သမ္မတ လစဉ်မိန့်ခွန်း ပြောကြားပြီးသည့် နောက်ပိုင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုအပေါ် နှောင့်ယှက် ဟန့်တားမှုများစွာ ကြုံတွေ့နေရ

ပို့စ်တင်ချိန် - 6/06/2014 07:28:00 AM


ဇွန်လ ၁ ရက်နေ့က နေပြည်တော်၊ ပျဉ်းမနားမြို့၊ လယ်ဝေးမြို့၌ ပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လုပ်ငန်းစဉ်များအကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေစဉ်

ရန်ကုန်၊ ဇွန် ၎

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မေလ ၃၁ ရက်နေ့၌ ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ၎င်း၏ သဘောထားများကို ပြောကြားခဲ့သည့် နောက်ပိုင်းတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈ (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) တို့ ပူးပေါင်းပြုလုပ် သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများ ဟန့်တား ခံရလျက်ရှိသည်။

ဟန့်တားခံရသည့်ပွဲများမှာ ဧရာဝတီတိုင်း ရေကြည်မြို့နယ်နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့တို့တွင် ပြုလုပ်သည့် ဟောပြောပွဲများ ဖြစ်သည်။

““ဟားခါးကတော့ နေရာမရှိဘူး။ အပြင်မှာ ခွင့်ပြုချက် တောင်းရမယ်ပေါ့။ ခွင့်ပြုချက် တောင်းတော့ မပေးဘူး။ အကြောင်းပြချက်တော့ မသိဘူး။ အဲဒီမှာ ဟားခါးက အဖွဲ့ဝင်တွေက ရုံးမှာပဲ လုပ်လိုက်ကြတယ်။ အောင်မြင်စွာ လုပ်ပြီးတယ်လို့ သိရတယ်””ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ချင်းပြည်နယ် ဟာခါးမြို့တွင် ခွင့်ပြုချက် မရခြင်းနှင့် ပတ်သက်၍ ချင်းပြည်နယ် NLD ဥက္ကဋ္ဌ ဦးဇိုဘွဲက ““ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောပွဲ ခွင့်ပြုမိန့်တောင်းတာ မြို့နယ်ရဲမှူးက ခွင့်ပြုမိန့်ပေးတယ်။ ပြည်နယ် ၀န်ကြီးချုပ်က မပေးတာ””ဟု ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေလ ၃၁ ရက်နေ့၌ လစဉ်ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ““နိုင်ငံရေး ခေါင်းဆောင်များ အနေဖြင့် နိုင်ငံရေး ဆုံးဖြတ်ချက်များ၊ လုပ်ဆောင်ချက်များ ချမှတ် ဆောင်ရွက်သည့် နေရာတွင် ရရှိထားသည့် နိုင်ငံရေး ပွင့်လင်း လွတ်လပ်မှုများ ဆက်လက် ရှင်သန်စေရန် ထည့်သွင်း စဉ်းစား ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါတယ်”” ဟု သတိပေးစကား ထည့်သွင်း ပြောကြားထားသည်။

