စဥ့်ကိုင် သစ်အချောထည်စက်ရုံလုပ်သား ၁၀၀၀ ကျော်ဆန္ဒပြ
မန္တလေးတိုင်း ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာမှာရှိတဲ့ ကံကောင်းခြင်း ရတနာသစ်ချောထည်စက်ရုံမှာ  လုပ်အားခ အပြည့်အ၀ရရှိရေးအတွက် အလုပ်သမား ၁၀၀၀ ကျော် အလုပ်မဆင်းဘဲ ဆန္ဒပြနေကြပါတယ်။
ဘယ်လင်းကျေရွာမှာ ရှိတဲ့ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ ပြီးခဲ့တဲ့လက သူတို့နဲ့ အလုပ်ရှင်အကြား ရထားခဲ့တဲ့ သဘောတူညီချက် တွေကို အလုပ်ရှင်က အကောင်အထည် မဖော်ပေးတဲ့အတွက် ဆန္ဒပြတာလို့ အလုပ်သမား ခေါင်းဆောင် ဦးခိုင်မင်းက ပြောပါတယ်။
အလုပ်သမားတွေဟာ သူတို့ရဲ့ လိုလားချက်တွေကို ရရှိဖို့အတွက် ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့ ကတည်းက အလုပ်မဆင်းဘဲ အလုပ်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြတာ သီတင်း ၁ ပတ်နီးပါး ရှိလာပြီ ဖြစ်ပေမယ့် အလုပ်ရှင်ဘက်က ဖြေရှင်းပေးမှုတွေ မလုပ်ဘဲ အလုပ်ကို ပြန်ဝင်ဖို့သာ တွန်းအားပေးတယ်လို့ ပြောပါတယ်။
အလုပ်သမားတွေရဲ့ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး အလုပ်ရှင်ဘက်ကိုတော့ ဆက်သွယ်လို့ မရပါဘူး။
အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဒေါ်သက်သက်အောင်ကတော့ ခုလို အလုပ်သမားတွေ အကြိမ်ကြိမ်ဆန္ဒပြရတာဟာ တရားမျှတမှု မရှိလို့ ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း အလုပ်သမားတွေဟာ အလုပ်ချိန်လျော့ချရေးနဲ့ လစာအပြည့်အ၀ရရှိရေး ဆန္ဒပြခဲ့ကြပြီး အလုပ်ရှင်နဲ့ အချက် ၁၄ ချက်ကို သဘောတူညီခဲ့ပါတယ်။
ဒီအချက်တွေထဲက အတော်များများကို အလုပ်ရှင်က လိုက်လျောမပေးတဲ့အတွက် အခုထပ်ပြီး ဆန္ဒပြရတာလို့ ပြောပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်
DVB Burmese
(PR) စနစ်ဖေါ်ထုတ်ဖို့ နည်းဥပဒေ ရေးဆွဲနေဆဲ
မြန်မာနိုင်ငံသား နိုင်ငံခြားသားတွေ မြန်မာ နိုင်ငံမှာ အမြဲနေထိုင်ခွင့် (PR) စနစ်ကို အကောင်အထည် ဖေါ်နိုင်ဖို့ အတွက် နည်းဥပဒေ ရေးဆွဲနေကြောင်း နဲ့ အမြဲနေထိုင်ခွင့် စိစစ်ရေးကော်မတီ ကိုလည်း ဖွဲ့စည်းသွားမှာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူအင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ဒီကနေ့ ပြည်သူ့လွှတ်တော် မှာ ဖြေကြားခဲ့ပါတယ်။
ကလေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှိုင်က (မြန်မာနိုင်ငံသား နိုင်ငံခြားသား) တွေ မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် PR စနစ်ကို ဘယ်တော့ စနိုင်မလဲလို့ မေးမြန်းတာကို ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ဖြေကြားခဲ့တာဖြစ်ပါတယ်။
" အမြဲနေထိုင်ခွင့် စနစ်ကို အချိန်တိုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်သည့် နည်းဥပဒေအား ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ အကြံပြုချက်နဲ့ အညီ ထုတ်ပြန်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်၊ လိုအပ်သော အမြဲနေထိုင်ခွင့် စီစစ်ထုတ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်"
ဒါ့အပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့် စီမံခန့်ခွဲရေးကော်မတီကို ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီး ၁၀ ဦးနဲ့ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က ဖွဲစည်းထားတယ်လို့ သိရပါတယ်။
နေထိုင်ခွင့်ကို အမျိုးအစား ၄ မျိုး ခွဲထားရာ ကျွမ်းကျင်ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သူတွေ၊ မြန်မာနိုင်ငံသားဟောင်းတွေနဲ့ မြန်မာနိုင်ငံသားနဲ့ လက်ထပ်ထိမ်းမြှားထားသူတွေအဖြစ် ခွဲခြားထားတယ်လို့ သိရပါတယ်။
RFA Burmese
သတင်းပေးကူညီနိုင်ပါရန် မေတ္တာရပ်ခံခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ မုတ္တမကမ်းလွန်ပင်လယ်ပြင် ရတနာဓါတ်ငွေ့မြေ လုပ်ငန်းတွင် အလုပ် လုပ်ကိုင်နေသူ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးရေစီးဖြင့်
မျာပါပျောက်ဆုံးသွားခဲ့သဖြင့် ၎င်း၏သတင်းကို မိဘပြည်သူများမှလည်း
ရရှိပါက သတင်းပေးကူညီနိုင်ပါရန် မေတ္တာရပ်ခံခြင်း
ရန်ကုန်၊ မတ် ၂၄
၂၁.၃.၂၀၁၄ရက်နေ့ ၁၅၄၀အချိန်တွင် ရန်ကင်းမြို့နယ်၊ SWIBERကုမ္ပဏီမှ Operation Asst; ဖြစ်သူ ဦးတင့်ဝေမှ ဆိပ်ကမ်းမြို့မရဲစခန်းသို့ရောက်ရှိ
လာပြီး ၎င်းထံသို့ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ မုတ္တမ
ကမ်းလွန်ပင်လယ်၌ ရတနာဓါတ်ငွေ့မြေ လုပ်ကွက်အမှတ်(၅/၆)ထုတ်လုပ်
ရေးစင်မှ ဖုန်းဖြင့်ဆက်သွယ်လာကာ အဆိုပါဓါတ်ငွေ့မြေလုပ်ကွက်၌
Rigger ရာထူးဖြင့် အလုပ်လုပ်ကိုင်နေသော Mr. I PUTU SUPRAPTO၊ (၂၅)နှစ်၊ အင်ဒိုနီးရှားနိုင်ငံသား၊ ပတ်စ်ပို့အမှတ် A-6855321 သည် ၂၀.၃.၂၀၁၄ ရက်နေ့ ၀၁၁၅ အချိန်တွင် Cargo Barge New Cruzz 332 သင်္ဘောတွင်ချည်နှောင်ထားသည့် ၎င်းစီးနင်း လာသော work boat မှာ ကြိုးပြုတ်ပြီး ရေထဲမျောပါသွားသဖြင့် လိုက်လံဆယ်ယူသော်လည်း work boatနှင့်အတူရေစီးဖြင့်မျောပါကာပျောက်ဆုံးသွားခဲ့ကြောင်းကို အကြောင်း
ကြားသဖြင့်သိရှိခဲ့ရကြောင်းနှင့် စုံစမ်းဆောင်ရွက်ပေးပါရန် တိုင်တန်းချက် အရ ဆိပ်ကမ်းမြို့မရဲစခန်း လူပျောက်အမှတ်စဉ် (၅/၂၀၁၄) ဖြင့်
ရေးဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
ပျောက်ဆုံးသူ အင်ဒိုနီးရှားနိုင်ငံသား Mr. I PUTU SUPRAPTO ၏ ပုံသဏ္ဍာန်မှာ ဆံပင် ကတုံးဆံတောက်၊ မျက်နှာဝိုင်း၊နဖူးကျယ်၊မျက်ခုံးနက်၊ မျက်ပေါက်သင့်၊ နှာတံပေါ်/ပွ၊ နားရွက်သေး/ကပ်၊ နှုတ်ခမ်းထူ၊အသားညို၊ အရပ်(၅)ပေ (၅)လက်မခန့်ရှိသူဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ အင်ဒိုနီးရှားနိုင်ငံသား ပျောက်ဆုံးမှုနှင့်ပတ်သက်၍ အခြားဆက်စပ်
ပြည်နယ်/ တိုင်းဒေသကြီးများသို့ကူညီစုံစမ်းရှာဖွေပေးရန် အကြောင်းကြား
ထားရှိခဲ့ပြီး ရေကြောင်းရဲတပ်ဖွဲ့ နှင့် ဆိပ်ကမ်းမြို့နယ်ရဲတပ်ဖွဲ့တို့မှ စုံစမ်း
ဆောင်ရွက်လျက်ရှိပါသည်။
ဖြစ်စဉ်မှ အင်ဒိုနီးရှားနိုင်ငံသားနှင့်ပတ်သက်၍ မိဘပြည်သူများမှ သတင်း
တစ်စုံတစ်ရာရရှိပါက အောက်ပါဖုန်းနံပါတ်များသို့လည်းကောင်း၊ ပြည်နယ်/
တိုင်းဒေသကြီးများရှိ နီးစပ်ရာ ရဲစခန်းများသို့လည်းကောင်း ဆက်သွယ်
သတင်းပေးကူညီနိုင်ပါရန် မေတ္တာရပ်ခံဖော်ပြအပ်ပါသည်-
ဖုန်းနံပါတ် -
၀၁ ၂၃၀၀၇၄၇၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး
၀၁ ၂၄၅၂၆၀၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့
၀၁ ၂၁၆၉၃၀၊ ဆိပ်ကမ်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့
၀၁ ၂၁၆၉၈၀၊ ဆိပ်ကမ်းမြို့မရဲစခန်း
Yangon Police
သန်းခေါင်စာရင်း ဖြည့်လျှင် မျိုးနွယ်စုကို မေးမည်
ကချင်ပြည်နယ်မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့ အခါ ကချင် လူမျိုးလို့ ဖြေဆိုသူတွေကို ဘာမျိုးနွယ်စုလဲ ဆိုတဲ့မေးခွန်း ကိုလည်း မေးမြန်းမှာဖြစ် တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ဒီနေ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူရဲ့ မေးခွန်း ကို ပြန်လည်ဖြေကြား ခဲ့ပါတယ်။
သန်းခေါင်စာရင်းကောက်ယူမယ့် မေးခွန်းပုံစံမှာ ကချင်မျိုးနွယ်စုတွေရဲ့ ဘုံနာမည်ဖြစ်တဲ့ "ကချင်" ကို မျိုးနွယ်စု စာရင်းမှာ ကုတ်နံပါတ် "၁၀၁"လို့ ထည့်သွင်းထားတဲ့အပေါ် နောက်ထပ် မျိုးနွယ်စုမေးခွန်းကို မေးမြန်းဖို့ ရှိမရှိ ဒေါ်ဒွဲဘူက မေးမြန်းခဲ့တာပါ။
ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ကချင်လို့ဖြေဆိုသူတွေကို မျိုးနွယ်စုမေးခွန်း ဆက်လက် မေးမြန်းမှာ ဖြစ်တယ်လို့ အခုလို ဖြေပါတယ်။
" မည်သို့ပင် ဖြစ်စေကာမူ ဖြေကြားသူက ကချင်လူမျိုးလို့ ဖြေကြားပါက စာရင်းကောက်များက ကချင်လူမျိုးတွင် မည်သည့် မျိုးနွယ်စု ဖြစ်ပါသလည်းဟု ထပ်မံ မေမြန်းပေးပါမည် ပြည်သူ့ဆန္ဒနဲ့ အညီလည်း လိုက်နာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထပ်မံ ရှင်းလင်းဖြေကြားအပ်ပါတယ်"
လက်ရှိ ၂၀၁၄ သန်းခေါင်စာရင်းပုံစံဟာ ၁၉၇၃ ခုနှစ်က ကောက်ယူခဲ့တဲ့ စာရင်းအပေါ် အခြေခံပြီး တိုင်းရင်းသား ၁၃၅ မျိုးကို အတည်ပြုထားတာဖြစ်ကြောင်းနဲ့ ကုတ်နံပါတ်မရှိသေးတဲ့ တိုင်းရင်းသားတွေကို 'အခြား' ဆိုတဲ့နေရာမှာ ထည့်သွင်းစေတာလို့  ဒုတိယ၀န်ကြီးက လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
RFA Burmese
မိကျောင်းကန် ပဋိပက္ခ ဒုတိယအကြိမ် သပိတ်စခန်းဖွင့်
ရန်ကုန်တိုင်း ဒေသကြီး မိကျောင်းကန် အပိုင်း ၁ ၊ ၂၊ ၃ မြေပိုင်ဆိုင်မှု ပဋိပက္ခနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီ တစ်ရပ် ဖွဲ့စည်းပေးဖို့ မိကျောင်းကန် ရပ်ကွက်မှာ နေထိုင်ခဲ့သူတွေက ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဒုတိယအကြိမ် သပိတ်စခန်း ဖွင့်ပြီး တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မိကျောင်းကန်ရပ်ကွက်မှာ သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ရာမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနဲ့ ဦးခိုင်မောင်ရည်တို့က ၃ လအတွင်း ဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့တဲ့အတွက် အဲဒီ သပိတ်စခန်းကို ဖျက်သိမ်းပေးခဲ့တာလို့ ဆိုပါတယ်။
ဒီနေ့စတင်ပြီး တတိယအကြိမ်မြောက် သပိတ်စခန်းဖွင့်တောင်းဆိုရာမှာ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးစိန်သန်းက လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းပေးဖို့နဲ့  မိကျောင်းကန်သား ၂၅ ဦးကို  ပိုင်နက်ကျူးလွန်မှုပုဒ်မ ၄၄၇၊ ၀တ္တရားနှောက်ယှက်မှု ပုဒ်မ ၁၈၆ တို့နဲ့ တပ်စည်ပင်ကနေ တရားစွဲ ဆိုခံထားတဲ့ အတွက် အဲဒီအမှုတွေကို  ရုတ်သိမ်းပေးဖို့ တောင်းဆိုကြောင်း ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် အမှတ် ၁၊ ၂၊ ၃ တို့ကို လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်လောက်က နယ်လှည့် တပ်မ ၂၂ က သိမ်းယူခဲ့ပြီး အဲဒီရပ်ကွက်က ဒေသခံတွေကို ပဲခူးရိုးမအနီးကို အဓမ္မပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။
RFA Burmese
မယားလိုသလောက် ယူခွင့်ပြုသည့် ဥပဒေကြမ်းကင်ညာ အမျိုးသမီး အမတ်များ ကန့်ကွက်
နိုင်ရိုဘီ၊ မတ်-၂၃
လက်ရှိမယားကြီးအား တိုင်ပင်ရန်မလိုဘဲ အမျိုးသားများ မယားယူချင်
သလောက် ယူခွင့်ရှိသည့် ဥပဒေတစ်ရပ်ကို ကင်ညာပါလီမန်လွှတ်တော်
က မဲခွဲအတည်ပြုခဲ့ရာ အမျိုးသမီးလွှတ်တော်အမတ်များက အပြင်းအထန် ကန့်ကွက်ခဲ့ကြကြောင်း မတ် ၂၂ ရက်သတင်းများတွင်ဖော်ပြသည်။
အဆိုပါ ဥပဒေကြမ်းသည် ကင်ညာနိုင်ငံ၌ ကျင့်သုံးဆဲ လက်ထပ်ထိမ်းမြား
မှုဆိုင်ရာဥပဒေကို ပြင်ဆင်ထားသည့်ဥပဒေတစ်ရပ်ဖြစ်ပြီး ကင်ညာပါလီမန် က မတ် ၂၀ ရက် ညပိုင်းတွင် မဲခွဲအတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဥပဒေကြမ်းတွင် မူလကခင်ပွန်းသည်များ၏ရွေးချယ်မှုကို တစ်
ချက်လွှတ်ပယ်ချပိုင်ခွင့် အမျိုးသမီးများအတွက် ပေးအပ်ထားသော်လည်း
နောက်ပိုင်းတွင် ယင်းပြဋ္ဌာန်းချက်ကိုကင်ညာအမျိုးသားအမတ်များက ဖြုတ်
ချနိုင်ခဲ့သည်။
လက်ထပ်ထိမ်းမြားမှုဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်၌ မဲခွဲအတည်
ပြုစဉ် ကင်ညာပါလီမန်၏ အမျိုးသမီးလွှတ်တော်အမတ် ၆၉ ဦးတို့က
