လူ့ဘဝ၏ အောင်မြင်တိုးတက်ခြင်း သို့သွားရာ လှေခါး (၃၀)


၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။...
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။
၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။ သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့်လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်။
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်ရ်ျပြောပါ။
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။
၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
၂၁။မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည်
ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။
၂၂။ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို
ပြန်လည်သုံးသပ်ခြင်းသည်နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲရ်ျ သင့်အကျင့်စာရိတ္တကိုထိခိုက်စေမည့်အကြောင်းမရှိနိင်။
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။
၂၆။ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအားမိတ်ဆွေအဖြစ်မပြုသင့်။
၂၇။အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။
၂၈။သြဇာအားဏာရှိသူသော်ငြားလည်း ယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။
၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။

ထာဝရအလင်းတန်းများ

Facebook မှာဆုံတွေ့ခဲ့ရတဲ့ သားအရွယ်ယောင်္ကျားလေးနဲ့ လက်ထပ်ခဲ့သူ အမျိုးသမီး အချစ်ကြောင့် နွားချေးကျုံးတဲ့ဘ၀ရောက်သော်လည်း သက်ဆုံးတိုင်ချစ်သွားမည်ဟုဆို





အမေရိကန် နိုင်ငံ ကအမျိုး သမီး တစ်ဦး ဟာ အချစ်စစ် ကိုယုံကြည် ခဲ့လို့ အရာ အားလုံး ကို စွန့်လွှတ် ခဲ့ တယ် လို့ ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ရေးသား ထားပါ တယ်။ ကယ်လီ ဖိုးနီးယား ပြည်နယ်မှာ နေ ထိုင် တဲ့ အသက် (၄၁) နှစ် အရွယ်ရှိ အက် ဒရီယာ နာ ဟာ အသက်ကြီး မှ အချစ် စစ်၊ အချစ်မှန် ကိုရှာဖွေ တွေ့ရှိပြီးတဲ့နောက်သူ့ရဲ့ချစ်သူအသက် (၂၅) နှစ်သာရှိသေးတဲ့အိနိ္ဒယနိုင်ငံသားကူးမားကိုလက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
အက်ဒရီယာနာဟာကူးမားကိုFacebookကနေ တွေ့ဆုံခဲ့တာဖြစ်ပြီးချစ်သူတွေအဖြစ်
ရောက်ရှိသွားခဲ့ပါတယ်။ဒီနောက်သူတို့နှစ်ဦးဟာလက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။
အက်ဒရီယာနာဟာကလေးအမေတစ်ဦးဖြစ်ပြီးသူ့မှာအသက် (၂၄) နှစ်အရွယ်သမီးတစ်ဦးလည်းရှိပါတယ်။ဆိုရရင်အက်ဒရီယာနာဟာ
သူ့သားသမီးအရွယ်လောက်ကိုလက်ထပ်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါပေမဲ့အက်ဒရီယာနာဟာကူးမားကိုအရမ်းချစ်ခဲ့တာမို့အိနိ္ဒယနိုင်ငံကို ပြောင်းရွှေ့ နေထိုင်ဖို့
ဆုံးဖြတ်ခဲ့ပါတယ်။ကူးမားနေထိုင်တဲ့နေရာဟာရွာလေးတစ်ရွာသာဖြစ်ပြီးမြို့ကိုရောက်ဖို့အနည်းဆုံးမိနစ် (၃၀) လောက်ကားမောင်းသွားရမှာ ဖြစ်ပါတယ်။အိနိ္ဒယနိုင်ငံမှာအမျိုးသမီးတွေရဲ့
ဘ၀ဟာလုံခြုံမှုမရှိလို့အက်ဒရီယာနာကိုကူးမားဆီမသွား ရောက်ဖို့မိဘဆွေမျိုးတွေက
ဟန့်တားခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်းမရှိပါဘူး။အက်ဒရီယာနာဟာအမေရိကန်မှာ
နေထိုင်စဉ်က ခေတ်ဆန်တဲ့အမျိုးသမီးဖြစ်ခဲ့ပေမယ့်အိနိ္ဒယကို ရောက်တဲ့အခါ
အရာရာပြောင်းလဲသွားခဲ့ပါတယ်။

