အိမ်ရှင်မများအတွက် သက်စောင့်ဆေးတစ်လက်

ပို့စ်တင်ချိန် - 6/06/2014 06:10:00 PM



မိန်မများ ယောက်ျားယူကြခြင်းမှာ ချစ်တာကို အခြေခံသည်ဟု ဆိုသော်လည်း အားကိုးအားထားပြုချင် သောကြောင့် ယူကြခြင်းဖြစ်ပါသည်။
မိန်မများသည် အိမ်ထောင်ရှင်မဖြစ်လာသောအခါ သတ္တိအလွန်ကောင်းကြ၏။ အလွန်လှချင်ကြသည်။ ရင်ကလေးချီးချီး-ခါးကလေးကျဉ်ကျဉ်နှင့်။ ဘယ်ယိမ်းညာယိမ်းဖြင့် မိမိအလှကို အရိပ်တကြည့်ကြည့် လုပ်နေသူများဖြစ်၏။

သို့သော် ယောက်ျားရ၍ ဝမ်းတိုက်ကြာ၌ ကိုယ်ဝန်ရှိလာသောအခါ သူတို့သည် အလွန်ဝမ်းသာကြ၏။ ကိုယ်ဝန်ရင့်၍ ဗိုက်ကြီးတငေါ့ငေါ့ဖြင့် သွားရလာရ အနေအထိုင်မပေါ့မပါး ဖြစ်သော်လည်း ပျော်နေကြ၏။ ဝမ်းတိုက်ကြာမှ ကလေးငယ်-လစေ့၍အပြင်သို့ မွေးဖွားရသောအလုပ်သည် လွယ်လှသည် မဟုတ်။ နာကျင်မှုဝေဒနာအပြင်းအထန်ဖြစ်ပါ၏။ အပြင်ရောက်လာသော ရင်သွေးငယ်ကို ကြည့်၍ ပြုံးရယ်နိုင် ၏။

ထိုအိမ်ရှင်မများသည် နံနက်မိုးလင်းသည်မှ မိုးချုပ်နေဝင်အိမ်ထောင်သည်အထိ သူတို့မနားကြရ။ အိပ်ရာခင်းကလေးတွေ ဖြူစင်နေအောင်စီမံရ၏။ တစ်အိမ်လုံးအတွက် စားရေး၊ သောက်ရေး၊ ဝတ်ရေးစီမံရ သည်။ မိမိနေထိုင်သည့် အိမ်ကလေး သန့်ရှင်းအောင်အမြဲလုပ်နေရ၏၊ HOME SWEET HOME “မိမိအိမ်မှာ မွေ့လျော်ရာ” ဟူသောစိတ်ထား သူတို့မှာ အမြဲထားရှိ၏။ မိမိခင်ပွန်း အလုပ်ခွင်မှ ပြန်လာသော် မိမိကိုလှလှပပ မြင်စေရန် အလုပ်များသည့်ကြားက ရေးမိုးချိုး သနပ်ခါးလိမ်း အလှပြင်ရ၏။

ထိုအိမ်ရှင်မများသည် မီးဖိုနားမှာ အမြဲအလုပ်လုပ်နေကြရ၍ မီးပူမိသည်လည်းရှိသည်။ အဝတ်အစားများ မီးပူတိုက်ရ၏။ မီးပူတိုက်ပြီး ပန်းကန်ဆေးရ၏။ အဝတ်လျှော်ရ၏။ ငယ်တုန်းအရွယ်ကောင်းတုန်း မသိသာလှသော်လည်း အသက် ၄၀ ကျော်လာသောအခါ ဝေဒနာအမျိုးမျိုးရတော့သည်။

အိမ်ရှင်မများသည် အိပ်ရေးဝဝ မအိမ်ကြရ။ အလုပ်မအား၍ ဆီးဝမ်းအောင့်ထားရာမှ ဝမ်းချုပ် လေချုပ်ကြရပြန် ၏။ မိမိ ပင်ပန်းနွမ်းနယ်သည်ကို သက်သာစိမ့်သောငှာ ပန်ကာလေခံ၏။ ရေအေးအေးလေးချိုးပြီး အေးပေ့ ချိုပေ့အစာကလေးတွေ စားမိသောအခါ သွေးတိုးရောဂါဖြစ်ကြရ၏။

ထိုသို့ဖြစ်ခဲ့သော် အကောင်းဆုံးနှင့် အလွယ်ကူဆုံး ဆေးကတော့ ကွမ်းရွက်သုံးရွက်နှင့် ထန်းလျက်တစ်လုံး၊ ရေအချို ပန်းကန်သုံးလုံးခန့်ထည့်၍ပြုတ်ပါ။ ထိုပြုရည်ကို အချိုပန်းကန်တစ်ဝက်သာသာ ထည့်ပြီး သောက်ပေးပါ။ အဝတ်ထူထူဝတ်ပြီး လေလုံသောနေရာတွင် နေလိုက်ပါ။ ကွမ်းရွက်ကို အရည်ညှစ်၍ မျက်စဉ်းခပ်လိုက ခပ်နိုင်သေး၏။ ချွေးများထွက်လာသော် အဝတ်နှင့်သုတ်၍ ရေနွေးသောက်ပေးပါ။ ထိုနေ့ရေမထိပါနှင့်။

