ခြင်္သေ့များနှင့် ဘောလုံးကစားခြင်း

ပို့စ်တင်ချိန် - 6/06/2014 06:38:00 AM


ကီဗင်ရစ်ချတ်ဆန်သည် အလွန်အချိုးအစားကျနသော အနောက်တိုင်း ဝတ်စံကို ကျကျနန ဆင်မြန်းထားသည်။ ပြောင်လက်နေအောင် တိုက်ချွတ်ထားသည့် ရှူးဖိနပ် များကိုမူ ၎င်းကချွတ်ပစ်လိုက်ပြီး ယင်းအစား အနက်ရောင် nike ဘောလုံးကန်ဖိနပ် ကို စီးနင်းလိုက်သည်။ ဘောလုံးကို ခြေထောက်နှင့် တစ်ချက်နှစ်ချက် တော့ကြည့် လိုက်ပြီးနောက် ကီဗင်သည် ၎င်း၏ ဘောလုံးကစားဖက်များထံ ဦးတည် ထွက်ခွာလာခဲ့သည်။ ကီဗင်ကိုစောင့်မျှော်နေသည့် ကစားဖော်များမှာ ဧရာမခြင်္သေ့ကြီး ၃ ကောင်ဖြစ်သည်။

တောင်အာဖရိကတွင်နေထိုင်သည့် ကီဗင်ကို ခြင်္သေ့များနှင့် တီးတိုးဖော်ဟု လူအများက အမည်သညာပြု ခေါ်ဝေါ်လေ့ရှိကြသည်။ ၎င်းသည် တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး ဝန်ထမ်းတစ်ဦးဖြစ်ပြီး ခြင်္သေ့များနှင့် ယခင်ကတည်းက လက်ပွန်း တတီးနေထိုင်ပြီး ခြင်္သေ့များ၏ သဘောသဘာဝကို နားလည်ကျွမ်းဝင်သူ တစ်ဦးဖြစ်သည်။ ခြင်္သေ့ ၃ ကောင်နှင့် ဘောလုံးကစားခြင်းသည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တွင် ၎င်းတို့၏ပုံရိပ်ကိုမြှင့်တင်ရန် ကြိုးစားနေသည့် ဒတ်ခ်ျဖက်ရှင် အမှတ်တံဆိပ် van Gils ၏ ကြော်ငြာအစီအစဉ် တစ်စိတ်တစ်ဒေသလည်းဖြစ်သည်။အသက် ၄၀ အရွယ်ရှိ ကီဗင်အနေဖြင့်မူ ခြင်္သေ့ကြီးများနှင့် ဆော့ကစားပြရခြင်း အတွက် မည်သို့မျှ ကြောက်လန့်စိတ်မရှိချေ။ ၎င်းသည် အဆိုပါ ခြင်္သေ့ကြီးများကို ငယ်စဉ်ကတည်းက အစာကျွေးမွေး စောင့်ရှောက်လာသလို ယင်းတို့နှင့် အတူတကွ ဖက်လှဲတကင်း ကျီစယ်နေကျ၊ အိပ်စက်နေကျဟုဆိုသည်။ ခြင်္သေ့များကို စောင့်ရှောက်ခဲ့သည့် သက်တမ်း နှစ်ပေါင်း ၂၀ မျှကြာမြင့်ခဲ့ပြီးဖြစ်သည့် ကီဗင်က “ကျွန်တော်အရွယ်ရောက်ပြီး ဘဝတစ်လျှောက်လုံးနီးပါး ခြင်္သေ့တွေနဲ့ ယဉ်ပါးနေခဲ့တာပဲလေ။ သူတို့ကိုခေါ်တယ်။ အစာကျွေးတယ်။ ပွေ့ဖက်နှစ်သိမ့်တယ်။ ပြီးတော့ သူတို့ နဲ့အတူ အိပ်တယ်။ ကြောင်အကြီးစားမျိုးနွယ် တိရစ္ဆာန် အားလုံးကို ကျွန်တော် သဘောကျပါတယ်။ ဒါပေမဲ့ ခြင်္သေ့တွေကတော့ ကျွန်တော့်ဘဝမှာ ထူးခြားတဲ့ အဓိပ္ပါယ်တစ်ရပ်ပါပဲ။ ကျွန်တော်နဲ့ ခြင်္သေ့တွေကြားက ဆက်ဆံရေးဆိုတာ အချိန်ယူ တည်ဆောက်ပြီးမှ ခိုင်မာလာတာပါ” ဟုရှင်းပြခဲ့သည်။

ကီဗင်နှင့်အတူ ဘောလုံးကစားသည့် ခြင်္သေ့ကြီးများမှာ အထီးတစ်ကောင်နှင့် အမနှစ်ကောင် ဖြစ်သည်။ ဘောလုံးကစားနည်းကို အတန်ငယ် အကျွမ်းမဝင်သဖြင့် စိတ်ရှုပ်သွားဟန်ရှိသော ခြင်္သေ့မကြီးတစ်ကောင်ကမူ ညစ်ကျယ်ကျယ် အပြုအမူ အဖြစ် ဘောလုံးတစ်လုံးအား ကိုက်ဖောက်ပစ်လိုက်သေးသည်။ “ဘောလုံးလောက မှာ အကူအညီလိုအပ်နေတဲ့နယ်ပယ်တွေ အများကြီးပါပဲ။ တောရိုင်းတိရစ္ဆာန်တွေမှာ လည်း တူတူပဲဖြစ်ပါတယ်။ ခြင်္သေ့ရိုင်းတွေဟာ အကူအညီလိုအပ်နေပါတယ်။ ဒီ နေရာလေးကတော့ သူတို့ကို သဘာဝအတိုင်းကျက်စားနိုင်အောင် ဖန်တီးပေးထား တဲ့ စခန်းသာလေးပါပဲ။ ကမ္ဘာပေါ်မှာ သဘာဝအတိုင်း နေထိုင်ကျက်စားခွင့်ရတဲ့ တောရိုင်းခြင်္သေ့တွေက ၂၀ ရာခိုင်နှုန်းလောက်ပဲရှိနေပြီး ကျန်တဲ့ခြင်္သေ့တွေရဲ့ ပတ်ဝန်းကျင်က အနှောင့်အယှက်အမျိုးမျိုး ကြုံနေရပါတယ်” ဟုလည်း ကီဗင်က ပြောကြားသွားသည်။


Planet