ကူးမားရဲ့မိသားစုနဲ့အတူ နေထိုင်ရတာမို့အိမ်အလုပ်တွေကိုလည်းဝိုင်းကူလုပ် ပေးရပါတယ်။
ကူးမားဟာလယ်ယာလုပ်ငန်းလုပ်သူဖြစ်ပြီး
အက်ဒရီယာနာအနေနဲ့နွား ချေးတွေတောင်ကြုံးရတဲ့အထိလုပ်ကိုင်ခဲ့ရပါတယ်။
နောက်ပြီးကူးမားဟာဟိန္ဒူဘာသာကိုကိုးကွယ်သူဖြစ်တာမို့အက်ဒရီယာနာ
အနေနဲ့ပတ်ဝန်းကျင်မှာအဆင်ပြေဖို့အိနိ္ဒယရိုးရာအ၀တ်အစားတွေကိုလည်း
ဝတ်ဆင်ခဲ့ရပါတယ်။အက်ဒရီယာနာဟာမတူညီတဲ့ဘ၀ကို ရောက်သွားပေမယ့်
သူ့အနေနဲ့အမေရိကန်ကိုဘယ်တော့မှ ပြန်တော့မှာမဟုတ်ဘဲကူးမားနဲ့တည်ထောင်ထားတဲ့
အိမ်ထောင် ရေးကိုသက်ဆုံးတိုင်တည်တံ့ဖို့ကြိုးစားသွားမှာဖြစ်ပြီးကလေးရဖို့လည်းစီစဉ်နေ
တယ်လို့ဖွင့်ဟခဲ့ပါတယ်။အချစ်ဟာအရာရာကို ပြောင်းလဲစေတယ်ဆိုတာဒီဖြစ်ရပ်က
သက်သေပြသွားခဲ့ပါတယ်။

Myawady News

ဆေးကုပေးဖို့ ငြင်းတဲ့ဆရာဝန်ကို ဓားနဲ့ အချက်ပေါင်းများစွာထိုးသတ်




တရုတ် နိုင်ငံ၊ Zhejiang ဒေသ မှာရှိ တဲ့နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံ တွေမှာ ဆေးကုသ ပေးဖို့ ငြင်း ဆိုခဲ့တဲ့ ဆရာဝန် ကိုဓားနဲ့ ထိုးသတ်ခဲ့ သူကို သေဒဏ် ချမှတ်လိုက် ကြောင်း သိရပါ တယ်။အသက် (၃၃) နှစ်အရွယ်ရှိလီအန်ဟာ၂၀၁၂ခုနှစ်မတ်လမှာအသက်ရှုပိုင်းဆိုင်ရာ ဝေဒနာကြောင့်နှာခေါင်းကို
ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်လီအန်ဟာသူ့ရဲ့နှာခေါင်းနဲ့ပတ်သက်ပြီးစိတ် ဝေဒနာတစ်ခုကို
ခံစားနေရပြီးသက်သာ ပျောက်ကင်းခြင်းမရှိဘူးလို့ယူဆထားပါတယ်။ဒါကြောင့်လီအန်ဟာ ဆေးရုံကိုသွားပြီး
ဆေးကုသမှုခံယူဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမယ့်ဆရာဝန်တွေကလီအန်အနေနဲ့ ဆေးကုသမှုခံယူဖို့
မလိုအပ်ကြောင်းပြောဆိုခဲ့ပါတယ်။ဒါကိုလီအန်ကလက်မခံဘဲသူ့ကို ဆေးကုသမှုပေးဖို့ငြင်းဆိုခဲ့တဲ့
ဆရာဝန်ကိုအခန်းတွင်းဝင်ရောက်ပြီးဓားနဲ့ထိုးသတ်ခဲ့ ခြင်းဖြစ်ပါတယ်။

အသတ်ခံရတဲ့ဆရာဝန်ဟာလီအန်ရဲ့နှာခေါင်းကိုခွဲစိတ်ကုသမှုပြုလုပ်ပေးတဲ့သူမဟုတ်ပါဘူး။
လီအန်ဟာအသက်(၄၆) နှစ်အရွယ်ရှိဆရာဝန်ဝမ်ကိုဓားနဲ့အချက်ပေါင်းများစွာထိုးခဲ့တဲ့အပြင်ဦးခေါင်းကို
လည်းတူနဲ့ထုရိုက်မှုပြုလုပ်ခဲ့ပါတယ်။လီအန်ကိုဝင်ရောက်ဆွဲခဲ့တဲ့ဆရာဝန်နှစ်ဦးလည်းဒဏ်ရာတွေအသီးသီး
ရခဲ့ပါတယ်။

လီအန်ရဲ့အစ်မဖြစ်သူကသူ့ရဲ့မောင်ဟာနှာ ခေါင်းဝေဒနာကြောင့်စိတ်ရောဂါစွဲကပ်နေ ကြောင်း
စိတ်ရောဂါကုဆေးရုံမှာလည်း ဆေးကုသမှုခံယူခဲ့ဖူးကြောင်း ပြောပြထားခဲ့ပါတယ်။ဒါပေမဲ့လီအန်ကို
စစ်ဆေးတဲ့အခါစိတ် ဝေဒနာမရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။ဒါ ကြောင့်လီအန်ဟာ
သေဒဏ်ချမှတ်ခံလိုက်ရခြင်းဖြစ်ပါတယ်။အခြားဓားနဲ့ထိုးခံရတဲ့ဆရာဝန်နှစ်ဦးရဲ့
ကျန်းမာရေးအခြေအနေကစိုးရိမ်စရာမရှိဘူးလို့သိရပါတယ်။ဒီဖြစ်ရပ်ပေါ် ပေါက်လာပြီးတဲ့နောက်မှာ
ဆေးရုံတွေမှာဆရာဝန်တွေရဲ့လုံခြုံရေးကိုတင်းကျပ်စွာ ဆောင်ရွက်ပေးဖို့ တောင်းဆိုမှုတွေရှိလာတယ်
လို့သိရပါတယ်။

Myawady News

အမေတစ်ယောက်အပေါ်မှာထားတဲ့ ခံစားချက်




Bus ကားပေါ်က ဆင်းပြီးတဲ့အချိန်မှာ သူ့ရဲ့ပိုက်ဆံအိတ် အခိုးခံလိုက်ရပြီဆိုတာ သူသိလိုက်တယ် ..