ထို့ပြင် ““ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများ ပြည့်မီအောင် ကြိုးပမ်းအားထုတ် လုပ်ဆောင်ရာ၌ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူ အားလုံး၏ အမြော်အမြင်ကြီးမှု၊ ဉာဏ်ပညာ ကြွယ်ဝမှုနှင့် စိတ်ရင်း စေတနာ မှန်ကန်မှု တို့ဖြင့်သာ ပြင်ဆင်သင့်ပါတယ်”” ဟူ၍ ၎င်း၏ သဘောထား ရပ်တည်ချက်အဖြစ် ထည့်သွင်း ပြောဆို ထားသည်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများ ကျင်းပရန် ခွင့်ပြုမိန့်မရခြင်းနှင့် ပတ်သက်၍ ရေကြည်မြို့နယ်၊ NLD ဥက္ကဋ္ဌ ဦးစောအောင်က ““ရေကြည်မြို့နယ် မိုးလုံလေလုံ အားကစားကွင်း မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဦးမျိုးရန်နောင်သိမ်း၊ ဦးလှမျိုးနောင်၊ ဦးသော်ဇင် (Street View) ဂျာနယ်တို့နဲ့ ဇွန်လ ၂ ရက်နေ့ ကျင်းပဖို့ မေ ၂၆ ရက်နေ့က ခွင့်ပြုမိန့် တင်ထားတာ။ ဒီပွဲကို ကျင်းပခွင့် မပြုဘူးလို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဇွန် ၁ ရက်နေ့ညက အကြောင်း ပြန်ကြားတယ်။ မနက်လုပ်မှာကို ညကျမှ အကြောင်းပြန်တာ။ စောစောစီးစီး ကြိုအကြောင်းကြားရင်တော့ ပြင်လို့ရတာပေါ့။ အခုဟာက အနားကပ်မှ အကြောင်းကြားတာတော့ မပျက်ပျက်အောင် ဖျက်တယ်လို့ပဲ ယူဆတယ်။ သူတို့ ခွင့်မပြုလို့ ရေကြည်မြို့နယ် မိဘရုပ်ရှင်ရုံမှာ လုပ်တယ်။ အဲဒီလို လုပ်တာနဲ့ ပတ်သက်ပြီးတော့ ဘာအကြောင်း မှတော့ မကြားရသေးဘူး””ဟု ပြောသည်။

ထို့ပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈ (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့မှ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရသည့် ရည်ရွယ်ချက်သည် ယင်းပုဒ်မ ပြင်နိုင်သည့်အခါ ပုဒ်မ ၅၉(စ)ကိုပါ ပြင်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက်သာ ဖြစ်ကြောင်း ဖော်ပြထားသည့် စာရွက်စာတမ်းများ ဝေငှခြင်းများ ဖြစ်ပေါ်လျက်ရှိပြီး ပုဒ်မ ၄၃၆ မပြင်ရေးအတွက် တန်ပြန် ဆန္ဒပြမှုများလည်း ရှိသည်။

ထို့မျှသာမက အစိုးရ အုပ်ချုပ်ရေးပိုင်း၌လည်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနရှိ ၀န်ထမ်းများအား နိုင်ငံရေး လှုပ်ရှားမှုများနှင့် ကင်းကင်းနေရန် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က သတိပေးမှုများ ရှိသလို အချို့သော ဌာနများတွင်လည်း ထိုကဲ့သို့ တားမြစ်မှုများ ဆက်တိုက် ပြုလုပ်လျက် ရှိသည်။

ယခုပြုလုပ်နေသော ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်သော ဟောပြောပွဲများကို ဟန့်တားခြင်းသည် ပြည်သူများ၏ ပြင်ချင်သည့် ဆန္ဒကို မပေါ်စေချင်သည့် သဘောဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူ ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံပါသည်ဟု ယခင်အစိုးရက ကြေညာထား သည်မှာ ခိုင်မာမှု မရှိခြင်းကြောင့် ယခုကဲ့သို့ တားဆီး ပိတ်ပင်ခြင်း ဖြစ်သည်ဟု NLD မှ ယခုကဲ့သို့ ဝေဖန် ထားသည်။

