ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီး (သို့မဟုတ်) ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ လိင်လုပ်သားနယ်မြေ

ပို့စ်တင်ချိန် - 6/06/2014 04:35:00 PM


ဝေဘုန်းလူ

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လိင်လုပ်သားတွေဟာ သူတို့ရဲ့ဝင်ငွေအမြောက်အမြားရနိုင်ရေးအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းကို အားထားလေ့ရှိခဲ့ကြပါတယ်။ ညမှောင်လာပြီဆိုတာနဲ့ တိုင်းတပါးသား
ဧည့်သည်တွေများဆုံးသွားလာတတ်တဲ့နေရာတွေရဲ့ လမ်းထောင့်တွေမှာ၊ ကားတွေအနီးနားမှာ၊ အလင်းဖျော့မီးတိုင်တွေအောက်မှာ အရှက်လုံရုံသာ ၀တ်စားထားတဲ့ အမျိုးသမီးတွေ အလျှိုအလျှို ပေါ်ထွက်လာတတ်ကြပါတယ်။

မှောင်ရိပ်ကျနေတဲ့နေရာတွေကနေ ရဲစခန်းတွေနားတ၀ိုက်ထိတောင် သူတို့ကိုတွေ့ရတတ်ပြီး အခုဆိုရင်တော့ သူတို့ကို ၂၀၁၄ ကမ္ဘာ့ဖလားကျင်းပရာဘရာဇီးနိုင်ငံအရောက် ခေါ်ဆောင်သွားနိုင်မယ့် ကားတွေဆီ နောက်ပိုင်းအလှကိုလှုပ်ယမ်းရင်း လျှောက်လှမ်းနေကြပါပြီ။ ကမ္ဘာ့ဖလားလက်ခံကျင်းပဖို့ နီးလာတာနဲ့အမျှ ပြိုင်ပွဲလက်ခံကျင်းပမယ့် မြို့တွေမှာ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကို အမှီပြုပြီး ဖြစ်ထွန်း လာမယ့် လိင်ဝန်ဆောင်မှုလုပ်ငန်းနဲ့ အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေကို ပြည့်တန်ဆာအဖြစ် ခိုင်းစေမှုတွေမြင့်တက်လာခဲ့ပြီး အဓိကဖြေရှင်းရမယ့် ပြဿနာကြီးတစ်ခုလို ဖြစ်လာနေခဲ့ပါပြီ။
ဘရာဇီးနိုင်ငံဟာ ထိုင်းနိုင်ငံပြီးနောက် ခန့်မှန်ခြေ အရွယ်မရောက်သေးသူ ၂၅၀,၀၀၀ ပါဝင်နေတဲ့ ဒုတိယမြောက် ကလေးသူငယ်လိင်ကုန်ကူးမှု အဆိုးရွားဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ ပြည့်တန်ဆာလုပ်ငန်း ဟာ အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူတွေအတွက် ဘရာဇီးမှာ တရားဝင်ခွင့်ပြုချက်ရထား ပေမဲ့ ဇွန်လမှာကျင်းပမယ့် ကမ္ဘာ့ဖလားမတိုင်ခင် ကလေးသူငယ်အရေအတွက် ၅၀၀,၀၀၀ သိန်းထက်ပိုပါ ၀င်နိုင်တဲ့ အရွယ်မရောက်သေးသူလိင်ကုန်ကူးခြင်းဆိုင်ရာ လုပ်ငန်းတွေကို အစိုးရနဲ့ ဘရာဇီးဘောလုံး အဖွဲ့ချုပ်တို့က တိုက်ဖျက်ဖို့ ကြိုးပမ်းနေကြရပါတယ်။ ဘရာဇီးအစိုးရဟာ ကလေးသူငယ်တွေကို လိင် အကြမ်းဖက်လာရင် ဘယ်လိုအကြောင်းကြားရမလဲဆိုတဲ့ ပညာပေးစာသားပါ ၀တ်စုံထောင်ပေါင်းများစွာကို မကြာသေးခင်ကမှ ဝေငှထားပါတယ်။

ဒါ့အပြင် ပြိုင်ပွဲကျင်းပရာမြို့တွေမှာ ကလေးသူငယ်လိင်ကုန်ကူးခြင်းလုပ်ငန်းတွေကို တိုက်ဖျက်ဖို့ လှုပ်ရှားမှုတွေပြုလုပ်ပေးခဲ့ရာမှာ ဘရာဇီးငွေ ၈ သန်း ဒါမှမဟုတ် ကန်ဒေါ်လာ ၃.၃ သန်းဝန်းကျင် သုံးစွဲခဲ့ ပါသေးတယ်။ အခြားတစ်ဖက်မှာတော့ နိုင်ငံဟာ ပြည့်တန်ဆာလုပ်ငန်းကို တွန်းလှန်ပြောင်းလဲနိုင်ဖို့ ဦးတည် လျှက်ရှိနေပါတယ်။ အဲဒါကတော့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ပရိသတ်တွေနဲ့အတူ အစုလိုက်အပြုံလိုက် ရောက်ရှိလာကြမယ့် အရွယ်ရောက်ပြီးလိင်လုပ်သားတွေအတွက် ဥပဒေတွေမရှိသေးတာပဲဖြစ်ပါတယ်။

