လ၀ကမှ ဘင်္ဂါလီများအား ကမန်မှတ်ပုံတင်ကတ် ထုတ်ပေးသောကြောင့် ရခိုင်နှင့် ကမန် သွေးကွဲနေရ

ပို့စ်တင်ချိန် - 6/06/2014 07:44:00 AM


ရခိုင်ပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လ၀က) မှ ဘင်္ဂါလီများအား ကမန် လူမျိုးအမည်ဖြင့် မှတ်ပုံတင်ကတ်ပြား ထုတ်ပေးသောကြောင့် ရခိုင်လူမျိုးများနှင့် ကမန်လူမျိုး များ သွေးကွဲမှု ဖြစ်ပေါ်နေရကြောင်း ကမန်အမျိုးသားပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်း က မေလ ၃၁ ရက်နေ့ ကမန် အမျိုးသားပါတီရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ကမန်လူမျိုးများနှင့် ဘင်္ဂါလီများ ကိုးကွယ်သည့် ဘာသာတူခြင်းအား ခုတုံးလုပ်ကာ လ၀ကမှ မှတ်ပုံတင် ကတ်ပြားများ ပြုလုပ်ပေးသောကြောင့် ရခိုင်လူမျိုးများသည် ဘင်္ဂါလီများအား ကမန်လူမျိုးများက ပူးပေါင်း သွင်းသည်ဟုထင်ကာ စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်သောကြောင့် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

““အဲလို အသုံးချခံရမှုအပေါ်မှာ ကျွန်တော်တို့ လူမျိုးစုဟာ တစ်ဖက်မှာ မျိုးနွယ်စုကြီး ရခိုင်က သံသယတွေ ဖြစ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရင် ကျွန်တော် အသုံးချခံရတာ။ ကမန်မဟုတ်တဲ့ သူတွေက ငွေကြေး အများကြီးပေးပြီး လုပ်တယ်။ အခုထိလုပ်နေတုန်းပဲ””ဟု အထွေထွေ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်း က ပြောသည်။

ကမန်လူမျိုးများသည် လူနည်းစုဖြစ်ပြီး ကမန်လူမျိုး အများစုမှာ ငွေကြေးချို့တဲ့ သူများဖြစ်ကာ ဘင်္ဂါလီများသည် ကမန်လူမျိုး ခံယူချင်သောကြောင့် မဟုတ်ဘဲ မှတ်ပုံတင် ကတ်ပြားရရန် အတွက်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ကမန် အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြောသည်။

““ကမန်လို့ ခံချင်လို့မဟုတ်ဘူး။ ကတ်ရဖို့ လ၀ကက ရေးတဲ့သမိုင်း လက်ခံလိုက်တာပဲ။ လ၀ကကလည်း ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ဘင်္ဂါလီတွေကို ကမန်လို့ ပြောရင် ပန်းရောင်ကတ်က ထုတ်ပေးတာ။ ပြောချင်တာက လုပ်ခဲ့တဲ့သူနဲ့ လ၀ကနဲ့ကြားမှာ ဖြစ်ခဲ့တဲ့ကိစ္စ။ ကျွန်တော်တို့ ကမန်တွေကပဲ ကိုယ့်လူမျိုးတွေကို တိုးလာအောင် လုပ်တာမဟုတ်ဘူး””ဟု ဦးတင်ဝင်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သက်မာအား ဆက်သွယ်မေးမြန်းခဲ့ရာ ““ပြောပိုင်ခွင့် မရှိကြောင်း မြန်မာသံတော်ဆင့်သို့ ဖြေကြားခဲ့သည်။

ထို့ပြင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ““မှတ်ထားပြီးတော့ ကျွန်တော် တင်ပြပေးမယ်။ အဲဒါ ကျွန်တော်မသိဘူး”” ဟု တာဝန်ခံက ပြန်လည် ဖြေကြားခဲ့သည်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်