ဘရာဇီးလ်တွင် ကဗ္ဘာ့ဖလားပွဲ ကျင်းပရန် တစ်ပတ်သာ လိုတော့သည့်တိုင် ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားနေ

ပို့စ်တင်ချိန် - 6/06/2014 03:45:00 PM


ဘရာဇီးလ်နိုင်ငံတွင် ကဗ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပရန် တစ်ပတ်ခန့်သာ လိုတော့ချိန်တွင် သပိတ်မှောက် ဆန္ဒပြပွဲများ ပိုမိုဖြစ်ပွားလာကြောင်း တွေ့ရသည်။

ဗုဒ္ဓဟူးနေ့မှစပြီး ဆော်ပေါလိုမြို့ရှိ မြေအောက် ရထား ပို့ဆောင်ရေးဆိုင်ရာ ၀န်ထမ်းများက ရက်အကန့်အသတ်မရှိ သပိတ်မှောက် ဆန္ဒပြပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ရက် အကန့်အသတ်မရှိ သပိတ်မှောက် ဆန္ဒပြရန် မြေအောက် ရထားပို့ဆောင်ရေး ၀န်ထမ်းများ သမဂ္ဂအဖွဲ့ဝင်များ မဲခွဲဆုံးဖြတ် ခဲ့ကြခြင်း ဖြစ်သည်။ လူဦးရေသန်း (၂၀) ရှိသော ဆော်ပေါလိုမြို့တွင် ပြည်သူ (၄ ဒသမ ၅) သန်းသည် မြေအောက်ရထား ကွန်ရက်ကို အားကိုးနေရသဖြင့် သပိတ်ကြောင့် ပို့ဆောင် ရေးလုပ်ငန်း အကျပ်ရိုက်နိုင်သည်။

ဘရာဇီးလ်သည် ကဗ္ဘာ့ဖလားပွဲ မတိုင်ခင်တွင် သပိတ်မှောက် ဆန္ဒပြုမှု အများအပြား ရင်ဆိုင်နေရသည်။ ဇွန်လ(၁၂) ကဗ္ဘာ့ဖလား ဖွင့်ပွဲ ကျင်းပမည့် ဆော်ပေါလိုမြို့ ကော်ရင် သီယန် အားကစား ကွင်းရှေ့၌လည်း အငြိမ်းစား စစ်ပုလိပ် (၄၀၀) ကျော်နှင့် မိသားစုများ စုပေါင်းပြီး ကြာသပတေးနေ့ မနက်ပိုင်းတွင် ဆန္ဒပြ တောင်းဆိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နောက်ထပ် အိမ်ခြေရာမဲ့ လုပ်သားများ အဖွဲ့ (MYST) သည်လည်း ထိုအားကစားကွင်းရှေ့သို့ အလားတူ ချီတက် ဆန္ဒပြခဲ့ကြ ကြောင်း သိရသည်။ ကဗ္ဘာ့ဖလား ပွဲကျင်းပရေး အတွက် အသုံးပြုနေသော ဒေါ်လာ(၁၁) ဘီလီယံကျော်ကို ကျန်းမာရေး၊ ပညာရေး နှင့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍများတွင် အသုံးပြုပေးဖို့ ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

ပြီးခဲ့သည့်နှစ်က ကဗ္ဘာ့ဖလားအကြို ကျင်းပသော ကွန်ဖက်ဒရေးရှင်း ဖလား ဘောလုံးပွဲ ကျင်းပစဉ် ကလည်း ဘရာဇီးလ် ပြည်သူ တစ်သန်းခန့် လမ်းမများ ပေါ်ထွက်ကာ ကဗ္ဘာ့ဖလား ကန့်ကွက်ဆန္ဒပြပွဲ ဆင်နွှဲခဲ့ ကြသည်။ ဆန္ဒပြမှုများတွင် အကြမ်းဖက်မှု အများအပြား ဖြစ်ပွားခဲ့ပြီး ယခုနှစ် ကဗ္ဘာ့ဖလား ကာလတွင် အလားတူ ဖြစ်ပွားမည်ကို စိုးရိမ်လျက် ရှိကြသည်။

ကဗ္ဘာ့ဖလား ဘောလုံးပွဲများ ကျင်းပမည့် အားကစားကွင်း (၁၂) ကွင်းအနက်(၅) ကွင်းသည် ယခုထိတိုင် လက်စမသတ်နိုင် သေးဘဲ ဖြစ်နေသည်။ ဖွင့်ပွဲကျင်းပမည့် ဆော်ပေါလိုမြို့ ကော်ရင်သီယန် အားကစားကွင်း၌ပင် ထိုင်ခုံများ အပြည့်အစုံ မတပ်ဆင် နိုင်သေးဘဲ ဖြစ်နေသည်။

ကဗ္ဘာ့ဖလားပွဲ အတွက် ပိုအဆင်ပြေစေရန် လမ်းမကြီးများ ဖောက်လုပ်ခြင်း၊ မြန်နှုန်းမြင့် ရထားလမ်းများ ထူထောင်ခြင်း၊ မြေအောက် ရထားနှင့် မိုးပျံရထား လမ်းသစ်များ ဆောက်လုပ်ခြင်းများ ကိုလည်း အချိန်မမီမှု ကြောင့် ဆက်လက် ဖော်ဆောင်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

ကဗ္ဘာ့ဖလားပွဲ ကျင်းပရေး အတွက် အစိုးရက ငွေကြေးများစွာ သုံးစွဲနေခြင်းသည် ကဗ္ဘာ့ဖလားပွဲ အတွက်လောက်သာ မဟုတ်ဘဲ ဘရာဇီးလ် အားကစား လောက တစ်ခုလုံး အတွက်ပါ ရေရှည် အကျိုးရှိမည် ဖြစ်ကြောင်း ဘရာဇီးလ်သမ္မတ ဒီလ်မာရိုဆက် က ပြောသည်။

Messenger News Journal