ကုမ္ပဏီဝန်ထမ်း လျှပ်စစ်ပြင်/ထိန်း အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး

ပို့စ်တင်ချိန် - 6/06/2014 06:02:00 PM


ရန်ကုန်၊ ဇွန် ၆

၅.၆.၂၀၁၄ ရက်နေ့ ၁၅၃၀ အချိန်တွင် ဒေါပုံမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ အမျိုးသား
တစ်ဦးဓါတ်လိုက်သေဆုံးရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါပုံမြို့နယ်နေ
ကိုစအောင်သူ၊ (၂၃)နှစ်ဖြစ်ကြောင်းသိရှိရပြီး ၀ဲလက်သန်းနှင့် လက်သူကြွယ်ထိပ်တို့တွင် စုတ်ပြဲဒဏ်ရာများရရှိထားသည်ကို
တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ဟိုက်ပါမားကက်တွင် လျှပ်စစ်ပြင်/ထိန်းအလုပ်လုပ်ကိုင်သူဖြစ်ကြောင်း၊ ၎င်းသည်
အခင်းဖြစ်ချိန်က ဟိုက်ပါမားကက်ရှိ ပစ္စည်းများသိုလှောင်သော
ဂိုဒေါင်အတွင်း လျှပ်စစ်မီးတပ်ဆင် ပြီးပြန်ဆင်းလာစဉ် ကရိန်းဖြင့်
ပစ္စည်းများသယ်ရာတွင်အသုံးပြုရန် ဆက်သွယ်ထားသော လျှပ်စစ်
မီးကြိုးအား ကိုင်မိခဲ့ပြီး ဓါတ်လိုက်ခဲ့သဖြင့် အနီးရှိလူများမှ ဆေးရုံသို့
ပို့အပ်စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒေါပုံမြို့မရဲစခန်းသေမှုသေခင်း
အမှတ်စဉ် (၇/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စစ်ဆေး ဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police