RCSS/SSA တပ်မှ ပစ်ခတ်၍ “ဝ” တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခြင်းမှာ အောက်ခြေ ပြသနာဟု “ဝ” သဘောထား

ပို့စ်တင်ချိန် - 5/02/2014 06:33:00 PM



ဟင်္သာနီ (မွန်မြေ)

စံခလပူရီ၊ မဇ္ဈိမ။ ။ “ဝ” တပ်ဖွဲ့မှ စစ်သည်တစ်ဦး သေဆုံးသည်အထိ ရှမ်းပြည်တောင်ပိုင်း တပ်မတော်(RCSS/SSA)မှ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုကို အောက်ခြေအဆင့်
ပြသနာဟုသာ သထောထားသည်ဟု “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

“ဒါကတော့ မမျှော်လင့်ဘဲ ဖြစ်သွားတဲ့ ကိစ္စ၊ အောက်ခြေအဆင့် ပြသနာပါ၊ ဒီကိစ္စ ဆက်ပြီး မကြီးထွားသွားအောင် မပြန့်ပွား သွားအောင် နှစ်ဖက်လည်း ကိုယ့်တပ်၊ ကိုယ့်အဖွဲ့ကို ထိန်းချုပ်နိုင်အောင်
လုပ်ဖို့လိုတယ်၊ ဘာပဲပြောပြော တိုင်းရင်းသား ညီအစ်ကို အဖွဲ့အစည်းတွေပဲ” ဟု ပြောရေး ဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

ထိုပစ်ခတ်မှုမှာ ပြီးခဲ့သည့် ဧပြီလ (၅) ရက်နေ့၌ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန် မြို့နယ် အတွင်းရှိ ဟိုပန်၊ ဟိုခင်းဟု ခေါ်သည့် ဒေသ၌ ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်တောင်ပိုင်း တပ်မတော်၏ ပစ်ခတ်မှုကြောင့်
“ဝ” တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့သည်။

ရှမ်းပြည် တောင်ပိုင်း တပ်မတော် တပ်ဖွဲ့ဝင်များက “ဝ” တပ်ဖွဲ့ဝင်မှန်းမသိရှိသဖြင့် ပစ်ခတ်ခဲ့မိသည်ဟု ရှမ်းပြည်တောင်ပိုင်း တပ်မတော် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

“ကျွန်တော်တို့ အဖွဲ့က “ဝ” တပ်ဖွဲ့မှန်း မသိဘူး၊ အဲဒီ ဒေသမှာ ရွှေလာခိုးပြီး တူးနေတဲ့ အဖွဲ့တွေ ရှိတယ်၊ သတိပေးတာလည်း များပြီးလေ၊ အခုလည်း အဲဒီ အနေအထားမှာ တစ်ဖက်ကလည်း လက်နက်ကိုင်ထားတယ် ဆိုတော့ ပစ်ခတ်မှု ဖြစ်သွားတာပါ” ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက မဇ္ဈိမကိုပြောသည်။

“ဝ” တပ်ဖွဲ့နှင့် ရှမ်းပြည်တောင်ပိုင်း တပ်မတော်တို့အကြား အုပ်ချုပ်ရေး၊ နယ်နမိတ် သတ်မှတ်ချက်ကို သံလွင်မြစ်ဖြင့် သတ်မှတ်ထားပြီး “ဝ” တပ်ဖွဲ့က သံလွင်မြစ်၏ အရှေ့ခြမ်း၌ အခြေပြုကာ RCSS/SSAက သံလွင်မြစ်အနောက်ခြမ်းကို အခြေပြု အုပ်ချုပ်လျက် ရှိပါသည်။

အခင်း ဖြစ်ပွားခဲ့စဉ်၌ “ဝ” တပ်ဖွဲ့ဝင်များမှာ သံလွင်မြစ် အနောက်ဘက်ခြမ်းသို့ ကျော်ဝင်သွားကာ ရွှေလုပ်ကွက်တစ်ခု၌ လူခြုံရေး သွားယူပေးခဲ့စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောသည်။

“ကျွန်တော်တို့ အဖွဲ့ သံလွင်မြစ် အနောက်ဘက်က ရွှေလုပ်ကွက် တစ်ခုမှာ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ လုံခြုံရေး သွားယူပေးတာ ဖြစ်တယ်၊ သူတို့ (ရှမ်းတောင် တပ်မတော်က) ဝင်တိုက်သွားတာ ဖြစ်တယ်” ဟု ဦးအောင်မြင့်က ပြောသည်။

ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ရက်အတန်ငယ်ခန့် နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာခဲ့ကြသော်လည်း နောက်ပိုင်း ညှိနှိုင်းဖြေရှင်း နိုင်ကြပြီးလက်ရှိအခြေအနေတွင် ပုံမှန် စစ်ရေးဆက်ဆံမှု အခြေအနေသို့ ပြန်လည် ရောက်ရှိပြီဟု နှစ်ဖက်အဖွဲ့ ပြောရေး ဆိုခွင့် ရှိသူ များက ဆိုပါသည်။

“ဖြစ်ပြီး မှတော့ ဖြစ်သွား ပြီပဲ၊ ဘယ်တတ် နိုင်မလဲ၊ အကောင်းဆုံး ဖြစ်အောင် ညှိနှိုင်း ဖြေရှင်း နိုင်ခဲ့ ကြပါတယ်” ဟု ဦးအောင်မြင့်က ပြောသည်။

Mizzima Burmese