းထားသည်။ အစာအဆိပ်သင့်မှုကြောင့် သေဆုံးသူတစ်ဦးမျှမရှိဘဲ အခြေအနေအနည်းငယ် တည်ငြိမ်လာပြီဟု ဒေါက်တာ ဘုန်းရောင်က ပြောသည်။

အစာအဆိပ်သင့်သူများမှာ အမျိုးသမီး ၁၆ဦးနှင့် အမျိုးသား ၁၇ ဦးတို့ဖြစ်ပြီး လူနာအခြေအနေအပေါ် မူတည်၍ ၃ ရက်မှ ၅ ရက်အတွင်း သက်သာသူများကို ဆေးရုံမှဆင်းခွင့်ပေးမည်ဟု သိရသည်။

ပုံစာ- မှော်ဘီမြို့နယ် ညောင်နှစ်ပင်၊ ကြာဂန်သင်္ချိင်းအနီးရှိ အသေးစားသားရေစက်ရုံ ၀န်ထမ်း ၃၃ ဦး အစာအဆိပ်သင့်သဖြင့် မြောက်ဥက္ကလာပ ဆေးရုံမှ ဆေးရုံအုပ်နှင့် ဆရာဝန်များက မေလ ၂ရက် နံနက်ပိုင်းက သတင်းထောက်များအား ရှင်းလင်းပြောကြားစဉ်။

(ဓာတ်ပုံ- ကျော်စွာဝင်း)
Mizzima - News in Burmese