အိတ်ထဲမှာ အရေးကြီးတာတွေတော့မပါပါဘူး … ပိုက်ဆံတစ်သောင်းခွဲလောက်ရယ် … သူ့အမေဆီ ပို့ဖို့စာတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ်ရယ်ပဲပါတယ် …

စာထဲမှာတော့ “ကျွန်တော်အလုပ်ဖြုတ်ခံလိုက်ရပြီ … ဒါကြောင့်ဒီတစ်လ အမေ့ဆီပိုက်ဆံပို့နိုင်မှာမဟုတ်ဘူး” ဆိုတာပဲရေးထားတာပါ …

သူ့အိတ်ထဲမှာ အဲ့ဒီစာ ရှိနေတာ တစ်ပတ်လောက်ရှိပြီ … သူ့အမေစိတ်မကောင်းဖြစ်မှာသိလို့ မပို့ဖြစ်ဘဲ သောင်တင်နေတာပါ …

တစ်သောင်းခွဲဆိုတာတော့ များပြားလှတဲ့ငွေပမာဏမဟုတ်ပေမယ့် ဒီလိုအလုပ်မရှိတဲ့အချိန်မှာ မိသားစုကို ပြန်ကြည့်နေရတဲ့ သူ့အဖို့တော့ တစ်သောင်းခွဲဟာ တစ်သိန်းခွဲလိုပါပဲ …

ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ သူ့အမေဆီက စာတစ်စောင်ရောက်လာခဲ့တယ် ..

သူပိုက်ဆံမပို့လို့ သူ့အမေများငွေလိုနေပြီလားဆိုပြီး စိုးရိမ်သွားခဲ့ပေမယ့် စာကိုဖတ်လိုက်ရတဲ့အချိန်မှာတော့ သူထိတ်လန့်သွားခဲ့တယ် ..

စာထဲမှာ “ကျေးဇူးပါပဲသားရယ် .. သားပို့လိုက်တဲ့ ငွေငါးသောင်းအမေရတယ်” လို့ရေးထားတာပါ။

သူ့အမေဆီဘယ်သူပိုက်ဆံပို့လိုက်လဲဆိုတာ သူစဉ်းစားမရဖြစ်နေခဲ့တယ် ..

ရက်အချို့ကုန်လွန်သွားပြီးတဲ့အခါ သူ့အမေဆီက နောက်ထပ်စာတစ်စောင်ရောက်လာတယ် ..

“သားရေ … အရမ်းသေးလွန်းတဲ့လက်ရေးနဲ့စာတစ်စောင် အမေ့ဆီရောက်လာတယ်၊ ဒါပေမယ့် အမေ့မျက်မှန်ကကျိုးနေတော့ မဖတ်နိုင်တာနဲ့ သားဆီကိုပြန်ပို့လိုက်တယ်”

သူဟာ စာကိုဖွင့်လိုက်တယ်၊ စာထဲမှာရေးထားတာက …

“ငါမင်းပိုက်ဆံ တစ်သောင်းခွဲကို သုံးသောင်းခွဲထပ်ပေါင်းပြီး မင်းအမေဆီကို ပိုက်ဆံငါးသောင်းပို့ပေးလိုက်တယ် … တကယ်တော့ အမေအားလုံးဟာ အမေပါပဲ … သူမ ဆာလောင်မွတ်သိပ်နေစရာအကြောင်းမရှိဘူးလို့ငါထင်တယ် … ငါ့အမေသာရှိနေသေးရင် ငါလည်း ငါ့အမေကို ဒီလိုဖြစ်စေချင်မှာ မဟုတ်ဘူး ... ဘာပဲဖြစ်ဖြစ် မင်းတတ်နိုင်သမျှ အလုပ်မြန်မြန် ရအောင်ရှာပြီး မင်းအမေကိုစောင့်ရှောက်ပါ …
(မင်းပိုက်ဆံအိတ်ကို ခိုးသွားတဲ့သူ)”

+++++++++++++++++++++++++++++++++++++++

ကောင်းတဲ့အလုပ်နဲ့ အသက်မွေးတဲ့လူဖြစ်ဖြစ်၊ မကောင်းတဲ့အလုပ်နဲ့ အသက်မွေးတဲ့လူဖြစ်ဖြစ် အမေတစ်ယောက်အပေါ်မှာထားတဲ့ ခံစားချက်ကတော့ လူသားတိုင်း အမြဲ အတူတူပါပဲ …