ယင်းဥပဒေကြမ်းအား ကန့်ကွက်သည့်အနေဖြင့် လွှတ်တော်ခန်းမတွင်းမှ ထွက်ခွာသွားကြကြောင်း သတင်းများတွင် ဖော်ပြထားသည်။
အခြား အာဖရိကနိုင်ငံများကဲ့သို့ပင် ကင်ညာနိုင်ငံသည် အမျိုးသားများ
မယားများများယူသည့် အစဉ်အလာကိုကျင့်သုံးခွင့်ပြုထားသော်လည်း
အမျိုးသမီးများမှာ ယောက်ျားတစ်ဦးထက် ပိုယူခွင့်မရှိပေ။
စံတော်ချိန် သတင်းစာ
ရေမျောအရာဝတ္ထုငယ်များ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း၌တွေ့ရှိ လေယာဉ်ပျောက်ရှာဖွေရေးအတွက် မျှော်လင့်ချက်ပေါ်ထွက်
ပါ့သ်၊မတ်-၂၃
အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း လေယာဉ်ပျောက်ရှာဖွေရေးဇုန်အတွင်း
သစ်သားပြားတစ်ပြားအပါအ၀င် အမျိုးအမည်မသိ အပျက်အစီးများ
အား ရှာဖွေရေးလေယာဉ်တစ်စင်းက တွေ့ရှိထားရာပျောက်ဆုံးနေ
သည့် မလေးရှားလေကြောင်းလိုင်းခရီးစဉ်အမှတ် အမ်အိတ်ခ်ျ ၃၇၀ ရှာဖွေရေးလုပ်ငန်းအတွက် မျှော်လင့်ချက်များ ပေါ်ထွက်လာကြောင်း
သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့ကမတ်၂၃ရက်တွင် ပြောကြား
သည်။
သြစတြေးလျနိုင်ငံ ပါ့သ်မြို့အနောက်တောင်ဘက် မိုင် ၁၅၀၀ ခန့်
အကွာ အိန္ဒိယသမုဒ္ဒရာရေပြင်အတွင်းပေါလောမျောနေသော အရာဝတ္ထုတစ်ခုကို တရုတ်ဂြိုဟ်တုဓာတ်ပုံများအရထောက်လှမ်းတွေ့
ရှိခဲ့ သည့် မတ် ၂၂ ရက်မှာပင် ရေမျောအပျက်အစီးများအားတွေ့ရှိခဲ့ရ
ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိရထားသော အထောက်အထားနှင့်သဲလွန်စအသစ်များကြောင့်
မလေးရှားလေကြောင်းလိုင်း ခရီးသည်တင်ဘိုးရင်းလေယာဉ်ပျောက်ဆုံး
မှုအကြောင်းရင်းကို ဖော်ထုတ်နိုင်ရေးအတွက် လမ်းစပေါ်လာနိုင်ကြောင်း
သြစတြေးလျဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
လေယာဉ်ရှာဖွေရေးဇုန်အတွင်းမျောနေသော အရာဝတ္ထုများကို ရှာဖွေ
ရေးလုပ်ငန်းစဉ်၌ပါဝင်သည့် အရပ်ဘက်ရှာဖွေရေးလေယာဉ်တစ်စင်းမှ ရှာဖွေရေးသမားများက မြင်တွေ့ခဲ့ခြင်းဖြစ်ကြောင်းသြစတြေးလျ ရေကြောင်းလုံခြုံရေးအာဏာပိုင်အဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည်။
သို့ရာတွင် ခေတ်မီရှာဖွေရေး ကိရိယာများတပ်ဆင်ထားသော သြစတြေးလျ
လေတပ်ထောက်လှမ်းရေး လေယာဉ်တစ်စင်းကို ရေမျောအရာဝတ္ထုများ
တွေ့မြင်ထားရာ ရေပြင်ဒေသသို့ စေလွှတ်ခဲ့ရာ ပင်လယ်ရေမှော်ပင်များ သာတွေ့ရသေးကြောင်း သတင်းပြန်လည်ပေးပို့ထားသည်။
စံတော်ချိန် သတင်းစာ
မြွေတောင်၊ ဖားတောင် စီမံကိန်းကိစ္စ လွှတ်တော်တွင် ရှင်းလင်းရန် တောင်းဆို
တီးတိန်မြို့ (Photos By: Dr. Dong (Sydney)
ချင်းပြည်နယ်မှာ တီးတိန်မြို့မှာ ဆာင်ရွက်မယ့် မြွေတောင်၊ ဖားတောင် နီကယ်သတ္တုစီမံကိန်းနဲ့ ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေအနေနဲ့ လွှတ်တော်မှာ  ပွင့်လင်းမြင်သာစွာ လာရောက် ရှင်းလင်းပြဖို့ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။
တီးတိန်မြို့ နယ်မှာ ဆောင်ရွက်မယ့် နီကယ်သတ္တုစီမံကိန်းနဲ့ ပတ်သက်လို့ ပညာရှင်တွေ၊ ဒေသခံတွေနဲ့ ချင်းနိုင်ငံရေး ပါတီတွေက လေ့ လာတွေ့ရှိထားတဲ့  လူမှုရေးနဲ့ ပတ်ဝန်း ကျင်ထိခိုက်မှု အချက်အလက်တွေကို  ချင်းလူမူအဖွဲ့အစည်းတွေက လွှတ်တော် အမတ်တွေဆီ ပေးပို့ထား တာပါ။
ဒီိစီမံကိန်းနဲ့ပတ်သက်ပြီး  အစိုးရတာဝန်ရှိသူတွေအနေနဲ့ လွှတ်တော်မှာ ရှင်းပြနိုင်ဖို့ လာမယ့်  အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းမေးမြန်း သွားမယ်လို့ ဟားခါးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင်တာဘိတ်က ပြောပါတယ်။
မြွေတောင်၊ ဖားတောင် နီကယ်သတ္တုစီမံကိန်းနဲ့ပတ်သက်ပြီး  ချင်းလူမှုအဖွဲ့အစည်းတွေနဲ့ လွှတ်တော်အမတ်တွေ မတ်လ ၂၃ ရက်နေ့ကလည်း နေပြည်တော်၊ စည်ပင်ရိပ်သာခန်းမမှာ တရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ချင်းတောင်သယံဇာတစောင့်ကြည့်ရေး အဖွဲ့ဝင် ဦးလျန်တောင်ကတော့ လွှတ်တော်အမတ်တွေက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေမှာ တင်သွင်းဖို့ ပြန်လည်ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
ချင်းပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီလေးခုကတော့ မြွေတောင်-ဖားတောင် စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ ဒေသခံတွေရဲ့ လယ်ယာမြေတွေကို လျော်ကြေးပေးရာမှာ ပွင်းလင်းမြင်သာမူမရှိတာ၊ စီမံကိန်းက ရလာမယ့် အကျိုးအမြတ်ခွဲဝေသုံးစွဲမယ့် ကိစ္စတွေကို အစိုးရအနေနဲ့ ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့ ၂၀၁၃ ခုနှစ်ထဲမှာ ကြေညာချက်တွေ ထုတ်ပြန် ခဲ့ဖူးပါတယ်။
မြွေတောင်-ဖားတောင် နီကယ်သတ္တုစီမံကိန်းကို  တရုတ်နိုင်ငံ Zijin Mining Group နဲ့ လက်ပံတောင်းကြေးနီစီမံကိန်းကို လုပ်ကိုင်နေတဲ့ ၀မ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းပြီး အကောင်အထည်ဖော်ဖို့ ရှိနေတယ်လို့ တရုတ်နိုင်ငံ Zijin ကုမ္ပဏီဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်
DVB Burmese
သံသယရှိဖွယ်အပိုင်းအစတွေကို တရုတ်လေယာဉ်ပေါ်ကနေ ထပ်တွေ့
ပျောက်ဆုံးနေတဲ့ မလေးရှားလေယဉ် MH370 ကို ရှာဖွေနေတဲ့အခြေနေပါ - 24-3-2014 - Mon Day
ပျောက်ဆုံးလေယာဉ်ကလို့ သံသယရှိဖွယ် အပိုင်းအစတွေကို တရုတ်ရှာဖွေရေးဝန်ထမ်းတွေ တွေ့ရှိခဲ့တယ်လို့ တရုတ်ရဲ့ ဆင်ဟွာသတင်းဌာန က တနလာင်္နေ့မှာဖော်ပြပါတယ်။ အိန္ဒိယသမုဒ္ဒရာအတွင်း မလေးရှားလေယာဉ်ပျောက် ရှာဖွေနေတဲ့ နိုင်ငံတကာစုံလေယာဉ်တွေထဲမှာ ပါဝင်တဲ့ တရုတ်ရဲ့ Ilyushin-76 လေယာဉ်ပေါ်ကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရေပေါ်မျောနေတဲ့ ကြီးမားတဲ့ အရာဝတ္ထုနှစ်ခုအပြင် အခြားသေးငယ်တဲ့ အရာတွေလည်း ပြန့်ကျဲနေတာ တွေ့ရှိတယ်၊ ကြီးမားတဲ့ အရာဝတ္ထုတွေက အဖြူရောင်ရှိ ပြီး လေးထောင့်စပ်စပ် ပုံစံရှိတယ်၊ လို့ သိရပါတယ်။ ယင်းသတင်းကို သြစတြေးလျ ကွပ်ကဲရေးစင်တာ နဲ့ ယင်း ဧရိယာ နားမှာ ရှိတဲ့ တရုတ် ရေခဲခွဲသဘောင်္ Xuelong ဆီ သတင်းပို့ထားကာ ရေပြင်ပေါ် ရှာဖွေမှုလုပ်ဖို့ ပြင်နေပြီ လို့ ဆိုပါတယ်။
ဒါဟာ ပျောက်ဆုံးလေယာဉ်ရဲ့ အပိုင်းအစတွေဖြစ်တယ်လို့ သံသယရှိတဲ့ နောက်ဆုံးတွေ့ရှိမှုဖြစ်ပါတယ်။ အခုရက်ပိုင်းအတွင်း နိုင်ငံတကာ ရဲ့ ရှာဖွေမှုလုပ်ငန်းတွေ ပိုမိုကျယ်ပြန့်အားကောင်းလာတာနဲ့အမျှ သံသယရှိဖွယ် အပိုင်းအစတွေကို ဂြိုလ်တုဓါတ်ပုံတွေကတဆင့် ရော ၊ လေယာဉ်ပေါ်ကပါ တွေ့ရှိမှုတွေ ခပ်စိပ်စိပ်ဖြစ်လာခဲ့ပါတယ်။
တနင်္ဂနွေနေ့ကလည်း ပြင်သစ်လေယာဉ်တစ်စင်းကနေ အလားတူတွေ့ရှိမှု ရှိခဲ့ပါတယ်။ ဒါပေမယ့် လောလောဆယ်အထိတော့ ရေပေါ်ကနေ ဆယ်ယူရရှိတာ ပျောက်ဆုံးလေယာဉ်က ဖြစ်ကြောင်း အတည်ပြုနိုင်တာ တစ်ခုမှ မရှိသေးပါဘူး။
Author ကိုမိုးထက်
Kumudra
ထိုင်းက ဖမ်းမိထားတဲ့ တရုတ်မွတ်စလင်တွေ ဘယ်သူတွေလဲ
တူရကီနိုင်ငံကို သွားပြီး အကြမ်းဖက် အစီအစဉ်တွေ သင်ကြားပေးဖို့ တရားမ၀င် ၀င်လာကြတဲ့ မွတ်စလင် ရွှေ့ပြောင်း နေထိုင်သူတွေဟာ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကို ကြားခံ အဖြစ် အသုံး ပြုခဲ့ တာကို မကြာခင်ကတွေ့ရှိခဲ့တယ်လို့ ထိုင်း ရဲတပ်ဖွဲ့ကပြောကြားလိုက်ပါတယ်။
 တရုတ် မွတ်စလင်တွေ ထိုင်းကို ဖြတ်လာတဲ့ လမ်းကြောင်းပြမြေပုံ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်
မွတ်စလင် ၂၉၆ ဦးနဲ့ ၁၂၂ ဦးအဖွဲ့ဟာ ထိုင်းနိုင်ငံထဲကို ၀င်နည်းမျိုးစုံနဲ့ ၀င်ရောက်လာတယ်လို့ ရဲတပ်ဖွဲ့က သံသယရှိ တဲ့ အကြောင်း ဒီကနေ့ ဘန်ကောက်ပို့စ်သတင်းတခုမှာ ဖော်ပြထားပါတယ်။
အဲဒီအထဲက ပထမဆုံး အုပ်စုတခုကို မနှစ်က ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Suan Phlu လ၀က စခန်း မှာ ထိန်းသိမ်းထားပါတယ်။
တဆက်တည်းဆိုသလို Songkhla အရပ်မှာ ဒုတိယအုပ်စုကို ဖမ်းဆီးခဲ့ပါတယ်။ ဒုတိယအသုပ်အုပ်စုအဖြစ် မတ်လ ၁၂ ရက်နေ့က ရာဘာစိုက်ခင်းလုပ်ကွက် တခုထဲကနေ မွတ်စလင် ၂၁၉ ဦးနဲ့ မတ် လ ၂၀ ရက်နေ့ က Sadao ခရိုင် ဒေသ၊ ကျောင်းတခုမှာ ၇၇ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။
အခု ဖမ်းဆီးမိထားတဲ့ တရား မ၀င် ၀င်ရောက်လာသူတွေဟာ ဘယ်နိုင်ငံသားတွေဆိုတာ သဲသဲကွဲကွဲ မသိရသေးပေ မယ့် အဲဒီ ၁၁၂ ဦးအုပ်စုထဲ လူ ၃၀ က တော့ တရုတ်နိုင်ငံက ခွဲထွက်ရေး ကြိုးစားနေကြတဲ့ ဇီကျန်ပြည်နယ် အနောက် ခြမ်းက ဝှေကာလူမျိုးတွေဖြစ်တယ်လို့ အတည်ပြုချက်ရထားတယ်လို့ ဆိုပါ တယ်။
ရာဘာစိုက်ခင်းထဲဖမ်းမိခဲ့တဲ့ မွတ်စလင်အုပ်စုတခုကတော့ သူတို့ဟာ တူရကီနိုင်ငံက ၀င်ရောက်လာ သူတွေ လို့ ပြော ကြတယ်လို့ သိရပါတယ်။
ကနဦးစုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးနောက်မှာတော့ အဲဒီ ၂၁၉ ဦး အုပ်စုနဲ့ ၁၁၂ ဦးအုပ်စုတို့ဟာ အတူတဖွဲ့ တည်းဖြစ် တယ် လို့ ထိုင်းလ၀က အကြီးအကဲတဦးဖြစ်တဲ့ Panu Kerdlarppol က ဘန်ကောက်ပို့စ်ကို ပြော ပါ တယ်။
ဒါပေမယ့် မကြာသေးခင်က ဘန်ကောက်ပို့စ်နဲ့ အင်တာဗျူးတခုမှာတော့ လ၀က ဒု ဗိုလ်ချုပ် Panu က နိုင်ငံတကာ ဆက်ဆံရေးကို ထိခိုက်မှာ စိုးလို့ ဖမ်းဆီးရမိသူတွေရဲ့ နိုင်ငံသား ဆိုင်ရာ ကိစ္စကို အသေးစိပ် ပြောဆိုဖို့ ငြင်းဆို ထား တယ်လို့ ဆိုပါတယ်။
အခု ထိုင်းနိုင်ငံက ဖမ်းဆီးထားတဲ့ အဲဒီ မွတ်စလင်တွေကို တူရကီအစိုးရကတော့ တူရကီနိုင်ငံကို အုပ်စု လိုက် ခေါ်ယူ ရေး အကူအညီပေးလိုတဲ့ ဆန္ဒရှိတဲ့အကြောင်း ထုတ်ပြောစဉ်မှာပဲ တရုတ်အစိုးရကတော့ အဲဒီမွတ်စလင်တွေဟာ တရုတ် လူမျိုးတွေဖြစ်ပြီး တရုတ်ပြည်ကို ပြန်ခေါ်မှာဖြစ်တယ်လို့ ပြောထားပါတယ်။
ထိုင်း လ၀က ဗျူရိုနဲ့ တရုတ်နိုင်ငံက သတင်းထုတ်ပြန်ချက်တွေအရ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရ သူတွေဟာ တရုတ် နိုင်ငံက လာကြတဲ့ မွတ်စလင်တွေ ဖြစ်ပုံရတယ်လို့ သတင်းက ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့အနေနဲ့ တရုတ်နိုင်ငံက ဝှေကာမွတ်စလင်တွေနဲ့ပတ်သက်ပြီး အထူး ဂရု စိုက်လာခဲ့တာ ကတော့ ထိုင်းနိုင်ငံ လ ၀ က အကြီးအကဲ မစ္စတာ Panu နဲ့ တရုတ်နိုင်ငံ ကူမင်းရဲတပ်ဖွဲ့ အာဏာပိုင်တွေ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တွေ့ပြီး အဲဒီ ဝှေကာ မွတ်စလင် အရေး ဆွေးနွေးပြီးကတည်းကလို့ ဆိုပါတယ်။
တချို့ တရုတ် ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေရဲ့ အဆိုအရ တရုတ် မွတ်စလင် ရွှေ့ပြောင်းသူတွေဟာ တူရကီနိုင်ငံကို သွားလိုခဲ့ကြပြီး တူရကီနိုင်ငံမှာ စစ်လက်ပစ္စည်းတွေ ဘယ်လိုအသုံးပြုရတယ်ဆိုတဲ့ သင်တန်းတွေ တက်ပြီးရင် တရုတ် နိုင်ငံထဲ ပြန်ဝင်ကာ တရုတ်ကနေ ခွဲထွက်ရေး လှုပ်ရှားမှုတွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ အထောက်အပံ့ တွေရဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။
အဲဒီ တရုတ်မွတ်စလင်တွေဟာ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံကို လာရင် ၁၄ ရက်ကြာတယ်လို့ သိရပါ တယ်။
အဆိုပါ တရုတ်မွတ်စလင်တွေဟာ တရုတ်နိုင်ငံတောင်ပိုင်း ကူမင်းမှာ တွေ့ဆုံပြီးတဲ့အခါ အုပ်စု ၄ စု ခွဲပြီး မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီး ယားနိုင်ငံတွေကို ဖြတ်ကာ ထိုင်းပင်လယ်ကွေ့နဲ့ နီးတဲ့ ထိုင်းနိုင်ငံ Songkhla ခရိုင်ကို ရောက်လာခဲ့ကြတာဖြစ်တယ်လို့ ထိုင်း လ၀က သတင်းရင်းမြစ်တခုကို ကိုးကားပြီးဘန်ကောက်ပို့စ်က ဆိုပါတယ်။