TMZ Sports ရဲ့ဖော်ပြချက်အရဆိုရင် အမေရိကန်နဲ့ နယ်သာလန်က ပြည့်တန်ဆာတွေဟာ ဘရာဇီးရောက် နိုင်ငံတကာ ဘောလုံးပရိသတ် သန်းတစ်ဝက်ကျော်ကို ဖျော်ဖြေမှုပေးဖို့ ဘရာဇီးနိုင်ငံကို ထွက်ခွာလာကြပါပြီ။ ပြည့်တန်ဆာတွေဟာ အင်္ဂလိပ်စကားအပြင် ကြွေးဝယ်ကတ်နဲ့ ငွေပေးချေမှုတွေကို တောင် နားလည်အောင် သင်ယူလေ့လာနေကြပါပြီ။ သို့သော်လည်း တရားဝင်ခွင်ပြုထားတဲ့လုပ်ငန်းဖြစ် သည့်တိုင်အောင် ဘရာဇီးရဲ့လမ်းတွေအပေါ်မှာ လိင်လုပ်သားတွေနဲ့ ပြည့်နေတာမျိုးကိုတော့ အစိုးရက သိပ်လိုလားပုံမရပါဘူး။ နိုင်ငံရဲ့ပုံရိပ်အပေါ်သက်ရောက်စေနိုင်တဲ့ ကမ္ဘာ့လှည့်ခရီးသည်အခြေပြု လိင် ၀န်ဆောင်မှု လုပ်ငန်းတွေကို အစိုးရက ဟန့်တားချင်တဲ့ အရိပ်အယောင်တွေတောင် ပြသနေပါတယ်။
ပြီးခဲ့တဲ့ကမ္ဘာ့ဖလားနှစ်ကြိမ်အတွင်းက အချက်အလက်တွေအရ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် ခွင့်ပြုထားတဲ့ ဂျာမနီနိုင်ငံမှာ ၂၀၀၆ ကမ္ဘာ့ဖလားကျင်းပတုန်းက ပြည့်တန်ဆာဦးရေ ခန့်မှန်းခြေ ၄၀,၀၀၀ ခန့် ပြင်ပက ၀င်ရောက်ခဲ့ကြပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာ အမျိုးသမီးထောင်ပေါင်းများစွာဟာ ပြည့်တန်ဆာအဖြစ်ခိုင်းစေခံရရန်အလို့ငှာ ဂျာမနီကို ကုန်ကူးခံခဲ့ရပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လည်း ဇင်ဘာဘွေနိုင်ငံက အများဆုံးပါဝင်တဲ့ ပြည့်တန်ဆာ ၄၀,၀၀၀ ၀န်းကျင်လောက်ဟာ ခန့်မှန်းခြေ ကမ္ဘာ့ဖလား ဧည့်သည် ၅၀၀,၀၀၀ အတွက် တောင်အာဖရိက နိုင်ငံကိုရောက်ရှိခဲ့ပါတယ်။ အဲဒီကမ္ဘာ့ဖလား ကျင်းပတဲ့နှစ်ကြိမ်အတွင်းမှာ အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေ လိင်ကုန်ကူးခံရမှုက ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ တိုးမြင့်ခဲ့ရပါတယ်။

လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အသက် ၁၁ နှစ်ဝန်းကျင် မိန်းကလေးငယ်တွေဟာ လိင်လုပ် သားအဖြစ် ပစ်မှတ်ထားခံနေရတယ်လို့ သတင်းတွေထွက်ပေးနေပါတယ်။ The Times ရဲ့သတင်းတစ်ပုဒ် မှာဆိုရင် လူဆိုးဂိုဏ်းတွေဟာ လိင်ကိစ္စစေခိုင်းဖို့အတွက် အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေကို စုဆောင်းနေတယ်လို့တောင် ဖော်ပြခဲ့ပါတယ်။ စုဆောင်းခံရတဲ့ ၅၀၀,၀၀၀ ခန့်သော ကလေးမလေးတွေ အနက် အများစုက ကျေးလက်ဒေသက နွမ်းပါးသူလေးတွေဖြစ်ပြီး နိုင်ငံတွင်းမှာ ခန္ဓာကိုယ်ရောင်းပြီး အသက်မွေးနေရသူလေးတွေ ဖြစ်ကြပါတယ်။ သူတို့လေးတွေထဲက အများအပြားဟာ နေထိုင်ရာဒေသ ကနေ လော်ရီကားကြီးတွေရဲ့သယ်ဆောင်မှုနဲ့ မိုင်ပေါင်း ၂၈၀၀ ခရီးကို ဖြတ်သန်းနေကြပါပြီ။ ဆာအိုပေါ်လို မြို့မှာ လွှတ်တော်စုံစမ်းရေးကော်မရှင်ရဲ့ စုံစမ်းမှုတွေအရ ကမ္ဘာ့ဖလားပြိုင်ပွဲဖွင့်ပွဲကျင်းပမယ့် ကိုရင်သီယန် ကွင်း တည်ရှိရာပတ်ဝန်းကျင်တ၀ိုက်မှာ ကလေးပြည့်တန်ဆာနဲ့ လိင်အကြမ်းဖက်မှုတွေ တိုးပွားလာတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် အခြားသတင်းတွေမှာလည်း အရွယ်မရောက်သေးတဲ့ လိင်လုပ်သားငယ်လေး တွေဟာ မာရာကာနာအပါအ၀င် ဘောလုံးကွင်းတွေနား တစ်ဝိုက်မှာ နေရာယူပြီးဖြစ်နေပြီလို့တောင် ဖော်ပြ နေကြပါသေးတယ်။ တကယ့်ကို တုန်လှုပ်ဖို့ကောင်းတဲ့ အခြေအနေပဲဖြစ်ပါတယ်။