( Admin >> TT )

By Heart Canteen

ရခိုင်အရေး သတင်းထုတ်ပြန်ရန် နယ်စပ်ရေးရာဝန်ကြီးဌာန ဦးဆောင်အဖွဲ့ ဖွဲ့မည်



ရန်ကုန်၊ ဇန်နဝါရီ ၂၉

သတင်းမှားများ လျင်မြန်ပျံ့နှံ့မှုကို ဖြေရှင်းရန် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပဋိပက္ခ ကိစ္စများကို သတင်းထုတ်ပြန်ရန် နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ကို အမြန်ဆုံး ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပဋိပက္ခ သတင်းများကို ထုတ်ပြန်မှုကြောင့် အခြားနေရာများတွင်ပါ ပဋိပက္ခထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် သတင်းထုတ်ပြန်မှုကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ပြီး အချို့ဖြစ်စဉ် များတွင် ဖြစ်စဉ် ရာနှုန်းပြည့် မသိရသေးသဖြင့် သတင်းမထုတ်ပြန် ခဲ့သော်လည်း အတည်မပြုနိုင်သည့် သတင်းများအပေါ် အခြေခံကာ သတင်းမှား ထုတ်ပြန်မှုများ ရှိလာကြောင်း ၎င်းကဆိုသည်။
“နောက်ပိုင်းဆိုရင် ကျွန်တော်တို့က သတင်းရရင် ဘယ်ဟာကတော့ အတည်ပြုနိုင်ပြီ။ ဘယ်ဟာကတော့ အတည်မပြုနိုင်သေးဘူး ဆိုပြီး ထုတ်ပြန်မယ်။ ပိုပြီးတော့ မြန်ဆန် သွားတာပေါ့” ဟု ဦးရဲထွဋ်က ပြောဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က လုံခြုံရေးကင်းတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးမှု ဖြစ်စဉ်အစား ယင်းနေရာတွင် ဘင်္ဂါလီ ၄၀ ဦးခန့် သတ်ဖြတ်ခံရသည့် သတင်းများ နိုင်ငံတကာ မျက်နှာစာတွင် ပျံ့နှံ့ခဲ့ပြီးနောက် ၎င်းက ယင်းသို့ ပြောကြားခြင်းသည်။

ဒုချီးရားတန်း ကျေးရွာတွင် ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သော မီးရှို့မှုနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၈ ရက်နေ့နှင့် ၂၉ရက်နေ့ နံနက်ပိုင်းတို့တွင် ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်မှု နှစ်ကြိမ် ပြုလုပ်ခဲ့သည်။

The Voice Weekly

ရခိုင် ရေနံပိုက်လိုင်း လုပ်ငန်းခွင် တရုတ်နှင့်မြန်မာ ၀န်ထမ်း ပဋိပက္ခ လူ ၂၀ ကျော် ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် မဒေးကျွန်းမှ စတင်ပြီး တရုတ်နိုင်ငံသို့ သွယ်တန်းသည့် ရေနံပိုက်လိုင်း အမ်းမြို့ကို ဖြတ်သွားသော မြေပုံ (ဓာတ်ပုံ – ရွှေဂက်စ်)

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံပိုက်လိုင်းတွင် အလုပ်လုပ်ကိုင် နေကြသော တရုတ် နိုင်ငံသားများနှင့် မြန်မာများ အကြား ပဋိက္ခ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မြန်မာ ၂၀ ကျော်ကို ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် အမ်းတောင်အုပ်စု ရေနံပိုက်လိုင်း ကြားခံစခန်းတွင် တာဝန် ထမ်းဆောင်နေကြသည့် တရုတ်နှင့်မြန်မာ ၀န်ထမ်းများသည် ဇန်န၀ါရီ ၂၆ ရက်က အချင်းများရာမှတဆင့် အဆောက်အအုံ တချို့ကို ဖျက်ဆီးမှု၊ မီးရှို့မှုများ ဖြစ်ပွားခဲ့ကြောင်း အမ်းမြို့နယ် ရဲ စခန်းက ပြောပြသည်။

“လူ ၂၀ ကျော်ကို ခဏ ထိန်းသိမ်း စစ်ဆေး နေပါတယ်၊ အသေးစိတ်တော့ ပြောလို့ မရသေးပါဘူး”ဟု အမ်း ရဲစခန်း တာဝန်ရှိသူ တဦးက ပြောသည်။

မြန်မာနှင့် တရုတ် ၀န်ထမ်းများသည် အိမ်တအိမ်တည်း၌ အတူ နေထိုင်ကြကြောင်း၊ အပေါ်ထပ်တွင် နေထိုင်သည့် တရုတ် ၀န် ထမ်း တချို့က အပေါ်ထပ်မှ ရေသွန်ချရာ အောက်ထပ်တွင် နေထိုင်သည့် မြန်မာ အလုပ်သမား နှစ်ဦး ရေစိုသွားခြင်းကို မကျေနပ်သည့် အတွက် မြန်မာ အလုပ်သမားများက နေအိမ်အား ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ဆီဂိုဒေါင်တခု မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ယမန်နေ့က အစိုးရ သတင်းစာများ၌လည်း ရေးသားထားသည်။