အခုဖမ်းဆီးခံရသူတွေဟာ သူတို့ကိုယ် သူတို့ တူရကီတွေလို့ ပြောဆိုနေကြပေမယ့် ကနဦးစုံစမ်းစစ်ဆေး မှုတွေအရ သူတို့ဟာ တရုတ်ပြည်က မွတ်စလင်ရွှေ့ပြောင်းလာသူတွေဖြစ်နိုင်တယ်လို့ ဆိုခဲ့တာပါ။
ဒါပေမယ့်လို့ သူတို့ဟာ တရုတ်စကားပြောတာ၊ သူတို့ရဲ့ အသုံးအဆောက်တွေ၊ ကားလက်မှတ်တွေစတဲ့ အခြား ပုဂ္ဂလိက သုံးပစ္စည်းတွေကို ထိုင်း လ၀က အာဏာပိုင်တွေက စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ သိရပါ တယ်။
ထိုင်း လ၀က အရာရှိတဦးကတော့ ထိုင်း လူဝင်မှုကြီးကြပ်ရေးက တာဝန်ရှိသူတွေဟာ မမိုက်မဲကြောင်း သူတို့ ဘာတွေဆိုတာ သိတဲ့အကြောင်းပြောထားတာလည်း ဘန်ကောက်ပို့စ်က ဆိုပါတယ်။
အဲဒီဖမ်းဆီးထားသူတွေကို တူရကီတာဝန်ရှိသူတွေနဲ့ ထိုင်း လ၀က က တူရကီ စကားပြန်အကူအညီ နဲ့ တွေ့ပေးခဲ့ပေ မယ့် သူတို့ဟာ တူရကီစကားကို ကောင်းကောင်း နားမလည်ခဲ့တာကြောင့် အပြန် အလှန် ကောင်းကောင်း မပြောဆို နိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။
“သူတို့ ( ဖမ်းဆီးခံထားရသူ မွတ်စလင် ရွှေ့ပြောင်းလာသူတွေ) ဟာ တူရကီဘာသာစကားကို နားမ လည်ကြဘူးလို့ စကားပြန်က ယုံကြည်ထားပါတယ်”လို့ ထိုင်း လ၀က အရာရှိတဦးက ပြောထားပါတယ်။
အခု အုပ်စုကတော့ တူရကီ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ မလေးရှားနိုင်ငံမြို့တော်ကို သွားဖို့ အစီအစဉ် ရှိခဲ့တာဖြစ် တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခံလိုက်ရတာကြောင့် သူတို့ရဲ့ တူရကီသွားမယ့် အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာ ရပ်သွားရတာဖြစ်ပါတယ်။
ထိုင်း လ၀က အကြီးအကဲ မစ္စတာ Panu က ပြောတာမှာတော့ အခုကိစ္စမှာ တူရကီနဲ့ တရုတ်နိုင်ငံတို့ ပါဝင်နေတာ ကြောင့် အထူးသတိထား ကိုင်တွယ်နေတယ်လို့ ဆိုပါတယ်။
လင်းသန့် ~
Irrawaddy
ဧရာဝတီတိုင်းဒေသကြီးအတွင်း စာရင်းစစ်၊ စာရင်းကောက် ၁၅,၀၀၀ ခန့်ဖြင့် သန်းခေါင်စာရင်း ကောက်ယူမည်
ပုသိမ်၊ မတ် ၂၃
မြန်မာနိုင်ငံတွင် နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း စာရင်းကောက်၊ စာရင်းစစ်မည့် ကျောင်းဆရာ၊ ဆရာမ ၁၅,၀၀၀ ခန့်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း တိုင်းဒေသကြီးသန်းခေါင် စာရင်းကော်မတီ အတွင်းရေးမှူး ဦးလှဒေါင်းက ပြောကြားသည်။
ပုသိမ်မြို့ အမှတ်(၄) ရပ်ကွက် မရမ်းကျောင်းတိုက်၌ မတ်လ ၂၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်သော ပုသိမ်မြို့နယ် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ စာရင်းစစ်၊ စာရင်းကောက်များ သင်တန်းဆင်းပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး လဝက ညွှန်ကြားမှူး ဦးလှဒေါင်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင်ခြောက်ခရိုင်၊ မြို့နယ် ၂၆ မြို့နယ်၌ မြို့နယ် အဆင့်သင်တန်း နေရာ ၂၈၅ ခု တွင် သင်တန်းသား စာရင်းစစ် ၃၀၄၁ ဦး၊ စာရင်းကောက် ၁၁,၂၆၅ ဦးတို့ကို သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ သင်တန်းများ ပို့ချခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါ စာရင်းစစ်၊ စာရင်းကောက်များအပြင် သက်ဆိုင်ရာ အဖွဲ့အစည်းများတွင် စာရင်း ကောက်ယူရန် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာန တို့တွင်လည်း သင်တန်းဖွင့်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ စာရင်း ကောက်ယူရာတွင် အခက်အခဲများ ရှိပါက တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကွပ်ကဲရေးရုံးများရှိ လူဝင်မှု ကြီးကြပ်ရေးရုံးများကို ၂၄ နာရီ ဖွင့်လှစ်ထားပြီး ဆက်သွယ်ရမည့် ဖုန်းနံပါတ် များကိုလည်း ဖြန့်ဝေပေးထားပြီး ဖြစ်သည်ဟု ၎င်းကဆိုသည်။
ပုသိမ်ခရိုင်အတွင်း မြို့နယ်ခုနစ် မြို့နယ်၊ မြို့နယ်ခွဲငါးခုတွင် အိမ်ထောင်စု ကောက်ကွက်ပေါင်း ၂၇၅၂ ကွက်၊ အဖွဲ့အစည်း ကောက်ကွက် ၈၈ ကွက်အတွက် စာရင်းကောက်၂၉၉၃ ဦး၊ စာရင်းစစ် ၈၅၃ ဦး ရှိကြောင်း၊ ပုသိမ်ခရိုင်အတွင်း မတ်လ ၁၈ ရက်နေ့က မီးလောင်မှုခံခဲ့ရသည့် ငပုတောမြို့နယ်၊ ကမ္ဗလာရွာရှိ အိမ်ထောင်စုများအတွက် နီးစပ်ရာ ကောက်ကွက်မှ စာရင်းကောက်များက ထည့်သွင်း ကောက်ခံရမည် ဖြစ်ကြောင်း၊ မီးလောင်မှု လူဦးရေ ၆၀၀ ကျော်ပါက အရန်စာရင်းကောက်/စာရင်းစစ်များဖြင့် သီးခြား ကောက်ယူသွားရန် စီစဉ်ပေးမည် ဖြစ်ကြောင်း ပုသိမ်ခရိုင် သန်းခေါင်စာရင်း ကော်မတီ အတွင်းရေးမှူး ဦးစိုးဦး (လဝက ဒုညွှန်မှူး) က ပြောကြားသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းကောက်အဖြစ် သိနိုင်ရန် ဦးထုပ်၊ ရင်ထိုး၊ စိစစ်ရေးကတ်ပြား လည်ဆွဲ၊ သန်းခေါင်စာရင်း ဝတ်စုံများ ထုတ်ပေးထားမည် ဖြစ်ကြောင်း စာရင်းစစ်၊ စာရင်းကောက်ဆရာ၊ ဆရာမများကို နိုင်ငံတော် အစိုးရက နေ့တွက်စရိတ်များ ချီးမြှင့်ပေးမည် ဖြစ်ကြောင်း ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက ပြောဆိုသည်။
“ကျွန်မတို့က ပုသိမ်မြို့နယ်၊ သလပ်ခွာ အခြေခံပညာ အထက်တန်းကျောင်းကပါ၊ ငှက်ပျောကျွန်းရွာကို တာဝန်ကျပါတယ်၊ အဆင်မပြေတာတွေ၊ အခက်အခဲတွေ ရှိလာရင်တော့ ရွာကလူကြီးတွေက အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်လို့ ပြောထားပါတယ်။ အဆင်ပြေမှာပါ” ဟု စာရင်းကောက် ဆရာမဒေါ်နီနီလှက ပြောကြားသည်။
“ကျွန်မတို့ အရမ်းတက်ကြွ နေပါတယ်။ နှစ် ၃၀ ကျော်မှ ကြုံရတဲ့ သန်းခေါင်စာရင်း ကောက်တာ ဆိုတော့လေ။ နောက်တစ်ခါဆိုတာ ကျွန်မတို့ ကြုံချင်မှ ကြုံတော့မှာ။ အမျိုးသားရေး တာဝန်လည်းဖြစ်နေတော့ စိတ်လှုပ်ရှား ရပါတယ်။ အဆင်ပြေမယ်လို့လည်း ယုံကြည်ပါတယ်” ဟု ပုသိမ်မြို့၊ အမှတ် (၄) ရပ်ကွက်တွင် စာရင်းစစ်အဖြစ် တာဝန်ယူရမည့် အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းမှ ဆရာမဒေါ်စိုးစိုးမာနှင့် အဖွဲ့ က တူညီစွာ ပြောဆိုသည်။
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို မတ်လ ၃၀ ရက် နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးတွင် ကောက်ယူမည် ဖြစ်သည်။
The Voice Weekly Myanmar
ထိုင်းနိုင်ငံ၌ တည်ထားကိုးကွယ်မည့် မဟာမြတ်မုနိဘုရားပုံတူ ကျိုင်းတုံသို့ ရောက်ရှိ
ကျိုင်းတုံ၊ မတ် ၂၃
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ရှိ လာမ်ဖွန်မြို့၌ တည်ထားကိုးကွယ်ရန် မန္တလေး မြို့၌ သွန်းလောင်းခဲ့သော မဟာမြတ်မုနိ ဘုရားကြီး၏ ပုံတူရုပ်ပွားတော် အဘိဇယဝံသ မဟာမုနိဘုရားကြီးသည် ရှမ်းပြည် နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ မတ်လ ၂၀ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရောက်ရှိလာခဲ့ပြီး တစ်ညတာ ကိန်းဝပ်စံပယ်တော် မူခဲ့ကြောင်း ယင်းမြို့နယ် ဒေသခံများထံမှ သိရသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ လာမ်ဖွန် ကျောင်းဆရာတော် PHRA APIWIT APICCHAYO နှင့် ဒါယကာ၊ ဒါယကာမတို့ စုပေါင်းကာ မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် အဆိုပါ အဘိဇယဝံသ မဟာမုနိဘုရားကြီးကို မဟာမြတ်မုနိ ဘုရားကြီး၏ ရုပ်ပွားတော် အနေနှင့် တည်ထား ကိုးကွယ်ရန်အတွက် သွန်းလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းဘုရားကြီးကို မန္တလေးမြို့မှနေ၍ ဦးဆောင်ကာ ပင့်ဆောင်လာသည့် ဟိုပုန်းမြို့ ဆွမ်မီကျောင်း ဆရာတော် ဦးဝိမလ ဓမ္မက မိန့်ကြားသည်။
“မဟာမြတ်မုနိ ဘုရားကြီးပုံတူကို ချင်းမိုင်မြို့နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ လာမ်ဖွန်မြို့မှာ တည်ထား ကိုးကွယ်ချင်တယ်လို့ အဲဒီလာမ်ဖွန်ကျောင်း ဆရာတော်နဲ့ သူ့ဒါယကာတွေက အကူအညီတောင်းလို့ ဦးပဉ္စင်းတို့က ကူညီပေးတာပါ။ ဦးပဉ္စင်းတို့ ထိုင်းဘက် သွားရင်လည်း အဲဒီ ဆရာတော်က လိုလေသေးမရှိ အကူအညီ ပေးတာဆိုတော့ ကိုယ့်မြန်မာဘက် လာရင်လည်း ပြန်ကူညီပေးတဲ့ သဘောပါ။ ဘုရားကြီးကို မန္တလေး မြန်မာမှု ကြေးသွန်း လုပ်ငန်းမှ ဦးဝင်းမောင်က သွန်းလုပ်ပေးပြီး တာချီလိတ်မြို့အထိ ဦးပဉ္စင်းတို့က ကူညီပြီး ပို့ပေးရတာ” ဟု ဆရာတော်က မိန့်ဆိုသည်။
ယင်းရုပ်ပွားတော်မြတ်ကြီးကို မန္တလေးမြို့မှ ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန်အတွက် တပေါင်းလပြည့်နေ့တွင် မန္တလေး မဟာမြတ်မုနိ ဘုရားကြီး၌ သံဃာတော် ၁၀၈ ပါးဖြင့် ဘုရားအနေကဇာ တင်ခဲ့ပြီး သုံးရက်ကြာ ရင်ငွေ့လုံခဲ့ကြောင်း၊ မတ်လ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် မော်တော်ယာဉ်များဖြင့် မန္တလေးမြို့၌ လှည့်လည် အပူဇော်ခံခဲ့ကာ စတင်ပင့်ဆောင် လာခဲ့ကြောင်း၊ တောင်ကြီးမြို့၌ တစ်ညတာ ကိန်းဝပ်အပူဇော်ခံခဲ့ပြီး သံဃာတော် ၁၀၈ ပါးဖြင့် ထပ်မံ၍ ဘုရားအနေကဇာ တင်ခဲ့ကြောင်း တောင်ကြီးမြို့ အေးစေတီ စာသင်တိုက် ပဓာနနာယက ဆရာတော် ဦးလက္ခဏသာမီဘိဝံသက ဆက်လက်မိန့်ကြားသည်။
“မန္တလေးမှာ လှည့်လည်အပူ ဇော်ခံခဲ့တာ အလှူငွေကျပ် ၁၀ သိန်းခန့်ရတယ်။ တောင်ကြီးတို့၊ နမ်ဆမ်တို့ မိုင်းပျဉ်းမြို့တွေက အလှူငွေကတော့ မရေတွက်ရသေးလို့ မသိသေးပါဘူး။ ကျိုင်းတုံမှာ ကတော့ မြန်မာငွေ ၄၀၉,၁၅၀ ကျပ်၊ ထိုင်းဘတ် ၁၁၅ ဘတ်နဲ့ ဒေါ်လာ ၃၀ ရပါတယ်။ ဒီအလှူငွေ အားလုံးက ဘုရားကြီး အလှူငွေတွေ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံက ဆရာတော်ကို အကုန်ပြန်လှူပေးမှာပါ။ ဘုရားကြီးကို ပင့်ဆောင်လာတာမှာ ဆရာတော်ကြီး ကိုးပါးနဲ့ ဒါယကာ ခုနစ်ဦးက ကိုယ့်စရိတ်နဲ့ ကိုယ်ကုသိုလ် ယူပေးကြတာပါ။ မြို့တိုင်းမှာတော့ ဒေသခံဓမ္မစကြာ ဝတ်အသင်းတွေနဲ့ လူမှုရေး အသင်းအဖွဲ့တွေက ကူညီကြပါတယ်” ဟု တောင်ကြီးမြို့၊ အေးစေတီတိုက်ခွဲ ဓမ္မဥယျာဉ် ကျောင်းဆရာတော် အရှင်သူရိယက မိန့်ဆိုသည်။
အဆိုပါ အဘိဇယဝံသ မဟာမုနိဘုရားကြီးကို မန္တလေးမြို့၌ ၂၀၁၃ ခုနှစ် ဇွန်လတွင် စတင်သွန်းလောင်းခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ပြီးစီးကြောင်းနှင့် ဘုရားကြီး၏ ဉာဏ်တော် အမြင့်သည် ၁၁ ပေ ၆ လက်မရှိပြီး ကြေးပိဿာချိန် ၁၇၀၀ ရှိရာ မန္တလေးမြို့မှ တာချီလိတ်မြို့အထိ သယ်ဆောင်ခ အပါအဝင် စုစုပေါင်း ကုန်ကျငွေသိန်း ၁၃၀ ရှိကြောင်း ယင်းဘုရားကြီးအား ဦးဆောင် ပင့်ဆောင်လာသည့် ဆရာတော်ကြီးများ၏ မိန့်ကြားချက်အရ သိရသည်။
The Voice Weekly Myanmar
ရန်ကုန်မှာကျင်းပမယ့် စိုင်းစိုင်းခမ်းလှိုင် ရဲ့ 10th Anniversary Birthday Show
ဟစ်ဟော့ပ်အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday show ကျင်းပလာခဲ့တာ ဒီနှစ်ဆို ၁ဝနှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ စိုင်းစိုင်းကသူ့ရဲ့ 10th Anniversary Birthday
Show ကိုသူ့ရဲ့အောင်မြေဖြစ်တဲ့ ရန်ကုန်မြို့၊ ကန်တော်ကြီး၊ မျှော်စင်ကျွန်းမှာပဲကျင်းပမယ့်အကြောင်းကို " ကျွန်တော့်ရဲ့ စိုင်းစိုင်း Birthday Show ဆိုပြီး စီစဉ်လာတာ
ဒီနှစ်ဆိုရင် ၁ဝနှစ်ပြည့်ပါပြီ။ ကျွန်တော့်ရဲ့ Birthday 10th Anniversary ပွဲကို ရန်ကုန်မှာလုပ်မလား၊ မန္တလေးမှာလုပ်မလားဆိုပြီး ပရိသတ်ဆီက ဆန္ဒတောင်းခံလိုက်ပါတယ်။
သူငယ်ချင်းတွေအားလုံးကိုလည်း တိုင်ပင်လိုက်ပါတယ်။ နောက်ဆုံး မှာတော့ ကျွန်တော့်ရဲ့ မွေးနေ့ပွဲကို ရန်ကုန်မှာပဲ လုပ်ဖြစ်ပါတယ်" လို့ ပြောပါတယ်။
မတ်လ ၂၉ရက်နေ့၊ Mandalay Hill Resort မှာ ကျင်းပမယ့် Sai Sai In Mandalay နဲ့ ပတ်သက်ပြီးလည်း မန္တလေးက စိုင်းစိုင်းရဲ့ ပရိသတ်တွေကို စိုင်းစိုင်းက...