အိမ်ရှင်မများအတွက် သက်စောင့်သွေးဆေး

ဤဆေးသည် နိုင်ငံတော်အစိုးရတိုင်းရင်းဆေးကုဌာနများ၌ထားရှိသော သွေးဆေးဖြစ်ပါသည်။ တိုင်းရင်းဆေး အမှတ် (၁၇)သွေးဆေးနီကြီးဆိုပါက တိုင်းရင်းဆေးဆရာများ သိကြပါသည်။ ထိုဆေးသည် ရှေးက သမားတော်ကြီးများ ရွှေနန်းတွင်သုံး ဆေးကောင်းတစ်လက်ဖြစ်ပါသည်။ ကုန်းဘောင်ခတ် ဆင်ဖြူရှင်မင်း လက်ထက် ခွေးဆောင်နန်းစဉ်ကုထုံး ကျမ်းတွင်လည်းကောင်း၊ သက္ကရာဇ် ၁၉၉၉-နှစ်၊ နန်းတက်သော သာယာဝတီမင်းလက်ထက်တွင် ရေးသားထားသော “နယမာလာ” ဆေးကျမ်း တွင်လည်းကောင်း ပါရှိသောဆေး ဖြစ်ပါသည်။

ဆေးနည်းမှာ

၁။ ဇာတ်ပ္ဖိုလ်သီး - ၁ ကျပ်သား

၂။ လေးညှင်း - ၁ ကျပ်သား

၃။ ကြစု - ၁ ကျပ်သား

၎။ ပန်းနု - ၁ ကျပ်သား

၅။ ပန်းမ - ၁ ကျပ်သား

၆။ ကတ္တရသင်္ချေ - ၁ ကျပ်သား

၇။ နံ့သာဖြူ - ၁ ကျပ်သား

၈။ နံ့သာနီ - ၁ ကျပ်သား

၉။ ဖာလာငယ် - ၁ ကျပ်သား

၁၀။ ကတ်ဖို - ၁ ကျပ်သား

၁၁။ နွယ်ချို - ၁ ကျပ်သား

၁၂။ ဆောင်းမေခါး - ၁ ကျပ်သား

၁၃။ ကြံ့သွေး - ၁ ကျပ်သား

၁၄။ ဆေးပုဇွန်ထုပ် - ၁ ကျပ်သား

၁၅။ ပရုတ် - ၁ ကျပ်သား

၁၆။ ဖုံးမသိန် - ၁ ကျပ်သား

၁၇။ သိန္ဓော - ၁ ကျပ်သား

၁၈။ ပဒုမ္မာကြာဝတ်ဆံ - ၁ ကျပ်သား

၁၉။ ကြာသီးဆံ - ၁ ကျပ်သား

၂၀။ ကံကော်ဝတ်ဆံ - ၁ ကျပ်သား

စုစုပေါင်းအလေးချိန် -၂၀ ကျပ်သား၊

စုစုပေါင်းအရသာ -ပူ ခါး စပ်

ဆေးအကျိုးကား

အအေးမိ၍ ဖျားခြင်း၊ မီးယပ်သွေးချုပ်၊ မီးယပ်သွေးငုတ်ခြင်းတို့ကို ကွမ်းရွက်ပြုတ်ရည်နှင့် ဆေးကွမ်းသီး တစ်ခြမ်းခန့် သောက်ပေးပါ။ မီးယပ်သွေးတက်ခြင်း၊ သွေးတိုးရောဂါတို့အတွက် ဆေးတစ်ဆ သကြားသုံးဆရော၍ သောက်ပါ။ ဆီးချိုးရောဂါဖြစ်လျှင် သွေးဆေးချည်း ရေနွေးပူပူနှင့်သောက်ပေးပါ။ ဝမ်းပျက်၊ ဝမ်းဖော၊ ဝမ်းရောင်လျှင် သွေးဆေးကွမ်းသီးတစ်ခြမ်းခန့်ကို ရေနွေးပူပူနှင့်သောက်ပေးပါ။
မီးယပ်သွေးမမှန်၍ အသားအရေညိုညစ်ညစ်ဖြစ်နေလျှင် တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးပါ။ မူးဝေလျှင် ဆေးကိုရှုပေးပါ။ အိမ်ရှင်မများအတွက် သက်စောင့်ဆေးကောင်းတစ်လက်ဖြစ်ပါကြောင်း။

(မှတ်ချက်။ မကွေးဝင်းမြင့် ရေးသားသည့် ဆေးသမုဒ္ဒရာ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။)


MOI Webportal Myanmar