အိမ်အပေါ်ထပ်တွင် နေထိုင်သည့် တရုတ် ၀န်ထမ်းများသည် အောက်ထပ်သို့ မကြာခဏ ရေသွန်ချခြင်း၊ အမှိုက်များ ပစ်ချခြင်း၊ အော့အန်ထားသည့် အညစ်အကြေးများကို ပစ်ချခြင်း စသည်တို့ကို မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု သိရှိရကြောင်း အမ်း ဒေသ ခံ ဒေါ်သွယ်သွယ်စိုးက ဧရာဝတီကို ပြောပြသည်။

“အိမ်အောက်ထပ်မှာ နေထိုင်တဲ့ သူတွေဟာ မကွေးတိုင်းထဲက တောင်ပေါ်နေ ချင်းတိုင်းရင်းသား လူမျိုးတွေပါ၊ ဒီလူတွေဟာ အင် မတန် ရိုးသားတဲ့ သူတွေပါ၊ အပေါ်ထပ်က ရေသွန်ချတာ၊ အန်ချတာတွေ မကြာခဏ လုပ်ပေမယ့် အလုပ်အကိုင် ရှားပါးတာ၊ ဆင်း ရဲ တာတွေကြောင့် ပြန်မပြောရဲဘဲ သည်းခံနေကြတဲ့ သဘောပါ၊ အခုမှ သည်းမခံနိုင်တော့တဲ့ အတွက် အခုလို ပေါက်ကွဲပြီး မီးရှို့တဲ့ အထိ ဖြစ်သွားရတယ်”ဟု ၎င်းက ဆိုသည်။

နှစ်ဘက် အကြား စကားများကြ ပြီးနောက် ဇန်န၀ါရီလ ၂၇ ရက်တွင် လောင်စာဆီ သိုလှောင်ထားသည့် ဆီဂိုဒေါင် တလုံးနှင့် ယာ ယီ ငါးခန်းတွဲ နှစ်ထပ် အဆောက်အအုံ တလုံးကိုပါ မီးရှို့လိုက်ကြောင်း၊ မီးရှို့သူများသည် ထွက်ပြေး လွတ်မြောက်နေသည့်အတွက် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ အာဏာပိုင်များက ဆောင်ရွက်နေကြောင်း အစိုးရ သတင်းစာများက ဖော်ပြသည်။

ပဋိပက္ခများနှင့် ပတ်သက်၍ အမ်းမြို့နယ် ရဲစခန်း၌ ဖမ်းဆီး စစ်ဆေးနေကြောင်း၊ နှစ်ဘက် အကြား ဖြစ်ပွားသည့် ပြဿနာတွင် မြန်မာ ၀န်ထမ်းများကိုသာ တဖက်သတ် ဖမ်းဆီး စစ်ဆေးနေခြင်းသည် မျှတမှု မရှိကြောင်း ဒေါ်သွယ်သွယ်စိုးက ပြောဆိုသည်။

“ပြဿနာ ဖြစ်အောင် အရင်စတဲ့ တရုတ် လူမျိုးတွေကို တယောက်မှ မဖမ်းဘဲ ကိုယ့်နိုင်ငံသားတွေကိုပဲ ဖမ်းတာဟာ တရားမမျှတဲ့ လုပ်ရပ်လို့ ပြောချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

အမ်းမြို့နယ် ရဲစခန်း တာဝန်ရှိသူ တဦးက ပြောဆိုရာတွင် ခေါ်ယူ စစ်ဆေး နေသူများ၌ တရုတ် လူမျိုး တဦးလည်း ပါဝင်ကြောင်း ဧရာဝတီကို ပြောသည်။

ယခု ဖြစ်ပွားသည့် နေရာသည် အမ်းမြို့မှ ၂၂ မိုင်ခန့် ဝေးကွာပြီး ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်ဒေသ ဖြစ်ပြီး ရန်ကုန်-စစ်တွေ လမ်းပေါ်တွင် ရှိသည့် ဆီသန့်ထုတ် ကြားခံစခန်းတခု ဖြစ်သည်။

ထိုစခန်း၌ တရုတ် ၀န်ထမ်း ၈၀ ခန့်နှင့် မြန်မာနိုင်ငံသား အလုပ်သမား ၁၅၀ ၀န်းကျင် လုပ်ကိုင်လျက်ရှိပြီး မြန်မာဝန်ထမ်း အများစု မှာ တောင်ပေါ် ချင်း တိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူ ဒေသ၌ လုပ်ဆောင်နေသည့် ရေနံပိုက်လိုင်း၊ ဂက်စ်ပိုက်လိုင်းများတွင် တာဝန် ထမ်းဆောင်နေကြသည့် တရုတ် လူမျိုးများသည် မြန်မာနိုင်ငံသား အလုပ်သမားများနှင့် ဆက်ဆံရာတွင် ယဉ်ကျေးမှု နည်းပါးပြီး ရိုင်းပြသည့် အပြုအမူ ပြောဆိုမှုများကြောင့် လုပ်ငန်းခွင် အတွင်း ပဋိပက္ခ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း ဒေသခံများက ပြောသည်။