" Birthday Show ကို ရန်ကုန်မှာ လုပ်မယ်လို့ ဆုံးဖြတ်ပြီးတဲ့အချိန်မှာပဲ မန္တလေးက Organizer တွေက မန္တလေးမှာ စိုင်းစိုင်းရှိုးလုပ်ဖို့ ကမ်း လှမ်းလာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာနဲ့ပဲ လက်ခံဖြစ်ပါတယ်။ အဲဒီ တော့ Birthday Show ကို ရန်ကုန်မှာ လုပ်ဖြစ်ပေမယ့် မန္တလေးပရိသတ်အတွက် ကျွန်တော်တို့ အားရပါးရ
ဖျော်ဖြေနိုင်မှာဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ ၂နှစ်က မန္တလေးမှာနောက်ဆုံး လုပ်ခဲ့တဲ့ပွဲကလည်း မိုးတွေ၊ လေတွေကျပြီးတော့ ရပ်သွားခဲ့တာဆိုတော့ ဒီပွဲက ကျွန်တော်တို့အတွက် မကျေပွဲ လို့လည်း ပြောလို့ရပါတယ်။ ကျွန်တော်တို့ အားရပါးရမီးကုန်၊ ယမ်းကုန်ဖျော်ဖြေပါ့မယ်" လို့ ပြောပါတယ်။
Sai Sai show In Mandalay ဖျော်ဖြေပွဲမှာသီချင်းအပုဒ် ၄ဝ ကျော် ဖျော်ဖြေမယ့်စိုင်းစိုင်းက မန္တလေးပရိသတ်က သူ့အပေါ်ကျေးဇူးရှိတဲ့အကြောင်းကို
" ဒီပွဲမှာ ကျွန်တော့်ရဲ့ ရဲဘော်ရဲ ဘက်တွေဖြစ် တဲ့ မိုးမိုး၊ နန္ဒစိုင်း၊ ဂျွန်၊ ဘန်နီဖြိုး၊Snare၊ စိုးကြီး၊ သီရိဆွေ၊ ငယ်ငယ်၊ Uranium နဲ့အတူ မန္တလေးက Dream Lover တီးဝိုင်းက ကျွန်တော့်ကို အားဖြည့်ကူညီမှာဖြစ်ပါတယ်။
အနည်းဆုံး ကျွန်တော့်သီချင်း အပုဒ် ၄ဝ လောက် ဖျော်ဖြေမယ်လို့ မှန်း ထားပါတယ်။ အခုလည်း ကျွန်တော်တို့အကတိုက်တာတွေ၊
သီချင်းတိုက်တာတွေ လုပ်နေပါတယ်။ ဒါပေမဲ့ မန္တလေးမှာ ပွဲက ကျွန် တော်တစ်ခါ တလေမှ လုပ်ဖြစ်တာပါ။ မန္တလေးပရိသတ်ကသာ ဆက်ပြီးတော့ တောင်းဆိုဦးမယ်ဆိုရင် ကျွန်တော့်သီချင်း တွေ အများကြီးနဲ့ ဖျော်ဖြေ မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မန္တလေးပရိသတ်က ကျွန်တော်အဆို တော် စလုပ်ကတည်းက ကျွန်တော့်ကိုအလေး အနက်ထား ပြီးတော့ အမြဲတမ်းကို အားပေးခဲ့ပါ တယ်။ တခြားအနုပညာရှင်တွေနဲ့ သွားပြီး ဖျော် ဖြေတဲ့ပွဲတွေကအစ အနည်းဆုံးကြော်ငြာသွား ရိုက်တာ၊ ရုပ်ရှင်သွားရိုက်တာက အစ မန္တလေး ပရိသတ်က ကျွန်တော့်ကို ဘယ်တော့ အခါမှ မျက်နှာမငယ် စေခဲ့ပါဘူး။ အဲဒီအတွက် မန္တလေးကပရိသတ်တွေ ကို အလေးအနက် ကျေးဇူးတင်ပါတယ်" လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
မျိုးမောင်
Popular Journal 
ကိုယ်ဝန်ဆောင် မိခင်များ တစ်နေ့ ပန်းသီး တစ်လုံးစားပါ
ကိုယ်ဝန်ဆောင် မခင်များ အတွက် လိုက်နာသင့်တဲ့
နည်းလမ်းလေးဖြစ် ပါတယ်။ အဲဒါကတော့ ကိုယ်ဝန်ဆောင်
နေစဉ် အချိန်မှာ နေ့တိုင်း ပန်းသီးတစ်လုံး စားပေးသင့် ပါတယ်။
ဘာလို့လဲ ဆိုတော့ ပန်းသီးတစ်လုံး စားခြင်းက မွေးလာတဲ့
ကလေးကို ပန်းနာရင်ကျပ် ရောဂါ ကင်းဝေးအောင် ကာကွယ်ပေးနိုင်
တယ်လို့ သိရပါတယ်။
ဒါ့အပြင် အာဟာရ ဖြစ်စေပြီး မွေးဖွားမှု အတွက် များစွာပင် အထောက်
အကူပြုစေနိုင် ပါတယ်။
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ
အီဂျစ်တွင် အရေအတွက်အများဆုံးအဖြစ် လူ ၅၂၉ ဦးကို သေဒဏ်ချမှတ်
ဂျစ်နိုင်ငံမှာ တရားရုံးတခုက မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ဝင် ၅၂၉ ဦးကို သေဒဏ်အမိန့် ချမှတ်လိုက်ပါတယ်။
အီဂျစ်နိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အရေအတွက်အများဆုံး သေဒဏ်ပေးမှုဖြစ်တယ်လို့ တရားခံတွေဘက်က ခုခံလျှောက်လဲပေးတဲ့ရှေ့နေက ပြောပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရသူ အများစုဟာ သြဂုတ်လက မင်းယာ ခရိုင်ထဲမှာ မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ရဲ့ သပိတ်စခန်းနှစ်ခုကို လုံခြုံရေးတပ်တွေက ဖြိုခွင်းတဲ့ အချိန်က ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခအတွင်း အဖမ်းခံရသူတွေ ဖြစ်ပါတယ်။
သူတို့ကို အကြမ်းဖက်မှု၊ လူသတ်မှု၊ ရဲစခန်းကို ၀င်စီးမှု၊ အများပြည်သူကို တိုက်ခိုက်မှု၊ အများပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးမှု စွပ်စွဲချက်တွေနဲ့ မတ်လ ၂၂ ရက်နေ့က တရားစွဲခဲ့ပါတယ်။
အီဂျစ်မှာ ဒီမိုကရေစီ ရွေးကောက်ပွဲနဲ့ အာဏာရခဲ့တဲ့ သမ္မတ မော်စီကို စစ်တပ်က ဇူလိုင်လမှာ ဖြုတ်ချခဲ့တဲ့ အချိန်ကတည်းက မငြိမ်သက်မှုတွေ အရှိန်မြင့်တက်နေပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အစ္စလာမစ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ လုံခြုံရေးတပ်တွေဟာ မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ရဲ့ လမ်းပေါ် ဆန္ဒပြပွဲတွေကို နှိမ်နင်းပြီး ဆန္ဒပြသမား ရာပေါင်းများစွာကို သတ်ဖြတ်ပြီး ထောင်နဲ့ချီပြီး ဖမ်းဆီးထားပါတယ်။
DVB Burmese
ယင်းမာပင်မြို့တွင် ချိန်ကိုက်မိုင်းဟု မသင်္ကဖွယ်ရာ ဗုံးလန့်မှုသတင်းတစ်ရပ်ဖြစ်ပွား
ယင်းမာပင်၊ မတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ယခုလ ၂၄ ရက်၊ မနက် ၉ နာရီက ချိန်ကိုက်မိုင်းဟု မသင်္ကာဖွယ်ရာ ဗုံးလန့်မှုသတင်းတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မှတ်ချက် = သတင်းအပြည့်အစုံအား မနက်ဖန် နေ့စဉ်ထုတ် မဇ္ဈိမ သတင်းစာကြီးတွင် ဖော်ပြပေးမည်..)
သတင်း+ ဓာတ်ပုံ = ကိုတိုးကြီး
တပ်ဖွဲ့တွေ ရုပ်သိမ်းဖို့ ယူကရိန်း အမိန့်ထုတ်
သိမ်းပိုက်ခံလိုက်ရတဲ့ ယူကရိန်း ရေတပ် Feodosia အခြေစိုက် စခန်း
ခရိုင်းမီးယားမှာ ရှိတဲ့ ယူကရိန်းတို့ရဲ့ အဓိက ရေတပ် အခြေစိုက် စခန်းကို ရုရှားတို့ သိမ်းပိုက်လိုက် အပြီးမှာ ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့တွေ ခရိုင်းမီးယားကနေ ရုပ်သိမ်းဖို့ ယူကရိန်းက အမိန့်ထုတ်လိုက် ပါတယ်။
အဲဒီမှာ တာဝန် ထမ်းဆောင်နေတဲ့ ယူကရိန်း တပ်သားတွေနဲ့ မိသားစုဝင်တွေရဲ့ အသက် အန္တရာယ် မကျရောက်ရအောင် ဒီလို ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ ယူကရိန်း ယာယီ သမ္မတ အိုလက်ဇန္ဒာ တူချီနော့ဗ်က ပြောပါတယ်။
ခရိုင်းမီးယား ဒေသက ယူကရိန်းတို့ရဲ့ ဖီအိုဒိုဆီယာ ရေတပ် စခန်းထဲကို ရုရှားတပ်တွေဟာ မောင်းပြန်သေနတ်တွေ၊ stun grenade လို့ ခေါ်တဲ့ မျက်စိကျိန်းစေတဲ့ လက်ပစ်ဗုံးတွေ အသုံးပြုပြီး ဒီကနေ့ မနက် စောစောက ဝင်ရောက် စီးနင်းခဲ့ပါတယ်။
အဲဒီနောက် စခန်းမှာ ရှိတဲ့ ယူကရိန်း တပ်သားတွေဟာ လက်တွေကို တုပ်နှောင်ခံရပြီး စခန်းထဲကနေ ခေါ်ထုတ်သွားတာ ခံခဲ့ရတယ်လို့ ယူကရိန်း မြို့တော် ကီးယက်ဗ်မှာ ရှိတဲ့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗလာဒီစ်လက်ဗ် က ပြောပါတယ်။
BBC Burmese
ကြားဖြတ် ရွေးကောက်ပွဲ အား၂၀၁၅ ခုနှစ် အကြိုပွဲ ဟု သတ်မှတ်၍ NLD ပါတီ အစွမ်းကုန် ယှဉ်ပြိုင်မည်
ကြားဖြတ် ရွေးကောက်ပွဲ အား ၂၀၁၅ ခုနှစ် အကြိုပွဲ ဟု သတ်မှတ် ကာ NLD ပါတီ အနေဖြင့် လစ်လပ် နေ ရာ အားလုံး တွင် အနိုင်ရ ရေးအတွက် အစွမ်းကုန် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်း က The Messenger သတင်းစာ သို့ ပြောသည်။ လောလော ဆယ် နေရာ သုံးဆယ် လုံး မှာ ယှဉ်နိုင် ဖို့ ကျွန်တော် တို့ ကြိုးစား မယ်။ ဒီမှာ က သိတဲ့ အတိုင်း အဓိက ယှဉ်ပြိုင် ဘက်က USDP ပဲ ဖြစ် မှာပဲ။ တိုင်းရင်းသား တွေ အတွက် သူတို့ ဒေသ တွေမှာ မျှော်လင့်ချက် အများကြီး ကောင်း မှာပေါ့။ ကျွန် တော်တို့ က ယှဉ် ပြိုင်ချင်း ကို ယုံကြည် ပါတယ် ဟု ဦးဉာဏ်ဝင်း က ဆိုသည်။ လက်ရှိ အချိန်တွင် ပြည် ထောင်စု ရွေး ကောက်ပွဲ ကော်မရှင် က ကြားဖြတ် ရွေးကောက် ပွဲ ကျင်းပရန် နှုတ်ဖြင့် ပြောကြား ထားပြီး တရားဝင် မကြေညာ သေးကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင် ၏ ကြေညာ ချက် ထွက် လာ ပါက NLD ပါတီ အနေဖြင့် လူ ရွေးချယ် ကာ မည်သည့် ပုံစံဖြင့် ယှဉ်ပြိုင် မည်ကို ကြေ ညာချက် ထုတ်ပြန် မည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောကြားသည်။ လွှတ်တော် သက်တမ်း သုံးနှစ် ကျော် အတွင်း အကြောင်း အမျိုး မျိုး ကြောင့် လစ် လပ်သွား သော မဲဆန္ဒ နယ်မြေ များတွင် ပြည်နယ် နှင့် တိုင်း ဒေသကြီး လွှတ်တော် များ အ တွက် ကိုယ်စားလှယ် (၁၁) ဦး၊ ပြည်သူ့ လွှတ်တော် တွင် ကိုယ်စားလှယ် (၁၃) ဦး၊ အမျိုးသား လွှတ်တော် တွင် ကိုယ်စားလှယ် (၄) ဦး ရှိ နေပြီး၊ ယခုနှစ် မတ်လ (၂၀) ရက်နေ့ တွင် ချင်းပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် လစ်လပ်မဲ ဆန္ဒနယ် နှစ်ခု ထပ်မံ ဖြစ်ပေါ် လာသော ကြောင့် လစ်လပ်မဲ ဆန္ဒ နယ်ပေါင်း (၃၀) ကျော်အထိ ရှိ နေကြောင်း ရွေးကောက်ပွဲ ကော်မရှင် မှ သိရသည်။
Messenger News Journal
ပထမဆုံး နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရခိုင်ပြည်နယ်တွင် ထားမည်
မြန်မာနိုင်ငံရဲ့ ပထမဆုံး နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်းနေပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ထားမယ်လို့ သိရပါတယ်။
နယ်စပ်ကွပ်ကဲရေးအဖွဲ့တွေကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ထားတော့မယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။
နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ရဲမှူးချုပ်တဦးက ဦးစီးမယ်လို့ ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။
လောလောဆယ်မှာတော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တခုပဲ ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်မှာ ထားပေမယ့် လိုအပ်ရင် တခြားနယ်စပ်တွေမှာလည်း ထားမယ်လို့ ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။
၁၉၉၀ ပြည့်နှစ်က တပ်မတော်၊ လ၀က နဲ့ အကောက်ခွန်တို့ ပါဝင်တဲ့ နယ်စပ်ကွပ်ကဲရေးအဖွဲ့တွေကို စတင်ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်နယ်၊ မောင်တော ဒေသမှာ ထားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၃ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်
DVB Burmese
ရုရှားအပေါ် အရေးယူဖို့ G7 နိုင်ငံတွေ ဆွေးနွေး
ရုရှားရဲ့ စီးပွားရေး ထိခိုက်ရလိမ့်မယ်လို့ အိုဘားမား ဆို
အမေရိကန် သမ္မတ အိုဘားမားဟာ နယ်သာလန် နိုင်ငံကို ရောက်ရှိနေပြီး ခရိုင်မီးယားအရေးနဲ့ ပတ်သက်လို့ ရုရှားအပေါ် ဘယ်လို အရေးယူ ဆောင်ရွက်မှုတွေ လုပ်ရမလဲ ဆိုတာကို ကျန် စက်မှုထိပ်သီး ၇ နိုင်ငံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေပါတယ်။
အခု လက်ရှိ ယူကရိန်း အစိုးရနဲ့ ပြည်သူတွေကို ထောက်ခံတဲ့နေရာမှာ ဥရောပနဲ့ အမေရိကန်ဟာ တစ်သဘောတည်း ဖြစ်တယ်လို့ မစ္စတာ အိုဘားမားက အိမ်ရှင် နယ်သာလန် ဝန်ကြီးချူပ်နဲ့ တွေ့ဆုံအပြီးမှာ ပြောခဲ့ပါတယ်။