““အမှန်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းချက်နဲ့အညီ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြဋ္ဌာန်းချက်နဲ့အညီ လုပ်တာလေ။ တည်ငြိမ်အေးချမ်းစွာ လုပ်တာကို ခွင့်ပြုချက် တောင်းရင်တော့ ပေးရမှာပေါ့။ ငြိမ်းညီဥပဒေလည်း ရှိတာပဲ။ ဒါက တရားဝင် ခွင့်ပြုချက် တောင်းတာ ဆူပူလှုပ်ရှားမှု မဟုတ်ရင် ပေးရမှာပေါ့။ တကယ်လို့ ဆူပူလှုပ်ရှားရင် ဆူပူလှုပ်ရှားမှုနဲ့ အရေးယူလိုက်ပေါ့။ ဒါတွေက ပြည်သူတွေ ပြင်ချင်တာကို၊ ပြင်ချင်တဲ့ဆန္ဒကို မပေါ်စေချင်တဲ့ သဘောရှိတယ်။ တကယ်လို့ သူတို့ ပြောသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံခဲ့တယ်ဆိုရင်၊ ကိုယ့်ဘက်က ခိုင်မာတယ်ဆိုရင် ခွင့်ပြု ပေးလိုက်ပေါ့။ ပြည်သူတွေက ဘယ်လောက် ပြင်ချင်တယ် ဆိုတာ ပေါ်လာမှာပဲ။ ကိုယ့်တုန်းက ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံပါတယ်၊ ထောက်ခံပါတယ်၊ ပြောပြီးတော့ အခုပြည်သူတွေ ပြင်ချင်တာကို မပေါ်အောင် လုပ်တာတော့ အဲဒီကတည်းက ၉၂ ရာခိုင်နှုန်းကျော် မခိုင်မာလို့ပေါ့။ ဒါကတော့ ရှင်းနေတာပဲလေ””ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈ (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ ပူးပေါင်း၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများ၊ လူထုဆန္ဒ လက်မှတ်ရေးထိုးပွဲများ ကျင်းပလျက်ရှိသည်။ ယင်းဟောပြောပွဲများကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်း၊ မန္တလေးတိုင်းရှိ အောင်ပင်လယ်ကွင်းတို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ယခုအခါ အောင်ပင်လယ်ကွင်းကို ခြံဝင်းများခတ်နေသည့်တွက် မေးခွန်းထုတ်စရာ တစ်ခုဖြစ်သည်။ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မြို့ကြီးများတွင်လည်း ၎င်းဟောပြောပွဲများ ကျင်းပရန် စီစဉ်လျက်ရှိသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မြို့ကြီးများတွင် ကျင်းပရန် ခွင့်ပြုမိန့် တင်ထားဖြစ်ကြောင်း၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့၌ ကျင်းပ ပြီးစီးသွားပြီဖြစ်ကြောင်းတို့ကို တိုင်းနှင့်ပြည်နယ် အသီးသီးသို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပွဲစီစဉ်ပေးသူ ဒေါ်နိုဘယ်လ်က ““ကရင်၊ ကယားက ပြီးသွားပြီ၊ ချင်းကတော့ ဟားခါးမှာ နေရာအတွက်မရလို့ NLD ရုံးမှာပဲ လုပ်လိုက်တယ်။ ၂ ရက်နေ့က လုပ်လိုက်တာ။ ကျွန်မတို့က တိုင်းနဲ့ပြည်နယ် ၁၄ ခုရှိတဲ့ မြို့ကြီးတွေမှာ လုပ်မယ်။ ကျန်တဲ့နေရာတွေကတော့ ခွင့်ပြုချက် တင်ထားတုန်းပဲ။ ပဲခူးတိုင်းဆိုရင် ပဲခူးမြို့၊ ပြည်မြို့ရယ်၊ စစ် ကိုင်းတိုင်းဆိုရင် မုံရွာမြို့၊ ကချင် ပြည်နယ်မှာဆိုရင် မြစ်ကြီးနား၊ ဗန်းမော်စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ရှိတဲ့ ထင်ရှားတဲ့ မြို့ကြီးတွေမှာ လုပ်မှာ””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းသဘောထားဆန္ဒ ကောက်ခံရယူမှုများအား ဇူလိုင်လ ၁၉ ရက်နေ့အထိ ပြုလုပ်ရန် စီစဉ်ထားပြီး ရရှိလာသည့် အချက်အလက် မှတ်တမ်းများကိုလည်း လွှတ်တော်၌ တင်ပြသွားမည် ဖြစ်သည်။

တင်ဇာအောင်
မြန်မာသံတော်ဆင့်