ရေနံပိုက်လိုင်းသည် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းမှ တရုတ်နိုင်ငံ ယူနန် ပြည်နယ်သို့ သွယ်တန်းထားပြီး မကွေးတိုင်း၊ မန္တလေး တိုင်း နှင့် ရှမ်းပြည်နယ် တို့ကို ဖြတ်သန်း ဖောက်လုပ် ထားခြင်း ဖြစ်သည်။

ဧရာဝတီ

မဲရုံမသွားကြရန် ထိုင်းဆန္ဒပြခေါင်းဆောင် တိုက်တွန်း


ဖေဖော်ဝါရီ ၂ ရက် ထိုင်းရွေးကောက်ပွဲမှာ မဲစာရွက်တွေကို ဖျက်ဆီးတာနဲ့ မဲပေးမှု လုပ်ငန်းစဉ်တွေကို နှောင့်ယှက်တာတွေလုပ်မယ့်အစား မဲရုံကို မသွားကြဖို့ ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဆူသက် သောင်းဆုဘန်က သူ့ကို ထောက်ခံသူတွေကို ပြောပါတယ်။

မဲမပေးတာတွေနဲ့ ကန့်ကွက်မဲပေးတာတွေအတွက် စဉ်းစားတွန့်ဆုတ်နေဖို့ မလိုဘူး။ ကျနော်တို့ အားလုံးက မဲရုံကို မသွားဘူးဆိုတာ သေချာအောင် လုပ်ကြစို့လို့ ဇန်န၀ါရီ ၂၉ ရက်နေ့က ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက မဲဆန္ဒနယ်အတော်များများကတော့ ကိုယ်စားလှယ်တင်သွင်းမှု မရှိတာကြောင့် ရွေးကောက်ပွဲ လုပ်နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဆန္ဒပြခေါင်းဆောင်ဟာ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ကို ရာထူးက ဖယ်ရှားရေး အစိတ်အပိုင်းအနေနဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်မယ်လို့ ဆန္ဒပြသူတွေက ကတိပြုထားတာကြောင့် ထိုင်းအစိုးရက ဖေဖော်ဝါရီ ၂ ရက် ရွေးကောက်ပွဲအတွက် မြို့တော်ဘန်ကောက်မှာ ရဲဝန်ထမ်း ၁ သောင်း တာဝန်ချထားမှာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတည်းက ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံရေး ဆန္ဒပြမှုတွေကြောင့် ဒီရွေးကောက်ပွဲဟာ အကြမ်းဖက်မှုတွေ ပိုဖြစ်စေနိုင်ပြီး တိုင်းပြည်တွင်း နိုင်ငံရေး ကွဲလွဲမှုတွေ ဆိုးဆိုးရွားရွား တိုးလာနိုင်တယ်လို့ ပညာရှင်တွေနဲ့ အကဲခတ်တွေက သတိပေးထားပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်ရေး ရွေးကောက်ပွဲကော်မရှင်က အဆိုပြုပြီး အခြေခံဥပဒေခုံရုံးက ခွင့်ပြုပေမယ့် ထိုင်းအစိုးရကတော့ နဂို သတ်မှတ်ရက်အတိုင်း ကျင်းပဖို့ ဇန်န၀ါရီ ၂၈ ရက်က ဆုံးဖြတ်ခဲ့ပါတယ်။

အခု ဖြစ်နေတဲ့ ထိုင်းနိုင်ငံရေးအကျပ်အတည်းဟာ ဘန်ကောက်ဝန်းကျင်က လူလတ်တန်းစားတွေ၊ ဘုရင်စနစ်ကို သစ္စာခံသူ ဒီမိုကရက်တွေ၊ လက်ရှိ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် မောင်နှမတွေကို ထောက်ခံတဲ့ ကျေးလက်နေ ဆင်းရဲသား လူတန်းစားကြား ဖြစ်ပွားနေတဲ့ နိုင်ငံရေးလွန်ဆွဲပွဲ နောက်ဆုံးကဏ္ဍလည်း ဖြစ်ပါတယ်။

DVB Burmese

မြန်မာ့ပင်လယ်ပြင် ငါးသယံဇာတ နည်းပါးလာဟု ဒု-၀န်ကြီးပြော


မြန်မာ့ပင်လယ်ပြင်မှာ ငါးသယံဇာတတွေ နည်းပါးလာပေမယ့် ကမ်းဝေး ငါးဖမ်းလုပ်ငန်း ကိုတော့ ပိတ်ပင်ဖို့ မရှိသေးဘူးလို့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာအောင်မြတ်ဦးက ပြောပါတယ်။