အဲ့ဒါအပြင် ရုရှား ကျူးလွန်ခဲ့တဲ့ အပြုအမူတွေကြောင့် ရုရှားရဲ့ စီးပွားရေး ထိခိုက်ရလိမ့်မယ် လို့လည်း ဆိုခဲ့ပါတယ်။
အမေရိကန် အစိုးရက ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ခဲ့တဲ့ နောက်ပိုင်း ပထမဦးဆုံး အကြိမ်အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် တို့လည်း သီးခြား တွေ့ဆုံခဲ့ကြ ပါသေးတယ်။
BBC Burmese
ရခိုင်အရေးကို ပြည်ထောင်စုက လျစ်လျူရှု့လျှင် ဘင်္ဂလီဝင်ပေါက် ရခိုင်တောင်ကြားလမ်းများကို ဖွင့်ပေးလိုက်တော့မည်ဟုဆို
တောင်ကုတ် ဆန္ဒပြပွဲတွင် လူထုများ ကိုင်ဆောင်လာသောပိုစတာ (ဓါတ်ပုံ- အင်တာနက်)
(နိရဉ္စရာ- ၂၄ မတ်လ ၂၀၁၄)
ရခိုင်အမျိုးသားများ အရေးကို ပြည်ထောင်စုက လျစ်လျူရှု့လျှင် ရခိုင်လူမျိုးများ အနေဖြင့် ဘင်္ဂလီလူမျိုးများ ဗမာပြည်မသို့ မ၀င်ရောက်နိုင်အောင် ကာကွယ်စောင့်ရှောက်ထားသော ရခိုင်ရိုးမ တောင်ကြားလမ်းများကို စောင့်ရှောက်ကာကွယ်တော့မည် မဟုတ်ကြောင်း စာရေးသားကာ ယမန်နေ့က တောင်ကုတ်  ဒေသခံများက ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။
ရခိုင်ပြည်နယ်နှင့် ဗမာပြည်မအကြား အသွားအလာ ပြုလုပ်နေသော တောင်ကြားလမ်း သုံးခုရှိပြီး ၎င်းတောင်ကြားလမ်းများမှ တဆင့် တရားမ၀င် ဘင်္ဂလီများ ဖြတ်ကျော်ပြီး ဗမာပြည်မသို့ ၀င်ရောက် သွားလာခြင်း မပြုနိုင်ရန် ဒေသခံများက ၎င်းတို့၏ အသိစိတ်ဓါတ်ဖြင့် ကာကွယ်ထားကြသည်။
၎င်းတောင်ကြားလမ်း (၃) ခုမှာ အမ်းတောင်ကြားလမ်း၊ တောင်ကုတ် တောင်ကြားလမ်းနှင့် ဂွ-ငသိုင်းချောင်းလမ်းတို့ ဖြစ်ကြသည်။
“ မနေ့က ကျနော်တို့ တောင်ကုတ်မြို့မှာ သန်းခေါင်စာရင်းကောက်ယူတဲ့ အခါ သမိုင်းလိမ် ရိုဟင်ဂျာ နာမည်ကို ထည့်သွင်းမယ်ဆိုရင် ဒါဟာ ပြဿနာ အကြီးအကျယ် ဖြစ်ပေါ်နိုင်တဲ့ အတွက် လူပေါင်း ၂၀၀၀ ကျော်က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီအထဲမှာ ပြည်သူအချို့က ရခိုင်အရေးကို ပြည်ထောင်စုက လျစ်လျူရှု့လျှင် ဘင်္ဂါလီကုလားများအား ပိတ်ဆို့ထားသော အမ်း၊ တောင်ကုတ်၊ဂွ တံခါးပေါက်များကို ဖွင့်လှစ်တော့မယ်လို့ ရေးသားထားတဲ့ ပိုစတာတွေကို ကိုယ်ဟာကို ကိုယ်ရေးပြီး ဆန္ဒ ဖေါ်ထုတ်ခဲ့ကြပါတယ်” ဟု တောင်ကုတ် လူမူ ကွန်ယက်က ကိုဇေယျာသော်က နိရဉ္စရာကို ပြောသည်။
ရခိုင်လူမျိုးများ အနေဖြင့် လာမည့် သန်းခေါင်စာရင်း ကောက်ယူရာတွင် ကုတ်နံပတ် ၉၁၄ နေရာတွင် လူမျိုးမှန် ဘင်္ဂလီနာမည် အစား နာမည် အတု ရိုဟင်ဂျာ နာမည်ထည့်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း အသံများ ထွက်လာပြီးနောက်ပိုင်း အထူးမကျေမနပ်မူများ တိုးပွားလာနေပီး ကန့်ကွက် ဆန္ဒပြပွဲများလည်း နေရာတိုင်းတွင် ပေါ်ပေါက်နေသည်။
ယခုကဲ့သို့ ဘင်္ဂလီများကို ရိုဟင်ဂျာအဖြစ် ရေးသွင်းခွင့်ပြုမည့် အစီအစဉ်အား ရခိုင်ပြည်နယ် အ၀န်းတွင် ဆန္ဒပြကန့်ကွက်ခဲ့ကြပြီး မတ်လ ၂၁ ရက်နေ့ကို နောက်ဆုံးထားပြီး ရိုဟင်ဂျာ နာမည်ကို မထည့်သွင်းဟု သက်ဆိုင်ရာမှ ကျေညာချက် ထုတ်ပြန်ပေးရန် တောင်းဆိုထားရာ တစ်စုံတစ်ရာ အကြောင်းမပြန်သဖြင့် ပြည်ထောက်စု အစိုးရအနေဖြင့် ရခိုင်လူထုအား လျစ်လျူရှု့နေသည်ဟု ရခိုင်အမျိုးသားက မှတ်ယူနေကြသည်။
သို့အတွက် နိုင်ငံတော် အကြီးအကဲများက ရခိုင်အရေးကို လျစ်လျူရှု့လျှင် ဘင်္ဂါလီကုလားများအား ပိတ်ဆို့ထားသော အမ်း၊ တောင်ကုတ်၊ဂွ တံခါးပေါက်များကို ဖွင့်လှစ်တော့မည်ဟု ပိုစတာများတွင် ရေးသားပြီး ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ တောင်ကြားလမ်းများကို ရခိုင်လူမျိုးများက အမျိုးသားရေး စိတ်ဓါတ်ဖြင့် ပိတ်ပင် ကာကွယ်ထားသဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ခိုးဝင်း ဘင်္ဂလီများ အနေဖြင့် ဗမာပြည်မသို့ ခိုးဝင်ရန်မှာ အထူး မလွယ်ကူဘဲ ဖြစ်နေကြောင်း သိရသည်။
အလားတူ သံတွဲမြို့တွင်လည်း လာမည့်မတ်လ သန်းခေါင်စာရင်းကောက်ခံမှုတွင် ရိုဟင်ဟူသောအမည်ကို ထည့်သွင်းကောက်ခံမည့်အစီစဉ်ကို ယမန်နေ့က ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
ငပလီမှ ရခိုင်တိုင်းရင်းသားပါတီ ဥက္ကဌကိုထွန်းမင်းက ဆန္ဒပြရသည့် အကြောင်းအရင်းကို ယခုလို ရှင်းလင်း ပြောဆိုသည်။
“ဟိုးအရင်ကလည်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ လူမျိုးဆိုတာမရှိဘူး၊ခုလည်း မရှိဘူး။ မရှိတဲ့ လူမျိုးကို ကုတ်နံပါတ် (၉၁၄)ဘေးမှာ ရိုဟဟင်ဂျာလို့ထည့်ရေးမှာကို အလိုမရှိတဲ့ အတွက် အခုလို ဆန္ဒဖော်ထုတ်ရတာပါ’’ ဟု နိရဉ္စရာကို ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲမှာ ဆရာတော်၊သံဃာတော်များလည်း ပါဝင်ကြပြီး သံတွဲမြို့လေးမျက်နှာ ကုန်းတော်ပေါ်ကနေ နေ့လည် (၁၂)နာရီ ၁၅ မိနစ်ခန့်ကနေ (၁)နာရီခွဲအချိန်ခန့်ထိ ဆန္ဒဖော်ထုတ်ကြသည်ဟု ဆိုသည်။
ယင်းဆန္ဒဖော်ထုတ်ပွဲတွင်   ၁။ ရိုဟင်ဂျာ အလိုမရှိ ၂။ရိုဟင်ဂျာဟုထည့်ခိုင်းသော နိုင်ငံတကာ စွက်ဖက်မှု လုံးဝလက်မခံ ၃။၁၉၈၂ နိုင်ငံဥပဒေအား အမြန်ဆုံးအကောင်အထည်ဖော်ပေးပါ စသည့်ကြွေကြော်သံများဖြင့် ကြွေးကြော်ပြီး  စီတန်းလှည့်လည်ပြီး ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
Narinjara 
မာန်အောင်နှင့် ရမ်းဗြဲတွင်လည်း ဆန္ဒဖေါ်ထုတ်
ရမ်းဗြဲတွင်ဆန္ဒပြ ချီတက်လာစဉ်
(နိရဉ္စရာ- ၂၄ မတ်လ ၂၀၁၄) / တင့်ဆွေမောင်
သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာ နာမည် ထည့်သွင်းမည့် အစီအစဉ်ကို ရခိုင်ပြည်နယ် အတွင်း  မြို့တစ်ခုပြီးတစ်ခု ကန့်ကွက် ဆန္ဒပြနေကြရာ ယနေ့ မတ်လ ၂၄ ရက်နေ့တွင် မာန်အောင်မြို့နှင့် ရမ်းဗြဲမြို့များတွင် ဆက်လက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမှန်ကို မထည့်ဘဲ ထားပါက မြန်မာနိုင်ငံတွင် ဘယ်လို လူမျိုးတွေ နေထိုင်ကြတယ်ဆိုသည့် အမှန်တရားမှာ ပေါ်ပေါက်လာနိုင်စရာ မရှိဟု သူက ဆိုသည်။
“ဘင်္ဂလီတွေကို သန်းခေါင်စာရင်း ကောက်ယူတဲ့ အခါ အဆင်ပြေစေရန်အတွက်ဆိုပီး  ဘင်္ဂလီ လူမျိုးနာမည်ကို မထည့်ဘဲ အခြားနာမည်ကိုထည့်ရင် မြန်မာနိုင်ငံမှာ ဘယ်လူမျိုးတွေ နေထိုင်ကြတယ်ဆိုတာ အမှန်တရား ပေါ်ပေါက်လာနိုင်စရာ မရှိတာ့ဘူး။ ဒါ့ပြင် သန်းခေါင် စာရင်းကောက်ယူတဲ့အခါ ဘင်္ဂလီတွေကို တာဝန်ပေးရင် ဘယ်လိုလုပ်ပြီး လူမျိုးအမှန်ပေါ်လာမလဲ။ ဒါတွေကြောင့် ကန့်ကွက် ဆန္ဒပြရတာပါ” ဟု ဆိုသည်။
မာန်အောင်မြို့တွင် ဆန္ဒပြပွဲကို ယနေ့ နံနက် (၉) နာရီမှ စတင်ခဲ့ပြီး  (၁၁)နာရီတွင် ပြီးဆုံးခဲ့သည်။
အလားတူ ရမ်းဗြဲမြို့တွင်လည်း ယနေ့ ဆန္ဒပြကြရာ လူပေါင်း ၁၀၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့သည်ဟု ရမ်းဗြဲ ဒေသခံ ဦးထွန်းကြည်က ဆိုသည်။
”ရမ်းဗြဲမြိ့နယ် ကျောက်နီမော်ကျေးရွာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀ )ခန့် က  ကမန်လူဦးရေဟာ ထောင်ဂဏန်းခန့်သာရှိပေမယ့် အခုအခါ ကမန်ဘင်္ဂလီတွေ အများကြီး ဖြစ်နေတယ်။ အခု သန်းခေါင်စာရင်းကောက်တဲ့ အခါမှာလည်း သေချာ စိစစ်ပြီး မကောက်ရင် ဘယ်လူမျိုးက ဘယ်လောက်ရှိလို့ ဘယ်လူမျိုးက ဘယ်လို တိုးလာသလဲဆိုတာ မသိရင် နောင်မှာ ပြဿနာ တက်နိုင်တယ်။ အခု ဒီပြသနာက ရခိုင်မှာသာမက တနိုင်ငံလုံး ရှုတ်ထွေးကုန်ပြီ။ ဒါကြောင့်  မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို ငြိမ်းခြောက်နေပြီ။ ဒါကြောင့် အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက် ဆန္ဒြ့ပရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
Narinjara 
အလောင်းတော်ကဿပမှ ဘုရားဖူး ပြန်လာသည့် ဒိုင်နာယာဉ် ချောက်ထဲထိုးကျ၊ နှစ်ဦး သေဆုံး၍ ၂၂ ဦး ဒဏ်ရာရ
အလောင်းတော်ကဿပမှ ဘုရားဖူး ပြန်လာသည့် ဒိုင်နာယာဉ် တစ်စီးသည် မတ်လ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်က သနပ်ခါး ရေစခန်းအနီး ကုန်းဆင်းတွင် ဆိုင်ကယ်ကို ရှောင်ရာမှ အရှိန်လွန်ပြီး လမ်း၏ လက်ယာဘက်ရှိ ဝါးသုံးပြန်ခန့် နက်သော ချောက်အတွင်းသို့ ထိုးကျခဲ့ရာ ခရီးသည် နှစ်ဦး သေဆုံးပြီ ၂၂ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသော လူမှုကူညီရေး အသင်းဝင်များနှင့် ယင်းကားပေါ်တွင် ပါလာသည့် ဘုရားဖူးများ၏ ပြောကြားချက်အရ သိရသည်။
ချောက်ထဲ ထိုးကျခဲ့သည့် ဒိုင်နာယာဉ်မှာ အမရပူရမြို့နယ် ယဉ်တော်ရွာမှ အသိနှင့် ဆွေမျိုးသားချင်းများ စုပေါင်းပြီး အလောင်းတော်ကဿပသို့ ဘုရားဖူးသွားရန် စုပေါင်း ငှားလာသည့် ဒိုင်နာယာဉ် ဖြစ်ပြီး ကားပေါ်တွင် ကလေး၊ လူကြီး စုစုပေါင်း၂၆ ဦး ပါဝင်ခဲ့ကြောင်း ကားပေါ်တွင် ပါဝင်ခဲ့သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
“ကားဆရာက သောက်ထားတယ်။ အရှေ့က ဆိုင်ကယ်ကို ရှောင်လိုက်တဲ့ အချိန်မှာ ကားက အရှိန်လွန်ပြီး လမ်းဘေးက ချောက်ထဲကို ထိုးဆင်းသွားတာပဲ။ ကျွန်မလည်း မျက်စိစုံ မှိတ်ထားလိုက်တာ ချောက်ထဲရောက်မှ သိတော့တယ်။ ချောက်က တော်တော်နက်တယ်။ လမ်းလျှောက်နိုင်တဲ့ သူတွေက ကားလမ်းပေါ် ပြန်တက်ပြီး အကူအညီတွေ တောင်းကြတယ်။ ခဏကြာတော့ ဦးပဉ္ဇင်းတွေ ရောက်လာပြီး ကူညီကြတယ်” ဟု ချောက်ထဲကျသော ဒိုင်နာယာဉ်နင့် ဘုရားဖူး ခရီးထွက်လာသူ အမရပူရမြို့နယ် ယဉ်တော်ရွာနေ မဝင်းမာက ပြောကြားသည်။
မတော်တဆမှု ဖြစ်ပွားခဲ့သော နေရာတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် အတွက် အလောင်းတော်ကဿပမှ ပြန်ဆင်းသော ကားလမ်းများ သုံးနာရီခန့် ပိတ်ဆို့သွားခဲ့ပြီး ဒဏ်ရာရရှိသူများကို ကပိုင် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးနေသည်ကို မြင်တွေ့ခဲ့ရကြောင်း မုံရွာနှင့် အလောင်းတော်ကဿပ လိုင်းပြေးနေသည့် မင်းသိန်းနှင့် ရောင်းရင်းများ ကားလိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
“ကပိုင် တိုက်နယ်ဆေးရုံကနေ လူနာတွေကို မုံရွာကိုပြောင်းဖို့ အနီးအနား ကျေးရွာတွေက လူနာတင်ယာဉ်တွေ ခေါ်ပြီး ပို့ခဲ့ပါတယ်။ ကပိုင် ဆေးရုံမှာတော့ အမျိုးသားတစ်ဦး ဆုံးသွားတယ်။ မုံရွာဆေးရုံကြီး ရောက်တော့လည်း အဘွားအို တစ်ဦးက အသက် မရှိတော့ဘူး။ ဒဏ်ရာ ပြင်းထန်တဲ့ သူတွေလည်း ရှိတယ်။ အနည်းငယ် ထိခိုက်သူလည်း ရှိတယ် ကလေးတွေလည်း ပါတယ်” ဟု မုံရွာဆေးရုံကြီးသို့ လူနာများ လိုက်ပါ ပို့ဆောင်ပေးခဲ့သည့် သင်္ဂဟ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အလောင်းတော်ကဿပ ကားလမ်းသည် တောင်တက် တောင်ဆင်းလမ်း ကြမ်းသည့်အတွက် သွားလာဖူးသည့် ယာဉ်မောင်းများသာ မောင်းနှင် သင့်ကြောင်း၊ ယာဉ်မောင်းအချို့မှာ အရက်သေစာများကို သော်စားပြီး ယာဉ်မောင်းနှင်ခြင်းကြောင့် ခရီးလမ်းတွင် ယာဉ်မတော်တဆ ဘုရားဖူး ခရီးသည်များ အသက်မဆုံးရှုံးသင့်ဘဲ အသက်ဆုံးရှုံးရကြောင်း အလောင်းတော်ကဿပ သာသနာ့နယ်မြေတွင် သီတင်းသုံး နေထိုင်သည့် သံဃာတော် တစ်ပါးက မိန့်ကြားသည်။
