အောင်မင်္ဂလာ ကားဂိတ်တွင် ၁၁ ယောက်စီး အငှားယာဉ် ပြေးဆွဲရန် စီစဉ်

ပို့စ်တင်ချိန် - 6/06/2014 06:04:00 PM


ရန်ကုန်၊ ဇွန် ၅

အဝေးပြေး ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူစေရန် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ၁၁ ယောက်စီး အငှားယာဉ် (TAXI) များ ပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း အောင်မဟာ အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးအသင်း နာယက ဦးမင်းဇော်က ပြောကြားသည်။

အဆိုပါ ယာဉ်များကို အောင်မင်္ဂလာ အဝေးပြေးကားဂိတ်မှ ခရိုင်သုံးခုသို့ ပြေးဆွဲရန် စီစဉ်လျက်ရှိပြီး သုဓမ္မာလမ်း၊ ကမ္ဘာအေးဘုရားလမ်းမှ အနောက်ပိုင်းခရိုင် မြို့နယ်များသို့ လည်းကောင်း၊ သုဓမ္မာလမ်း၊ ဝေဇယန္တာလမ်း၊ သံသုမာလမ်းမှ အရှေ့ပိုင်းခရိုင် မြို့နယ်များသို့ လည်းကောင်း၊ အဝေးပြေး၊ ခရေပင်လမ်းမှ မြောက်ပိုင်းခရိုင် မြို့နယ်များသို့ လည်းကောင်း ပို့ဆောင်ကာ ဒဂုံဧရာ အဝေးပြေးအထိ ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“မ.ထ.သ ကို မတ်လကတည်း တင်ထားတာ။ မ.ထ.သရဲ့ ညွန်ကြားမှု အောက်ကနေ ၁၀ စီးကနေ အစီး ၅၀ ထိ ပြေးဆွဲခွင့်ပြုဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ထားပါတယ်။ ပြေးဆွဲခွင့်တော့ မကျသေးဘူး။ လူ ၁၁ ယောက် သက်သောင့်သက်သာ စီးနိုင်တဲ့ Hyundai Starex ကားတွေနဲ့ Air-Con ဖွင့်မောင်းသွားမယ်။ လူတစ်ယောက် ကျပ် ၁၀၀၀ နှုန်းနဲ့ လျာထားပါတယ်။ စင်းလုံး ငှားလို့လည်း ရမယ်” ဟု ၎င်းကဆိုသည်။

အဝေးပြေးကားများကသည် အောင်မင်္ဂလာဂိတ်သို့ နံနက်မိုးမလင်းမီ အချိန်များတွင်သာ ဆိုက်ရောက်လေ့ ရှိသောကြောင့် အမျိုးသမီးများအနေဖြင့် တစ်ဦးတည်း အငှားယာဉ် စီးနင်းရသည်မှာ လုံခြုံမှုမရှိဟု ခံစားရကြောင်း၊ ယင်းကဲ့သို့ ယာဉ်လိုင်း အမည်ပါရှိသည့် စုပေါင်း အငှားယာဉ်များမှာ အများပြည်သူအတွက် အမှန်တကယ် လိုအပ်လျက် ရှိကြောင်း အထက်တန်းရှေ့နေ ဒေါ်ထက်ထက်က ပြောကြားသည်။

“အစိုးရကိုတော့ ၁၁ ယောက်တင်မယ်။ Air-Con ဖွင့်မောင်းမယ် ပြောပြီး နောက်ပိုင်း လူပိုတင်တာတွေ မကိုက်လို့ Air-Con ပိတ်မောင်းတာတွေ မလုပ်ဖို့တော့ လိုမယ်။ အထူးကားလို အထူးပူပြီး အထူးကျပ်နေမှာစိုးလို့” ဟု ၎င်းကဆိုသည်။

အဆိုပါ အောင်မဟာ အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေးအသင်းကို မ.ထ.သ ယာဉ်လိုင်းများမှ ယာဉ်ပိုင်ရှင်အချို့က စုပေါင်းလုပ်ကိုင်ခြင်း ဖြစ်ကြောင်း အဆိုပါအသင်း၏ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားသည်။

The Voice Weekly