ဇန်န၀ါရီ ၂၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ရခိုင်ပြည်နယ်အမှတ် ၆ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ် မေးတာကို သူက ခုလို ဖြေကြားလိုက်တာပါ။

ငါးဖမ်းလုပ်ငန်း အသိုင်းအ၀ိုင်းက ကောက်ယူထားတဲ့ စစ်တမ်းတွေအရ အရင်က ငါးဖမ်း ရေယာဉ် ၁ စင်း ကုန်ချိန်အပြည့်ရဖို့ ၁၅ ရက် ရက် ၂၀ အချိန်ယူခဲ့ရပေမယ့် အခု နောက်ပိုင်း ၄၅ ရက်ကနေ ရက်ပေါင်း ၆၀ လောက် အချိန်ယူရကြောင်း၊ ငါးသယံဇာတ ရှားပါးလာတာ အမှန်ဖြစ်ကြောင်း ပြည်ထောင်စုဒုဝန်ကြီးက ၀န်ခံပြောဆိုပါတယ်။

ဒါပေမယ့် ကမ်းဝေး ငါးဖမ်းလုပ်ငန်းကို ပိတ်ပင်လိုက်ရင် ရေငန် ငါးဖမ်းဆီးမှုနဲ့ ပြည်ပ တင်ပို့မှုကို ထိခိုက်သွားစေမှာ ဖြစ်ကြောင်း၊ ငါးဖမ်းလုပ်ငန်း၊ အအေးခန်းလုပ်ငန်းတွေနဲ့ ဆက်စပ် လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမား စုစုပေါင်း ၆ သောင်းနီးပါး အလုပ်လက်မဲ့ ဖြစ်သွားမယ့်အပြင် ပြည်တွင်းငါး စားသုံးမှုအပေါ်ကိုလည်း အကျိုးသက်ရောက်စေမှာ ဖြစ်လို့ ပိတ်ပင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြည်ထောင်စုဒုဝန်ကြီးက ရှင်းလင်းခဲ့ပါတယ်။

DVB Burmese

လျှပ်စစ်ဝန်ကြီးဌာန အေဒီဘီရဲ့ ချေးငွေ ဒေါ်လာသန်း ၆၀ လက်ခံ


ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၇ ရက်နေ့က နေပြည်တော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရုံးမှာ လျှပ်စစ် ဓာတ်အားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)က မြန်မာအစိုးရ ကို ချေးငွေ ဒေါ်လာသန်း ၆၀ ပေးအပ်တဲ့ လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့တယ်လို့ နေပြည်တော် လျှပ်စစ်ဝန်ကြီးဌာနရုံး တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

လျှပ်စစ်ဝန်ကြီးဌာနဟာ ဒီချေးငွေကို အသုံးပြုပြီး ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေး တိုင်းတွေမှာ ထရန်စဖော်မာအသစ် တပ်ဆင်ဖို့၊ ဟောင်းနွမ်းနေတဲ့ ဓာတ်ကြိုးတွေကို အသစ် လဲလှယ်ဖို့နဲ့ ဒီဂျစ်တယ်မီတာတွေ အစားထိုးရာမှာ သုံးစွဲမယ်လို့ သိရပါတယ်။

ဒီလို ဆောင်ရွက်ခြင်းအားဖြင့် ပျောက်ဆုံးနေတဲ့ ဓာတ်အား တချို့ ထွက်လာမှာ ဖြစ်ပြီး အခြား လျှပ်စစ်ဓာတ်အား လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးရဲ့ လွှတ်တော်တွင်း အစီရင်ခံမှုမှာ ပြောဆိုထားပါတယ်။

DVB Burmese

မြန်မာစစ်စခန်း ၄ ခု နယ်စပ်တွင် တည်ဆောက်မူ ဘင်္ဂလာဒေခ်ျ့က ကန့်ကွက်


(နိရဉ္စရာ- ၃၀ ဇန်န၀ါရီလ ၂၀၁၄)

မြန်မာ စစ်စခန်း ၄ ခုအား ဘင်္ဂလာဒေခ်ျ့ နယ်စပ် အနီး တည်ဆောက်မူကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ကန့်ကွက်ကြောင်း ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။

ယခုကဲ့သို့ ကန့်ကွက်ခြင်းမှာ ယခု တည်ဆောက်ထားသော မြန်မာစစ်စခန်း (၄) ခုသည် နိုင်ငံတကာ နယ်စပ် စည်းမျဉ်းများကို ချိုးဖေါက်ရာ ရောက်၍ ဖြစ်ကြောင်း ဘင်္ဂလာ အာဏာပိုင်များ၏ ပြောကြားချက်ကကိုးကားပြီး သတင်းစာများတွင် ဖေါ်ပြသည်။