မုံရွာဆေးရုံကြီးသို့ ရောက်ရှိခဲ့သည့် လူနာ စုစုပေါင်း၂၂ ဦး ရှိပြီး အသက် ၆၅ နှစ်အရွယ် အဘွားအိုတစ်ဦး သေဆုံးကြောင်း၊ ထိခိုက်ဒဏ်ရာများမှာ အမျိုးမျိုး ဖြစ်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသူများလည်း ပါဝင်ကြောင်း မုံရွာပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
The Voice Weekly
အစိုးရ ရုံးချုပ်အား ထိုင်ဝမ် ကျောင်းသားများ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်မှုဖြစ်ပွား
မတ်လ ၂၄။
တရုတ်နှင့် စီးပွားရေး သဘောတူညီမှုကြောင့် အစိုးရ ရုံးချုပ်အား ဝင်ရောက် သိမ်းပိုက်ထားသည့် ရာပေါင်းများစွာသော ကျောင်းသားများနှင့် ထိုင်ဝမ် ရဲတပ်ဖွဲ့တို့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
တနင်္လာနေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့မှ မီးသတ်ပိုက်များဖြင့် ထိုး၍ လူစုခွဲခဲ့ကြပြီး ကျောင်းသားများကို တစ်ယောက်ပြီး တစ်ယောက် ဆွဲထုတ်ကာ အဆောက်အအုံကို ရှင်းလင်းခဲ့ကြသည်။
လူပေါင်း ၆၀ နီးပါး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြသည်ဟု သတင်းများက ဆိုသည်။
တရုတ်နှင့် စီးပွားရေး သဘောတူညီမှုသည် ထိုင်ဝမ်၏ စီးပွားရေးကို ထိခိုက်စေနိုင်မည် ဖြစ်ပြီး ဘေဂျင်းမှ ဖိအားဒဏ်ကိုလည်း ခံစားရမည် ဖြစ်ကြောင်း ဆန္ဒပြသူများမှ ပြောဆိုခဲ့ကြသည်။
ပြီးခဲ့သော အပတ်ကလည်း အခြား ကျောင်းသားများ အဖွဲ့နှင့် တက်ကြွလှုပ်ရှားသူများမှ ထိုင်ဝမ် ပါလီမန်ကို ဝင်ရောက် စီးနင်းခဲ့ကြသေးသည်။
ကျောင်းသားများ အနေဖြင့် ကုန်သွယ်ရေး သဘောတူညီမှုများ အပါအဝင် တရုတ်နှင့် ပတ်သက်သော အနာဂတ် ဆွေးနွေးညှိနှိုင်းမှု အားလုံးကို ပိုမိုပြီး စေ့စပ်သေချာစွာ စစ်ဆေးလိုကြကြောင်း တိုင်ပေရှိ BBC သတင်းထောက် စင်ဒီဆုမှ ပြောကြားခဲ့သည်။
၎င်းတို့ အနေဖြင့် နှစ်ဖက်စလုံးမှ ပိုမိုပြီး လွတ်လပ်စွာ ရင်းနှီးမြုပ်နှံနိုင်မည့် ယခု ကုန်သွယ်ရေး သဘောတူညီချက်ကိုလည်း ပယ်ဖျက်စေလိုကြခြင်း ဖြစ်သည်။
အဆောက်အအုံတွင်းသို့ ဝင်ရောက်လာသော ဆန္ဒပြသူများကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားခဲ့ကြသည်။
စီးပွားရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်စေပြီး အလုပ်အကိုင် အခွင့်အလမ်းများကို ဖြစ်ပေါ်စေမည့် တရုတ်နှင့် သဘောတူညီချက်ကို
အတည်ပြုသွားရန် ဆုံးဖြတ်ထားကြောင်း အစိုးရဖြစ်သည့် ကူမင်တန်ပါတီမှ ပြောဆိုခဲ့သည်။
ထိုင်ဝမ်သည် ဆယ်စုနှစ် ခြောက်ခုခန့် ကိုယ်ပိုင် အုပ်ချုပ်ခဲ့သော်လည်း တရုတ်နိုင်ငံမှ ၎င်း၏ အစိတ်အပိုင်း အဖြစ်
သက်မှတ်ထားသည်။
၂၀၁၃ ဇွန်လက လက်မှတ် ရေးထိုးထားသော်လည်း ပါလီမန်မှ အတည်မပြုရသေးသည့် ကုန်သွယ်ရေး သဘောတူညီချက်ကို
ပြန်လည် လေ့လာဆန်းစစ်ပြီးကြောင်း ပါလီမန်မှ ဖွဲ့စည်းခဲ့သည့် ပူးပေါင်းကော်မတီ၏ ထုတ်ပြန်မှု ထွက်ပေါ်လာပြီးနောက် ပြီးခဲ့သော
အပတ် အစောပိုင်းတွင် ဆန္ဒပြမှုများ စတင်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သော အင်္ဂါနေ့က ဥပဒေပြု လွှတ်တော်အတွင်းသို့ ကျောင်းသားများ ဝင်ရောက်ခဲ့ကြပြီး ပရိဘောဂ ပစ္စည်းများကို အတားအဆီး
များအဖြစ် အသုံးပြုကာ ရဲတပ်ဖွဲ့၏ အားထုတ်မှုကို တွန်းလှန်ခဲ့ကြသည်။
သောကြာနေ့တွင် ကျောင်းသားများကို ထောက်ခံ၍ လူထောင်ပေါင်းများစွာ စုဝေးခဲ့ကြပြီး အတိုက်အခံ တိုးတက်သော ဒီမိုက်ကရက်တစ် ပါတီမှလည်း ၎င်းတို့အား ကျောထောက်နောက်ခံ ပေးခဲ့သည်။
သမ္မတ မာယင်ဂျူးမှ ပါလီမန်ကို ဝင်ရောက်သိမ်းပိုက်ခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး တရုတ်နှင့် ကုန်သွယ်ရေး သဘောတူညီချက်သည် ထိုင်ဝမ်၏ အနာဂတ် စီးပွားရေး အတွက် သက်သက်သာ ဖြစ်ကြေင်း တနင်္ဂနွေနေ့တွင်
ပြောဆိုခဲ့သည်။
တနင်္ဂနွေနှောင်းပိုင်းတွင် ဆန္ဒပြသူ အချို့မှ ဆန္ဒပြမှု ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ကို ကျော်ဖြတ်ပြီး အစိုးရ ရုံးချုပ်သို့ ဝင်ရောက်ခဲ့ကြ၍ သံဆူးကြိုးများကို ဖယ်ရှားပြီး ဒုတိယအထပ်ရှိ ရုံးခန်းများသို့ လှေကားများကို အသုံးပြု ဝင်ရောက်ခဲ့ကြသည်။
ရဲတပ်ဖွဲ့များမှ အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားရာမှ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ တရုတ်သည် ထိုင်ဝမ်၏ အကြီးဆုံး ကုန်သွယ်မှု နိုင်ငံဖြစ်ပြီး
လတ်တလော နှစ်များအတွင်း နှစ်ဖက်ဆက်ဆံရေးမှာ ပိုမိုတိုးတက်လာခဲ့ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ယခုနှစ် အစောပိုင်းတွင် နှစ်ဖက်စလုံးမှ အစိုးရ အချင်းချင်း ဆွေးနွေးမှု စတင်ခဲ့သည်။ ပြီးခဲ့သော ကာလများတွင် အစိုးရ အချင်းချင်း ဆွေးနွေးမှု မရှိခဲ့ဘဲ အစိုးရ အသိအမှတ်ပြု အဖွဲ့အစည်းများမှသာ ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
သို့ရာတွင် အချို့သော သူများမှ တရုတ်နှင့် ကြီးမားသော စီးပွားရေး ဆက်ဆံမှုသည် ထိုင်ဝမ်ကို ပိုမို ခြိမ်းခြောက်လာနိုင်ကြောင်း စိုးရိမ်ပူပန်လျက် ရှိကြသည်။
REF: BBC
Credit:  The Myanma Age
ပျံလွန်တော်မူတာ နှစ်၃၀ကြာ သံဃာတော် ရုပ်ကလာပ်
ပျံလွန်တော်မူတာ နှစ်ပေါင်း ၃၀ ကြာနေပေမယ့် မပုပ်မသိုးပဲ ရှိနေတဲ့ သံဃာတော် ရုပ်ကလာပ် ရခိုင်ပြည်နယ် သံတွဲခရိုင်မှာ ရှိနေပါတယ်။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်။
ရိုက်ကူး ရန်နိုင် ။ ဥာဏ်ကြီး
DVB TV News
(၉)နှစ်သားအရွယ် မိုးကြိုးထိမှန်၍ သေဆုံး
တပ်ကုန်း မတ်လ ၂၃
နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်တွင် မတ်လ (၂၃)ရက်နေ့ မွန်းလွဲ (၁၃)နာရီ (၁၄)နာရီအထိ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ပြီး တပ်ကုန်းမြို့၏ တောင်ဘက် (၂)မိုင်ခန့် ကွာဝေးသော ကင်မွန်းတန်း အုပ်စု ကြံဘိုကျေးရွာဝန်းကျင်တွင် မိုးပေါက်လုံးဝမကျဘဲ ရုတ်တရက် မိုးကြိုးပစ်ချသဖြင့် ကြံဘိုကျေးရွာရှိ အသက် (၉)နှစ်အရွယ် ကျားတစ်ဦး မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။
MOI Webportal Myanmar
စစ်အစိုးရလက်ထက်မှာ အဓမ္မပိတ်သိမ်းခံခဲ့ရတဲ့ နီကိုးအလှပြင်ဆိုင်ကို ပြန်လည်ဖွင့်လှစ်ခွင့်ရ (ရုပ်၊သံ)
စစ်အစိုးရလက်ထက်မှာ အဓမ္မပိတ်သိမ်းခံခဲ့ရတဲ့ နီကိုးအလှပြင်ဆိုင်ကို အခု ပြန်လည်ဖွင့်လှစ်ခွင့်ရခဲ့ပါတယ်။ ဒီသတင်းကို ဒေါ်လေးလေးမွန် သတင်း ပေးပို့ထားပါတယ်။
DVB TV News
ဝက်နားရွက်ပြာ ရောဂါချိန် နီးကပ်လာပြီ ဖြစ်၍ ဝက်များ ကြိုတင်ရောင်းချ
ဥက္ကံ၊ မတ် ၂၃
ဝက်နားရွက်ရောဂါ ဖြစ်ပွားလေ့ရှိသော အချိန်နှင့် နီးကပ်လာပြီ ဖြစ်၍ တိုက်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာများတွင် စီးပွားဖြစ် မွေးမြူကြသူများနှင့် တစ်နိုင်တစ်ပိုင် မွေးမြူကြသူများသည် မတ်လအတွင်း ဝက်ကြိုတင် ရောင်းချမူများ ပြုလုပ်လျှက် ရှိကြောင်း ဝက် ရောင်းဝယ်ရေး သမားများထံမှ စုံစမ်းသိရှိရသည်။
ဝက်နားရွက်ပြာ ရောဂါများသည် မန္တလေးတိုင်းဒေသကြီးတွင်၂၀၁၂-၂၀၁၃ ခုနှစ်များအတွင်း ဧပြီလမှ ဇူလိုင်လများအထိ ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့များတွင် ဇွန်လမှ စက်တင်ဘာလများတွင် ဖြစ်ပွားခဲ့ရာ မွေးမြူရေးသမားများ အရှုံးပေါ်ခဲ့ပြီး ဝက်သား တစ်ပိဿာလျှင် တစ်ထောင်ကျပ်အထိ ရောင်းချခဲ့ရသည့် အပြင် ရောဂါကြောင့် သေဆုံးသော ဝက်များကိုပါ မြေမြှုတ်ခဲ့ရသည့်အတွက် ယခုနှစ်တွင် အဆိုပါရောဂါ ပြန်လည် ဖြစ်ပွားမည်ကို စိုးရိမ်ပြီး ခြံလုံးကျွတ် ရောင်းချခြင်း ဖြစ်ကြောင်း ဥက္ကံမြို့ဝက်မွေးမြူသူ ကိုမင်းမင်းထွန်းက ပြောကြားသည်။
“ကျွန်တော်ကတော့ အရဲစွန့်ပြီး မထားရဲဘူး၊ ခုဝက်သား တစ်ပိဿာကို ၅ ထောင်ဈေး ပေးတယ်လေ။ ဒါကြောင့် အိမ်ကဝက်တွေကို အကုန်ရောင်းလိုက်တယ်” ဟု ရောဂါ ဖြစ်ပွားစဉ်က ခြံလုံးကျွတ် အရှုံးပေါ်ခဲ့ဖူးသူ ၎င်းကဆိုသည်။
ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားလာပါက ဝက်များတွင် ဆီးချုပ်၊ ဝမ်းချုပ်ခြင်းများ၊ အပူဖျားများ ဖြစ်ပေါ်ခြင်း၊ အသက်ရှူမမှန်ခြင်း၊ အသက်ရှူးပြင်းခြင်းများ ဖြစ်ပေါ်လေ့ရှိပြီ မျိုးဝက်များမှာ ရက်မစေ့ဘဲ မွေးဖွားခြင်း၊ မွေးဖွားလျှင်လည်း ဝက်အသေကလေးများ မွေးခြင်းများ ဖြစ်လေ့ရှိကြောင်း၊ အဆိုပါ ရောဂါ ဖြစ်ပွားလျှင် ဝက် အကောင်တစ်ရာလျှင် ခုနစ်ဆယ့်ငါးကောင် သေဆုံးနိုင်ကြောင်း တိုက်ကြီးမြို့ရှိ တိရစ္ဆာန် ဆေးကုဆရာဝန် တစ်ဦးက ပြောကြားသည်။
ဝက်နားရွက်ပြာများ ဖြစ်ပွားနိုင်သောအချိန် နီးကပ်လာပြီ ဖြစ်သောကြောင့် မွေးမြူထားသည့် ဝက်များကို ကြိုတင် ရောင်းချရသော အခြေအနေ ဖြစ်နေပြီး မြန်မာနိုင်ငံ၏ အဓိက အသားစားအုပ်စုတွင် ပါဝင်သည့် ဝက်များ ခြံလုံးကျွတ် သေကျေခဲ့ဖူးရကြောင်း တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ရှမ်းစု ကျေးရွာရှိ ဒေသခံများထံမှ သိရသည်။
The Voice Weekly Myanmar
စမတ်ဖုန်း မှ သတင်းအချက်အလက် များကို ခိုးယူနိုင်သည့် မောင်းသူမဲ့လေယာဉ်
စမတ်ဖုန်း များမှ သတင်း အချက်အလက် များကို ခိုးယူနိုင်သည့် မောင်းသူမဲ့ လေယာဉ်သစ် ကို ဟက်ကာ သမားများက တီထွင် ထုတ်လုပ် နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မောင်းသူမဲ့ လေယာဉ်ကို လန်ဒန်မြို့တွင် စမ်းသပ်ခဲ့ပြီး ၄င်းလေယာဉ် ၏ လုပ်ဆောင်မှု များကို စင်ကာပူ နိုင်ငံ၌ လာမည့် သီတင်းပတ် တွင် ကျင်းပမည့် Black Hat Asia အမည်ရှိ ဆိုက်ဘာ လုံခြုံရေး ဆွေးနွေးပွဲတွင် မိတ်ဆက် ဖော်ပြ သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မောင်းသူမဲ့ လေယာဉ်၏ နည်းပညာအား Snoopy ဟု အမည်ပေး ထားပြီး ၄င်းသည် Wifi ဖွင့်၍ စမတ်ဖုန်းများမှ နည်းပညာ အချက်အလက် များကို ၀င်ရောက် ကြည့်ရှု နိုင်သည့အပြင် တစ်ချိန်တည်း မှာပင် အချက်ပြ ကိရိယာ များကိုလည်း ပေးပို့နိုင်ကြောင်း သိရသည်။
ထို့အပြင် Snoopy မောင်းသူမဲ့ လေယာဉ်သည် ဖုန်း သုံးစွဲသူများ၏ မက်ဆေ့ခ်ျ များကိုလည်း ကြားဖြတ် ရယူနိုင်ရုံ သာမက အသုံးပြု သူများ၏ data, usernames နှင့် password များကိုလည်း ၀င်ရောက် ကြည့်ရှုနိုင်ကြောင်း CNN သတင်းဌာန က ထုတ်ပြန် ခဲ့သည်။
