ဘရာဇီးအားရှုံးခဲ့သည့် ပွဲအပြီးတွင် ကွင်းလယ်ဒိုင်ကို ခရိုအေးရှားနည်းပြ ဝေဖန်

ပို့စ်တင်ချိန် - 6/14/2014 01:43:00 PM


ဆာအိုပေါ်လို၊ ဇွန် ၁၃။ အိမ်ရှင် ဘရာဇီး အသင်းကို ကမ္ဘာ့ဖလား ပြိုင်ပွဲအဖွင့်ပွဲတွင် ဂိုးပြတ်ရှုံးနမ့်ခဲ့ ပြီးနောက် ခရိုအေးရှား အသင်းနည်းပြချုပ် နီကိုးကိုဗက်က ထိုပွဲကို ကိုင်တွယ်ခဲ့သည့် ဂျပန်ကွင်းလယ်ဒိုင် ယူအိချိ နီရှီမူရ ကို ပြင်းပြင်းထန်ထန် ဝေဖန်မှု ပြုလုပ်ခဲ့သည်။

အိမ်ရှင်အသင်း ပါဝင်ခြင်းကြောင့် ဖိအားပြင်းထန်မည့် အဖွင့်ပွဲစဉ်ကို ကိုင်တွယ်ရန် ဖီဖာမှ ယုံကြည်စွာဖြင့် တာဝန်ပေးခြင်း ခံခဲ့ရသည့် နီရှီမူရ အနေဖြင့် ထိုပွဲတွင် အိမ်ရှင်အသင်း အသာရစေမည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြောင်း ကိုဗက်က ယုံကြည်နေခြင်း ဖြစ်သည်။ အထူးသဖြင့် ပွဲချိန် ပထမပိုင်းတွင် ဖြစ်ပွားခဲ့သည့် နေမာ၏ မိုဒရစ်အပေါ် ပြစ်ဒဏ်ကျူးလွန်မှုနှင့် ဘရာဇီးအသင်း ဒုတိယဂိုး ရရှိစေမည့် ပင်နယ်တီ သတ်မှတ်ပေးမှုတို့တွင် နီရှီမူရ၏ ဆုံးဖြတ်ချက်များကို ကိုဗက်က မကျေမနပ် ဖြစ်နေခြင်း ဖြစ်သည်။

"ဒီဖြစ်ရပ်ဟာ တစ်ကယ့်ကို ပင်နယ်တီ ပေးထိုက်တယ်လို့ ယူဆတယ် ဆိုရင်တော့ ကျွန်တော်တို့ ဘောလုံး ဆက်မကစားဖို့ပဲ ရှိတော့တယ်။ တစ်ကယ့်ကို ရှက်စရာ ကောင်းပါတယ်။ ကျွန်တော်တို့ ဒိုင်တွေကို လေးစားဖို့ ပြောနေကြတယ်။ သူတို့ကျတော့ ဘာကြောင့် ခရိုအေးရှားကို လေးစားမှု မရှိရတာလဲ"ဟု ခရိုအေးရှား နည်းပြ နီကိုး ကိုဗက်က ဝေဖန်ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ဆက်လက်၍ ကိုဗက်က နီရှီမူရကို အဖွင့်ပွဲ ကိုင်တွယ်ရန် ရွေးချယ်ခဲ့ခြင်းသည် ဖီဖာ၏ ဆိုးရွားသည့် ရွေးချယ်မှု တစ်ရပ်သာ ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။

ယင်းပွဲတွင် ခြေစွမ်းပြ ကစားခဲ့ပြီး ဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့သည့် ဘရာဇီး အသင်း၏ ကြယ်ပွင့်ကစားသမား နေမာမှာ ပွဲချိန် ၂၆ မိနစ်တွင် ခရိုအေးရှား ကွင်းလယ်လူ မိုဒရစ်နှင့် ဘောလုံးယှဉ်လုရင်း မိုဒရစ်ကို တံတောင်နှင့် တွက်ခဲ့သည်။ အဆိုပါ လုပ်ရပ်ကို ကိုဗက်က အနီကတ် တိုက်ရိုက်ထိသင့်သည့် ပြစ်ဒဏ်ဟု ယူဆနေသော်လည်း ကွင်းလယ်ဒိုင်က အဆိုပါ အပြုအမူအတွက် နေမာကို အ၀ါကတ်သာ ပြသခဲ့သည်။ ထို့အပြင် ပွဲချိန် ၇၀ မိနစ်၌ ပေးခဲ့ရသည့် ပင်နယ်တီ တွင်လည်း ကွင်းလယ်ဒိုင် နီရှီမူရမှာ ဘရာဇီး တိုက်စစ်မှူး ဖရက်ဒ်၏ ဒိုင်ဗင်ထိုးမှုကို မမြင်ခဲ့ဘဲ ပင်နယ်တီ သတ်မှတ်ပေးခဲ့သည့် အပြင် ခရိုအေးရှား နောက်ခံလူ လိုဗန်ကိုပါ အ၀ါကတ် ပြသခဲ့သည့် အတွက် ကိုဗက်က ပေါက်ကွဲနေခြင်း ဖြစ်သည်။

ခရိုအေးရှားသည် ထိုပွဲတွင် ပွဲချိန် ၁၀ မိနစ်ကတည်းက မာဆယ်လို၏ ကိုယ့်ဂိုးကိုယ် သွင်းဂိုးကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့သော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးများကြောင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ခရိုအေးရှား အသင်းသည် ဒုတိယမြောက် အုပ်စုပွဲစဉ် အဖြစ် လာမည့် ဗုဒ္ဓဟူးနေ့တွင် ကင်မရွန်း အသင်းနှင့် မနောက်စ်မြို့၌ပင် ယှဉ်ပြိုင်ကစား ရမည် ဖြစ်သည်။

ပွဲချိန် ၂၆ မိနစ်မှ နေမာ၏ မိုဒရစ်အပေါ် တံတောင်နှင့် တွက်မှုအတွက် အနီကတ် အပြခံရသင့် မသင့် ဒေးလီးမေးလ်မှ စစ်တမ်းကောက်ယူခဲ့ရာ ပရိသတ် ၇၄ ရာခိုင်နှုန်းက အနီကတ် ပြခံရသင့်ကြောင်း မဲပေးခဲ့ကြသည်။

Ref: Daily Mail
Mizzima Sport News