လူမှုရေးအဖွဲ့အစည်းတစ်ခုမှာလုပ်ကိုင်နေပြီး လိင်ကုန်ကူးမှုသားကောင်ဘ၀ရောက်နေတဲ့ ကလေး ငယ်တွေကို ကယ်တင်ပေးခဲ့ဖူးတဲ့ မတ်ရိုပါဆိုသူက ဒါတွေဟာ တိုင်းပြည်အတွင်းမှာ တိတ်ဆိတ်စွာ ထွန်း ကားနေတဲ့ ယဉ်ကျေးမှုတစ်ရပ်လိုတောင်ဖြစ်နေပြီလို့ မှတ်ချက်ပြုခဲ့ပါတယ်။ သူက “ကြည့်ရတာ မထူးဆန်း တော့တဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တွေလို ဖြစ်နေပါပြီ။ မိခင်တွေနဲ့ မိသားစုဝင်တွေဟာ သူတို့ရဲ့သမီးလေးတွေ လမ်းပျော် ပြည့်တန်ဆာဖြစ်နေတဲ့အကြောင်း ပြောဖို့ ဘာမှပြဿနာရှိပုံမရပါဘူး” လို့ ပြောခဲ့တာပါ။ မူးယစ်ဆေးပေါများပြီး လူဆိုးဂိုဏ်တွေအကြား ရံဖန်ရံခါပစ်ခတ်မှုတွေရှိနေတဲ့ ဒေသမှာ မိန်းကလေးငယ် လေးတွေဟာ အလွန်တရာနည်းပါးလှတဲ့ ငွေကြေးပမာဏ ဖြစ်တဲ့ ဗြိတိန်သုံးငွေ ဆယ်ပေါင်လောက်နဲ့ ရောင်းစားခံနေရတာပါ။

လိင်လုပ်သားအဖြစ်မှ ကယ်တင်ခြင်းခံရတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ကဆိုရင် သူဟာ ကွင်းဆောက်လုပ်ရေးလုပ်သားတစ်ယောက်ရဲ့ ဆန္ဒကိုဖြည့်ဆည်းဖို့သဘောတူခဲ့သည့်တိုင်အောင် အကြမ်း ပတမ်း ဆက်ဆံခံရလို့ ကိုယ်ဝန်ပျက်ကျခဲ့ရတယ်လို့ ဆာအိုပေါ်လို စုံစမ်းရေးအရာရှိတွေကို ပြောပြခဲ့ပါ တယ်။ “ပြီးတဲ့နောက် သူကျွန်မကို ယူမယ်လို့ပြောပါတယ်။ ကျွန်မရဲ့အဖေကတော့ အများကြီးဂရုစိုက် မနေပါဘူး။ သူ့အတွက် ကောင်းတောင် ကောင်းသွားဦးမယ်။ ဘာကြောင့်လဲဆိုတော့ ကျွေးစရာ ပါးစပ်တစ်ပေါက်လျော့သွားမှာလေ။ ဒါပေမယ့် ကျွန်မအတွက်တော့ ဒီလိုမဟုတ်ပါဘူး” လို့ သူက နာနာ ကျည်းကျည်း ဖွင့်ဟခဲ့တာပါ။ ဆာအိုပေါ်လိုရဲတပ်ဖွဲ့ကတော့ အသက်မပြည့်သေးတဲ့ ပြည့်တန်ဆာတွေနဲ့ မပျော်ပါးဖို့ ခရီးသွားဧည့်သည်တွေကို ညွှန်းကြားချက်ထုတ်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာ့ဖလားကျင်းပ ဖို့ရက်ပိုင်းသာလိုပါတော့တယ်။ ဆမ်ဘာမြေက အတောင်မစုံသေးတဲ့ ညဥ့်ငှက်ကလေးတွေရဲ့ ဘ၀တွေ လှပဖို့ကိုသာ ကျွန်တော်တို့တွေ ဆုတောင်းပေးကြဖို့သာ ရှိနေပါတော့တယ်။

Mizzima Sport News