အလားတူ ၄င်း မောင်းသူမဲ့ လေယာဉ်သည် အနည်းဆုံး တစ်နာရီ ပျံသန်းနိုင်ကြောင်း သို့ရာတွင် စမတ်ဖုန်း သုံးစွဲသူများ အနေဖြင့် Wifi ကို ပိတ်ထားပါက ယင်း လေယာဉ်များက အဆိုပါ ဖုန်းမှ သတင်း အချက်အလက် များကို ခိုးယူ နိုင်ခြင်း မရှိကြောင်း သိရှိရသည်။
( YT )
Themyawadydaily
သမ္မတဖြစ်လို၍မဟုတ်၊ ပြည်သူနှင့်တပ်မတော် တစ်သားတည်းဖြစ်ဖို့ ဖွဲ့စည်းပုံပြင်လိုဟု ဒေါ်စုပြော
ဉဏ်လှိုင်လင်း၊ အောင်ကိုဦး
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်ကို သီးသန့်ရပ်တည်နေစေခြင်းကြောင့် ပြည်သူနှင့်တပ် မတော် တစ်သားတည်းဖြစ်ရန် ဖွဲ့စည်းပုံကို ပြင်ဆင်လိုခြင်းဖြစ်သည်ဟု မတ်လ ၂၃ ရက်က မိုးကုတ် ပြည်သူလူထုနှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။
“တပ်မတော်ဟာ ပြည်သူနဲ့ တစ်သွေးတည်းတစ်သားတည်းမဟုတ်ဘဲနဲ့ သီးသန့် ရပ်တည်တယ်ဆိုရင် တပ်မတော်အတွက်လည်း မကောင်းပါဘူး။ နိုင်ငံအတွက်လည်း မကောင်းပါဘူး။ ဒါကြောင့်မို့လို့ တပ်မ တော်ကို သီးသန့်ရပ်တည်နေတဲ့ပုံစံဖြစ်စေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အားလုံး ၀ိုင်းပြီးတော့ ပြုပြင် ပြောင်းလဲပေးဖို့လိုတယ်လို့ ကျွန်မတို့ ယူဆပါတယ်”ဟု မိုးကုတ်မြို့ ကျပ်ပြင်အားကစားကွင်း၌ ပြုလုပ် သည့် လူထုနှင့်တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
လက်ရှိဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ်သည် ဥပဒေပြုရေး၌ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ် ခန့်အပ်ခွင့်ရှိသည်။ ထို့ပြင် နိုင်ငံ၏အရေးအရာများ ဆုံးဖြတ်ရသည့် ကာကွယ်ရေးနှင့် လုံ ခြုံရေးကောင်စီတွင် ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေးဘက်မှ ပါဝင်ခွင့်ရသူများထက် ပိုမိုများသောဦးရေကို ရယူ ထားသည်။
“ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် တကယ်အရေးကြီးတဲ့ကိစ္စတွေကို ဆုံးဖြတ်မှာက တပ်မတော်က ဆုံးဖြတ်မှာဖြစ်ပါတယ်။ တပ်မတော်သားဆိုတာ ပြည်သူထဲက ပြည်သူပဲလို့ ကျွန်မတို့က ဒီလိုပဲမြင်ပါ တယ်”ဟု ၎င်းက ပြောသည်။
လက်ရှိဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်အရ ပြင်လိုလျှင် အနိမ့်ဆုံးလိုအပ်ချက်အဖြစ် လွှတ်တော်၏ ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံမှုရရန် လိုအပ်နေသည်။ ထို့ကြောင့် လွှတ်တော်အတွင်း ကာကွယ်ရေးဦးစီးချုပ်က တာ ၀န်ပေးထားသည့် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၏ ရပ်တည်မှုသည် အရေးကြီးသည့် အခြေအနေ၌ ရှိနေသည်။
“ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူလူထုကို ဘယ်လောက်တန်ဖိုးထားလဲ၊ အဓိကအရေးကြီးတဲ့ကိစ္စ တွေမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိရဲ့လားလို့ ကျွန်မတို့ သုံးသပ်ရမှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ ထို့ပြင် စစ်အစိုးရခေတ်လွန် မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး
ရှေ့ခရီး အဘယ်သို့ရှိမည်ဆိုသည်မှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လိုခြင်း၊ မပြင်လိုခြင်းက သက်သေပြသွားလိမ့်မည်ဟုလည်း ပြောသည်။
“တကယ်ပဲ ဒီမိုကရေစီလမ်းပေါ်ကို ဖြောင့်ဖြောင့်မတ်မတ် လျှောက်မှာလားဆိုတာကို ဘာကပြမလဲဆို တော့ ဒီမိုကရေစီနဲ့ အင်မတန်မှဆန့်ကျင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မလား မပြင်မလားဆိုတာ က သက်သေပြသွားမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
မတ်လ ၂၃ ရက် မွန်းလွဲပိုင်းတွင် မန္တလေးမှစာရေးဆရာများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပြင်ဦးလွင်မြို့ အင်းထိတ်ဦးရွာရှိ တော်ဝင်နှင်းဆီ ခြံတွင် တွေ့ဆုံခဲ့သည်။
“ကျွန်မ သမ္မတဖြစ်ဖို့မဟုတ်ဘူး။ ပြည်သူတွေအတွက်၊ နိုင်ငံတော်အတွက် လုပ်နေတာဖြစ်ပါတယ်။ မန္တ- လေးက စာပေသမားတွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ထောက်ခံတာကို ၀မ်းသာပါတယ်။ ကျွန်မ အနေနဲ့ စာပေသမားတွေကို တန်ဖိုးထားတယ်၊ လေးစားတယ်”ဟု
ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ပန်းတိုင်ရောက်အောင် စာပေသည်လည်း တွန်းအားတစ်ခုဖြစ်ပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူများ ကျယ် ကျယ်ပြန့်ပြန့် သိရှိကြစေရန် စာပေသမားများက ကြိုးပမ်းပေးစေလိုသည်ဟု တိုက်တွန်းခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ညီပုလေး၊ ကျော်ရင်မြင့်၊ စိုးနိုင်(မန္တလေးတက္ကသိုလ်)၊ ကိုငြိမ်း(မန္တလေး)၊ သင့် နော်၊ ကိုထက်၊ ညိုထွန်းလူ၊ မင်းနဒီခ၊ သာဇော်၊ ဆူးငှက်၊ ကာတွန်း အောင်မော်၊ ကိုလေး (အင်းဝဂုဏ် ရည်)စသည့် စာပေပညာရှင် ၅၀ ကျော် တက်ရောက်ခဲ့သည်။
Mizzima - News in Burmese
ပလက်ဖောင်းပေါ်တွင်ထိုင်ကာ လက်ဖက်ရည်သောက်နေသူ၏ခေါင်းပေါ်သို့ (၅)လွှာရှိတိုက်ခန်းမှ ကွန်ကရစ်တုံးပြုတ်ကျခဲ့၍ သေဆုံး
၂၃.၃.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်း
အထက်ရပ်ကွက်၊ ဗညားဒလလမ်းနှင့်သြဘာလမ်းထောင်ရှိ ကုဋေကြွယ်
လက်ဖက်ရည်ဆိုင်ရှေ့ ပလပ်ဖောင်းပေါ်တွင် လက်ဖက်ရည်ထိုင်သောက်
နေသူ ပျားရည်ကုန်းရပ်ကွက်နေ ဦးမင်းအောင်(၅၈)နှစ်၏ ဦးခေါင်းပေါ်သို့
တိုက်အမှတ်(၃၄၄)၊ (၅)လွှာ-စီ၏ အိမ်ရှေ့ဝရန်တာ ရေကာဆန်းရှိတ်
အစွန်းမှ အရှည်(၂)လက်မ၊ ထုနှင့်ဗျက်(၅)လက်မပတ်လည်ခန့်ရှိ ကွန်ကရစ်တုံးပဲ့ကျခဲ့၍ ၎င်းတွင် နဖူးစပ်မှ ၀ဲချိုစောင်းထိ စုတ်ပြဲဖူးရောင်
ဒဏ်ရာရရှိခဲ့သောကြောင့် ရန်ကုန်ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြော
အထူးကုသဆောင်တွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိစဉ် ၂၄.၃.၂၀၁၄ ရက်နေ့ ၀၇၀၅ အချိန်တွင် ရရှိသောဒဏ်ရာဖြင့်သေဆုံးသွား
ခဲ့ပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်ပြီး တာမွေမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။
Yangon Police
ပျိုမေတို့ အသားအရေချောမွေ့အောင်လုပ်နည်း
ဆေးလိပ်ငွေ့ ကို ဘယ်တော့မှ မရှူမိပါစေနှင့်
ဆေးလိပ်ငွေ့ဟာ အရွယ်မတိုင်ခင် အရေးကြောင်းထင်တာ၊ ပါးရေတွန့်တာ နဲ့ အသားအရေ နွမ်းနယ် ခြောက်သွေ့ တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လက်တည့်စမ်းတဲ့အနေနဲ့ပဲ ဖြစ်ဖြစ် ဆေးလိပ်ကို ယောင်လို့တောင် မသောက် မိပါစေနဲ့။ အနားမှာ ဆေးလိပ်သောက် နေရင် ဆေးလိပ်ငွေ့ကင်းတဲ့ နေရာကို ထွက်သွားသင့်ပါတယ်။
နေရောင်ကာခရင်မ် လိမ်းပါ
အသားအရေကြမ်းတမ်းတာ၊ ညို ညစ်တာ၊ အသားအရေ မညီမညာဖြစ် တာနဲ့ အရေးကြောင်းထင်တာ စတဲ့ အ သားအရေပြဿနာတွေဟာ နေရောင် ခြည်ဒဏ်ကို တာရှည်ခံရတာကြောင့် ဖြစ် တတ်ပါတယ်။ ဒါကြောင့် ခရမ်းလွန် ရောင်ခြည် UVA နဲ့ UVB နှစ်မျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ နေရောင်ကာခရင်မ် ကို လိမ်းပေးပါ။ အပြင်မှာ ရှိနေတဲ့အ ချိန်တွေမှာ တစ်ကြိမ်လိမ်းထားရုံနဲ့ မလုံ လောက်တော့ပါဘူး။ အချိန် နှစ်နာရီ- သုံး နာရီကြာတိုင်း တစ်ကြိမ် ပြန်လိမ်းပေးပါ။
ရက်တီးနွိုက်ကို စဉ်းစားပါ
ဗီတာမင်အေရဲ့အမျိုးအစားတစ်ခုဖြစ် တဲ့ရက်တီးနွိုက်ဟာ ချွေးပေါက်ပွင့်စေတာ၊ ဝက်ခြံ ကင်းစင်စေတာ၊ အရေးကြောင်း ရေးရေးလေးတွေကို လျော့ပါးစေတာ၊ အသားအရေကို တင်းရင်းလှပစေတဲ့ ကော်လာဂျင်ထုတ်လုပ်မှု အားကောင်း စေတာ၊ အမည်းစက်တွေနဲ့ မှဲ့ခြောက် တွေလျော့ပါးသွားစေတာနဲ့ အသားအရေ ရဲ့ တည်ဆောက်ပုံကို တိုးတက်စေတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါ တယ်။ ဒါကြောင့် နှစ်ည- သုံးည တစ် ကြိမ် ရက်တီးနွိုက်ခရင်မ်ကို ပဲစေ့အရွယ် ပမာဏခန့် လိမ်းပေးမယ်ဆိုရင် အသား အရေကို ကြည့်အကောင်းဆုံးဖြစ်အောင် ထိန်းပေးနိုင်ကြောင်း အရေပြားအထူးကု ဆရာဝန်တွေက လမ်းညွှန်ထားပါတယ်။
ရိုးရိုးရှင်းရှင်းသာ အသုံးပြုပေးပါ
တချို့အမျိုးသမီးတွေက အသားအ ရေထိန်းသိမ်းတာနဲ့ ပတ်သက်ပြီး တချို့ ပစ္စည်းတွေကို ရောစပ်သုံးတဲ့အခါ ပါဝင် ပစ္စည်းတွေရဲ့ အာနိသင်အချင်းချင်း ဓာတ် ပြယ်မှုကြောင့် အကျိုးကျေးဇူး မရတတ် တာမျိုး ဖြစ်တတ်ပါတယ်။ မျက်နှာသန့် စင်ဆေး၊ နေရောင်ကာခရင်မ်၊ အစိုဓာတ် ထိန်းအလှဆီနဲ့ ရက်တီးနွိုက်ပါတဲ့ ခရင်မ် စတာတွေပဲ ဖြစ်ပါတယ်။ ပြီးမှ မျက်ဝန်းနဲ့ နှုတ်ခမ်းအတွက် သီးသန့် ထိန်းသိမ်း ပေးရမှာပါ။
မတည့်လျှင် လုံးဝ မသုံးပါနှင့်
တကယ်လို့ သင့်အသားအရေက အသားအရေထိန်း ပစ္စည်းအသစ်ကြောင့် ရောင်ရမ်းတာ၊ နီမြန်းတာ၊ ပူစပ်ပူလောင် ဖြစ်တာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ် လာရင် အဲဒီပစ္စည်းကို လုံးဝမသုံးပါနဲ့ တော့။ နှမြောပြီး သုံးမိမှာစိုးရင် မဝယ် ခင်ကတည်းက စမ်းသပ် လိမ်းကြည့်ပြီးမှ ဝယ်သင့်ပါတယ်။
အင်တီအောက်ဆီးဒင့် ပါသော သဘာဝအစားအသောက်ကို စားပါ
ညစ်ညမ်းတဲ့လေထုကို ရှူ ရှင်းတဲ့ အစားအသောက်ကို စားမိတာ၊ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိတာ . . စတဲ့ မသိလိုက် မသိဘာသာ အပြုအမူတွေ ကြောင့် ခန္ဓာကိုယ်ထဲကို အဆိပ်အ တောက်ဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်တွေက ဝင်ရောက်သွားတတ်ပါတယ်။ အဲဒီ ဖရီး ရယ်ဒီကယ်တွေကို ချေဖျက်နိုင်ဖို့ရာ အတွက် အင်တီအောက်ဆီးဒင့်ပါတဲ့ အစားအသောက်တွေကို များများ စားပေးဖို့ လိုပါတယ်။ အင်တီအောက်ဆီးဒင့်တွေက ရောင်စုံ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေထဲမှာ ပေါများစွာ ပါဝင်တာကြောင့် များများ စားပေးရပါမယ်။
ဘဝနေထိုင်မှုပုံစံကို ဂရုစိုက်ပါ
ယောဂကျင့်တာ၊ တရားထိုင်တာ စတဲ့ လှုပ်ရှားမှုတွေဟာ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ စိတ်ဖိစီးမှုဟာ ဝက်ခြံ၊ နှင်းခူ၊ အရေပြားနီမြန်းတာစတဲ့ ဆိုးရွားတဲ့ အရေပြား အခြေအနေတွေ ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ် ရေးဝ၀အိပ်ပြီး ပြည့်ပြည့်ဝ၀ အနားယူ တာ၊ ပုံမှန် တရားထိုင်တာ၊ အကြော လျှော့ပေးမယ့် ယောဂလေ့ကျင့်ခန်း လုပ်တာ စတာတွေကို ဆောင်ရွက်သင့်သလို သွေးလှည့်ပတ်မှုကောင်းအောင် ချွေး ထွက်တဲ့အထိ လေ့ကျင့်ခန်းလုပ်ပေးပါ။ တကယ်လို့ မျက်နှာပေါ်မှာ ဝက်ခြံ၊ အ ဖုအပိမ့်စတဲ့ အပြစ်အနာအဆာတွေရှိ နေရင်တောင် တရားထိုင်ပြီး စိတ်ဖိစီး မှုကင်းသူတွေဟာ တရားမထိုင်သူတွေထက် မြန်မြန်အနာကျက်ကာ သက်သာ စေကြောင်း လေ့လာတွေ့ရှိရပါတယ်။
အခြေခံ ထိန်းသိမ်းနည်း အဆင့်ဆင့်ကို ပြုလုပ်ပါ
- အရင်ဆုံး မျက်နှာကို ဓာတုပစ္စည်း ဆေးနဲ့ ကြက်သီးနွေးရေ သုံးပြီး သစ်ပါ။
- ပြီးရင် မျက်နှာကို နူးညံ့တဲ့ မျက်နှာ သုတ်ပဝါနဲ့ ညင်ညင်သာသာ သုတ်ပေးပါ။
- မျက်နှာ လန်းဆန်းသွားအောင် အယ်လ်ကိုဟောမပါတဲ့ ချွေးပေါက်ကျဉ်း ဆေးရည်တိုနာ လိမ်းပေးပါ။ အဲဒီနောက် နေရောင် ကာကွယ်နိုင်တဲ့အဆ ၁၅ဆ ပါဝင်တဲ့ နေရောင်ကာခရင်မ်ကို လိမ်းပါ။
- နေရောင်ကာခရင်မ်လိမ်းပြီး အချိန်အ နည်းငယ်ကြာမှ အရေပြား အစိုဓာတ် ထိန်း ခရင်မ်ကို လိမ်းပေးပါ။
- နောက်ဆုံးမှာ မျက်ဝန်းအောက်က အရေးကြောင်းမဖြစ်အောင် ကာကွယ်တဲ့အ နေနဲ့ အိုင်းခရင်မ်ကို လိမ်းပေးသင့်ပါ တယ်။
နံနက်ပိုင်း မျက်နှာသစ်ပြီးချိန်မှာ ဒီအတိုင်းပြုလုပ်ပြီး ညဘက်မှာ ဆိုရင် နေရောင်ကာခရင်မ်အစား ညဘက် လိမ်းရတဲ့ ညလိမ်းခရင်မ်ကို လိမ်းပေးပါ။ ညဘက်မှာအပျင်းထူပြီး မျက်နှာမသစ်ဘဲ မအိပ်လိုက်ပါနဲ့။ နေ့ခင်းဘက်မှာ ထိ ခိုက်ထားတဲ့ အသားအရေကို ညဘက် မှာ ပြန်လည်ပြုပြင်ပေးနိုင်တာကြောင့် ညဘက် အသားအရေထိန်းသိမ်းမှုဟာ လည်း အရေးပါပါတယ်။
သဘာဝနည်းလမ်းများကို သုံးပြီး ပေါင်းတင်ပေးပါ အသားအရေကို အလွယ်တကူ ဖြူစင် လှပလာစေမယ့် သဘာ ဝပေါင်းတင် နည်းကို တစ်ပတ်မှာ တစ်ကြိမ် - နှစ် ကြိမ်လောက် ပြုလုပ်ပေးနိုင်ပါတယ်။
- ဆဲလ်သေတွေ ကွာကျသွားအောင် သံပရာရည်နဲ့ မျက်နှာကို ဆေးကြော ပေးပါ။
- မျက်နှာမှာ အရေးကြောင်းပါးပါး ထင် နေရင် နွားနို့တစ်ခွက်၊ သခွားသီးစိတ် ပါးပါးတို့ကို မွှေစက်ထဲရောမွှေကာ လိမ်းပေးပါ။ အချိန် ၁၅ မိနစ်ကြာမှ မျက်နှာ ကို ကြက်သီးနွေးရေနဲ့ ဆေးချလိုက်ပါ။
- ပြီးရင် မျက်နှာသုတ်ပဝါနဲ့ ညင်ညင် သာသာသုတ်ပြီး အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။
ကြယ်စင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ
မီတာခတက်လိုက်ခြင်းက ပြည်သူကို ၀န်ထုပ်ဝန်ပိုးမဖြစ်စေဟု လျှပ်စစ်ဒု-၀န်ကြီး ကာကွယ်ပြောဆို
ဂျွန်ချစ်ငြိမ်း
လာမည့် ဧပြီ ၁ ရက်မှစတင်ကာ မီတာခနှုန်းထားများ တိုးမြင့်ကောက်ခံမည်ဖြစ်ကြောင်း လွှတ်တော်က ဆုံးဖြတ်လိုက်ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်တချို့သာမက ပြည်သူများကြား ဝေဖန်ပြောဆိုမှုများ ရှိနေသော်လည်း ယခုကဲ့သို့ မီတာခတိုးမြှင့်ကောက်ခံခြင်းကြောင့် ပြည်သူများ ၀န်ထုတ်ဝန်ပိုးရှိမည်မ ဟုတ်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက မတ်၂၃ ရက်တွင် ပြောဆို သည်။
တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်သည့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံရေးနှင့် ပတ်သက် သည့် တွေ့ဆုံရှင်းလင်းပွဲတွင် ဒု-၀န်ကြီးက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
“အခု ပြင်ဆင်သတ်မှတ်ထားတဲ့ နှုန်းထားတွေအားလုံးက ပြည်သူတွေကို ၀န်ထုတ်ဝန်ပိုး မဖြစ်စေပါဘူး” ဟု ဒုတိယ၀န်ကြီးဦးအောင်သန်းဦးက ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လက်ရှိသုံးစွဲလျက်ရှိသည့် ၅၆ ဒဿမ ၆၃ ရာခိုင်နှုန်းကျော်သည် အိမ်သုံး မီတာ ယူနစ် ၁၀၀ ထိသာ သုံးစွဲနေသူများ ဖြစ်သည်ဟုဆိုကာ ၎င်းက သုံးသပ်ပြောဆိုလိုက်ခြင်း ဖြစ် သည်။
လျှပ်စစ်မီတာခများကို ယူနစ်အလိုက် အဆင့်ဆင့်တိုးမြှင့်ကောက်ခံမည့်အပေါ် မတ် ၁၈ ရက်တွင် လျှပ် စစ်စွမ်းအားဝန်ကြီးဌာနသာမက ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနတို့နှင့် ပြည်ထောင်စုလွှတ်တော်မှ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ ငွေစာ ရင်း ပူးပေါင်းကော်မတီ၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီတို့အပြင် တက်ကြွစွာပါဝင် ဆွေးနွေးလိုသူ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးတို့ အကြိတ်အနယ်ဆွေးနွေးခဲ့ပြီး မတ်လ ၁၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မီတာခတိုးမြှင့်ရေး လွှတ်တော်သဘောထားရယူကာ ဆုံး ဖြတ်လိုက်သည်။
ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူးဦးစောလှထွန်းက “လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ဆွေးနွေးရာမှာ အချက်လေးချက် တွေ့ရပါတယ်။ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်းကြောင့် အများပြည်သူတို့ ၀န်ထုပ်ဝန်ပိုးမဖြစ်ရေး၊ အခွင့်အလမ်းတွေ မလျော့ပါးရေး၊ တတိယအချက်က လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှု၊ တရားမ၀င်သုံးစွဲမှုတွေရှိရင် အစီအမံတွေချမှတ်ပြီး အလေးထားဆောင်ရွက် ဖို့နဲ့ ဆောင်ရွက်မှုအခြေအနေကို လွှတ်တော်ကို ပြန်တင်ပြဖို့ပါ။ နောက်ဆုံးအချက်က လျှပ်စစ်ဓာတ်အား မရောက်တဲ့ဒေသတွေကို တိုးချဲ့ဖြန့်ဖြူးပေးဖို့ပါ”ဟု မတ်လ ၁၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် ပြောသည်။
ယင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စန်းလှိုင်က “ကျွန်မတို့ အခြေခံဥပဒေပြင်ဆင်ရေးလို တခြားအရေးကြီးတဲ့ကိစ္စတွေ ရှိနေတဲ့ အခုလို အခြေအနေမျိုးမှာ အာရုံပြောင်းလိုက်တဲ့ သဘောလား။ ဒါမှမဟုတ် လွှတ်တော်ထဲမှာ ဒေါ်စန္ဒာမင်းပြောခဲ့ သလို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးတဲ့လုပ်ငန်းတွေမှာ နောင်ဝင်လာတော့မယ့်၊ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွား အပေါ် ကာကွယ်ချင်လို့လားဆိုတဲ့ မေးစရာတွေရှိလာပါတယ်”ဟု မတ်လ ၁၉ ရက် လွှတ်တော် အစည်း အဝေးအပြီးတွင် ဝေဖန်ပြောဆိုလိုက်သည်။
မီတာခတိုးမြှင့်ကောက်ခံရေးနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များကြား လွှတ်တော် အဆုံးအ ဖြတ်ရယူရာတွင် ကန့်ကွက်သူ ကိုယ်စားလှယ် ၁၈ ဦးသာ ရှိခဲ့သည်။
လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမည့်အဆိုကို ကန့်ကွက်ခဲ့သူ ၁၈ ဦးအနက်မှ တစ်ဦးဖြစ်သူ ထန်းတစ် ပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းက “ပြီးခဲ့တဲ့နှစ်တွေမှာ အရှုံးခံ ဖြန့်ဖြူးနေရပါ တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်သုံးမီတာ၊ ပါဝါမီတာ၊ ထရန်စဖော်မာတွေအတွက် ထိန်းသိမ်းစောင့် ရှောက်ခဆိုပြီး ပြည်သူတွေဆီကနေ ကောက်ခံတာတွေရှိပါတယ်။ အဲဒီအချက်တွေကို ကာမိစေဖို့ အခု လို အိမ်သုံးမီတာခတွေကို ငါးကျပ်တိုး ကောက်တာလားဆိုတာကို ကွဲကွဲပြားပြား ပြည်သူကို ချပြစေလိုပါ တယ်။ နောက်ပြီး လာမည့် ဧပြီလ ၁ ရက်ကစပြီး နှုန်းသစ်နဲ့ ကောက်ခံမယ်ဆိုရင် ခုန မီတာထိန်းသိမ်း စောင့်ရှောက်ခတွေ၊ လျှပ်စစ်ဓာတ်အား လျော့ပါးပျောက်ဆုံးမှုအတွက် ပြည်သူကပဲ စုပေါင်းကျခံရတာ တွေရှိဦးမလားဆိုတာကိုလဲ ရှင်းရှင်းလင်းလင်း သိလိုပါတယ်”ဟု ပြည်ထောင်စုလွှတ်တော် နာယကမှ တစ်ဆင့် အစိုးရအဖွဲ့သို့ မေးခွန်းထုတ်ခဲ့သည်။
နှုန်းထားသစ်ဖြင့် တိုးမြှင့်ကောက်ခံမည့် လျှပ်စစ်ဓာတ်အားခများတွင် အိမ်သုံးယူနစ် ၁၀၀ အထိ ၃၅ ကျပ် နှုန်း၊ ၁၀၁ မှ ၂၀၀ အထိ ၄၀ ကျပ်နှင့်၂၀၁ နှင့်အထက် ၅၀ ကျပ်နှုန်း၊ စက်မှုသုံးယူနစ် ၅၀၀ အထိ ၇၅ ကျပ်၊ ၅၀၁ မှ ၁၀,၀၀၀ အထိ ၁၀၀ ကျပ်၊ ၁၀,၀၀၁ မှ ၅၀,၀၀၀ အထိ ၁၂၅ ကျပ်၊ ၅၀,၀၀၁ မှ ၂၀၀,၀၀၀ အထိ ၁၅၀ ကျပ်၊ ၂၀၀,၀၀၁ မှ ၃၀၀,၀၀၀ အထိ ၁၂၅ ကျပ်၊ ၃၀၀,၀၀၁ နှင့်အထက် ၁၀၀ ကျပ် ကောက် ခံသွားမည် ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း အိမ်သုံးလျှပ်စစ်မီတာယူနစ် ၁၀၁ မှ ၂၀၀ အထိ သုံးစွဲနေသူ ၂၀ ရာခိုင် နှုန်းကျော်၊ ၂၀၁ ယူနစ်မှ ၃၀၀ ထိ သုံးစွဲနေသူ ၁၅ ရာခိုင်နှုန်း၊ အိမ်သုံးမီတာ ၃၀၀ အထက် သုံးစွဲနေသူ ခြောက်ရာခိုင်နှုန်းခန့်သာရှိသည်ဟု လျှပ်စစ်ဒုတိယ၀န်ကြီးက တောင်ကြီးဆွေးနွေးပွဲတွင် ပြောသည်။
စက်မှုဇုန်သုံးမီတာများတွင်လည်း ယူနစ် ၁၀၀ မှ ၁၀၀၀ ထိ သုံးစွဲနေသူ ၈၀ ရာခိုင်နှုန်းကျော်ရှိသည့် အတွက် ယခု တိုးမြှင့်ကောက်ခံသွားမည့် နှုန်းထားများသည် လူအများစုကို မထိခိုက်ဟုလည်း ၎င်းက ပြောသည်။
Mizzima - News in Burmese
နိုင်ငံခြားသား၏ ခရီးဆောင်အိတ်ကို ဆိုင်ကယ်သမားနှစ်ဦးက လုယက်
ရန်ကုန်၊ မဇ္ဈိမ။         ။ ဗဟန်းမြို့နယ်တွင် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးက သြစတေးလျနိုင်ငံသားတစ်ဦး၏ ခရီးဆောင်အိတ်ကို လုယူ၊ ထွက်ပြေးသွားသည်ဟု ဆိုကာ အမှုဖွင့် တိုင်တန်းမှုကို ဗဟန်းရဲစခန်းက မတ်လ ၂၃ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်။
အမှုမှာ နေ့လယ် ၁၂ နာရီက သြစတေးလျနိုင်ငံသား Mr.Kaan Peker (၃၂)နှစ်သည် အမျိုးသမီးအဖော်တစ်ဦးနှင့်အတူ ရန်ကုန်လေဆိပ်မှ ချက်ထရီယမ်ဟိုတယ်သို့ တက္ကစီဖြင့် လာရောက်ခဲ့ပြီး ဟိုတယ်မရောက်မီ တာမွေမြို့နယ်၊ ဖိုးစိန်လမ်း၊ Crystal Inn ရှေ့အရောက်တွင် ကားပေါ်မှ ဆင်း၍ လမ်းလျှောက်လာစဉ် ဆိုင်ကယ်တစ်စီးအား လူနှစ်ဦးက စီးနင်းမောင်းနှင်လာပြီး အနားအရောက်တွင် လက်ဖြင့်ဆွဲလာသည့် အပြာရောင်ခရီးဆောင်အိတ်ကို လုယူထွက်ပြေးခဲ့သည်ဟု Mr.Kaan Peker က ရဲမှတ်တမ်းတွင် ပြောပြထားသည်။
ထို့ပြင် အဆိုပါခရီးဆောင်အိတ်အတွင်းမှ သြစတေးလျဒေါ်လာနှင့် အသုံးဆောင်ပစ္စည်းတန်းဖိုး သြစတေးလျဒေါ်လာ (၁၂၂,၂၅ဝ)၊ မြန်မာငွေတန်ဖိုးအားဖြင့် သိန်း ၁၁ဝ၀ ကျော်ခန့် လုယက်ခံခဲ့ရသည်ဟု ဆိုသည်။
ထို့ကြောင့် လုယူသွားသူ နှစ်ဦးကို စုံစမ်းဖော်ထုတ်အရေးယူပေးရန် ချက်ထရီယမ်ဟိုတယ်မှ ဧည့်ကြိုဝန်ထမ်းဖြစ်သူက တရားလိုပြုလုပ် တိုင်တန်းပေးခဲ့ခြင်း ဖြစ်သည်။
ယင်းတိုင်တန်းမှုကို ဗဟန်းရဲစခန်းက (ပ)၁ဝ၆/၂ဝ၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အရေးယူရန် ပြစ်မှုကျူးလွန်သူများကို စုံစမ်းရှာဖွေလျက်ရှိသည်။
ငါးကြီးအန်ဖတ်
တစ်ခါတစ်ရံ ရေမွှေးတွင် ပါရှိသော အမွှေးအကြိုင်ကို စပယ်ပန်း၊ နှင်းပန်း စသည်တို့မှ ပေါင်းခံမယူဘဲ ငါးကြီးအန်ဖတ် ခေါ် ဝေလငါး၏ အူအတွင်းမှ ရရှိသော ပစ္စည်းတစ်မျိုးမှ ပေါင်းခံယူကြသည်။ ထိုပစ္စည်း၌ သွေးပြန်ကြောများ ပါရှိခြင်းကြောင့် အရောင်မှာ ညစ်ပုတ်ပုတ်ဖြစ်သည်။ ပင်လယ်တွင် ငါးကြီးအန်ဖတ်များကို အစုလိုက်အပြုံလိုက် မျောနေသည်ကို တွေ့ရတတ်၏။ အတ္တလန္တိတ်သမုဒ္ဒရာတွင် ပေါင် ၂၀၀ကျော်မျှ အလေးချိန်စီးသော ငါးကြီးအန်ဖတ်များကို တွေ့ရသည်။ တစ်ခါတစ်ရံ ငါးကြီးအန်ဖတ်ကို ဗရာဇီးနိုင်ငံ၊ မက်ဒါဂက်စကာကျွန်း၊ အာဖရိကတိုက်နှင့် အရှေ့တိုင်းနိုင်ငံတို့၏ ကမ်းခြေများတွင် တွေ့ရလေသည်။ အစိမ်းလိုက်တွေ့ရသော ငါးကြီးအန်ဖတ်များတွင် မနှစ်မြို့ဖွယ်ကောင်းသော အနံ့ရှိ၏။ ငါးကြီးအန်ဖတ်ကို အယ်လကိုဟောနှင့် အငွေ့ပျံဆီများတွင်ဖျော်၍ အမွှေးအကြိုင်များတွင် အနည်းငယ်ထည့်ပြီး အသုံးပြုကြသည်။ အချို့နိုင်ငံများတွင် အစားအစာကို မွှေးကြိုင်အောင် ငါးကြီးအန်ဖတ် အနည်းအကျဉ်းထည့်၍ သုံးဆောင်တတ်ကြသည်။ ငါးကြီးအန်ဖတ်သည် အလွန်အဖိုးတန်၏။
မှတ်ချက်။ မြန်မာ့စွယ်စုံကျမ်းအတွဲ ၃ မှ ကောက်နုတ်ဖော်ပြသည်။