ယခု မြန်မာဘက်က တည်ဆောက်ထားသော စစ်စခန်း (၄) ခုမှာ မြန်မာဘက်မှ ဆလူတောင် ( Saludong) အရပ်တွင် ဖြစ်ပြီး နယ်စပ် စီရိုမျဉ်းမှ ကိုက် ၃၀၀ အကွာတွင် ရှိကြောင်း၊ ဘင်္ဂလာဒေခ်ျ့ဘက်က ဆိုလျှင် နယ်စပ် ကျောက်တိုင် အမှတ် ၄၅ အနီးတွင် ဖြစ်ကြောင်း၊ ၄င်းစစ်စခန်းများကို ယခုလ ဇန်န၀ါရီ ၁၁ ရက်နေ့က တည်ဆောက်ခဲ့ကြောင်း၊ စစ်စခန်းတစ်ခုစီတွင် စစ်သား ၂၄ ဦးက တာဝန် ထမ်းဆောင်နေကြောင်း သတင်းတွင် ဖေါ်ပြသည်။

ယခုကဲ့သို့ နယ်စပ်တွင် မြန်မာဘက်မှ စစ်စခန်းတည်ဆောက်နေခြင်းကို ဘင်္ဂလာနယ်ခြားစောင့်တပ် ဘီဂျီဘီ ရှေ့တန်း ဗျူဟာမှ ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီးဌာသို့ ယခုလ ၂၁ ရက်နေ့က စာရေးအကြောင်းကြားခဲ့သည်ဟု ဆိုသည်။

ဘီဂျီဘီ တာဝန်ရှိသူများမှ မြန်မာ အနေဖြင့် ထိုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ နယ်စပ်နှင့် နီးကပ်စွာ စစ်စခန်း တည်ဆောက်ရန် အခွင့်အရေး မရှိကြောင်း၊ နတ်ကျော်ဆရီ အခြေစိုက် အမှတ် ၃၁ ဘီဂျီဘီ တပ်ရင်း တပ်ရင်းမှူး Lt Col Md Shafiqur Rahman မိမိတို့ ပြင်းထန်စွာကန့်ကွက်ကြောင်း၊ ထိုသို့ ကန့်ကွက်သည်ကို မြန်မာ အာဏာပိုင်များသို့ စာဖြင့် ပို့ပေးခဲ့ကြောင်း၊ စာထဲတွင် ယခု စစ်စခန်း တည်ဆောက်မူသည် နိုင်ငံတကာ သဘောတူညီချက်များနှင့် ၁၉၈၀ ခုနှစ်က ဘင်္ဂလာ- မြန်မာ နှစ်နိုင်ငံ နယ်စပ် သဘောတူညီမူကို ချိုးဖေါက်ခြင်း ဖြစ်ကြောင်း ဖေါ်ပြထားသည်ဟု ဆိုသည်။

မြန်မာဘက်မှ  ယင်းနေရာတွင် လမ်းဖေါက်နေသဖြင့် ယာယီ စစ်စခန်းများ တည်ဆောက်ခြင်းသာ ဖြစ်ကြောင်း ပြောကြားသော်လည်း မိမိတို့မှ အနီးကပ် စောင့်ကြည့်နေကြောင်း၊ သူတို့၏ အကြောင်းပြချက် ဟုတ်မဟုတ်ကို ထောက်လှမ်းရေးဌာနများမှ အသေးစိတ် လေ့လာနေကြောင်း ပြောဆိုသည်။

ယခု စစ်စခန်း တည်ဆောက်မူသည် နှစ်နိုင်ငံ နယ်စပ် တလျှောက်တွင် နေထိုင်သော ဒေသခံ ပြည်သူများကို ခြိမ်းခြောက်ရာလည်း ရောက်နေကြောင်း ပြောဆိုသည်။

ယခု သတင်းစာပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး မြန်မာ အာဏာပိုင်များ၏ တုန့်ပြန်မူနှင့် သဘောထားကို ယခုအချိန်ထိ သိရှိရခြင်း မရှိသေးပါ။

Narinjara

ဦးမိုးဟိန်း သူရိယနေ၀န်းကနေ ထွက်သွားပြီလား


သူရိယနေ၀န်းဂျာနယ်ရဲ့ CEO ဖြစ်တဲ့ ဦးမိုးဟိန်းဟာ ဂျာနယ်ကနေ နှုတ်ထွက်သွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာက ...
 ဦးမိုးဟိန်းကို အင်တာဗျူးဖို့ ဖုန်းနဲ့ လှမ်းလှမ်းမေးတာ များလွန်းတဲ့အတွက် အမြင်ကပ်ကပ်နဲ့ ထွက်သွားပြီလို့ ပြောလိုက်ရာကနေ အစပြုတယ်လို့ သိရပါတယ်။

အဲဒီလိုပြောတဲ့သူကတော့  ဦးမိုးဟိန်းရဲ့ အစ်ကို၊ သူရိယနေ၀န်း ဂျာနယ်ရဲ့ ထုတ်ဝေသူ ဦးခင်အေးဖြစ်ပါတယ်။

“သူ မထွက်ပါဘူးဗျာ။ ကျနော်တို့နဲ့ အတူတူ ဂျာနယ်အတွက် ဆက်လက်လုပ်ကိုင်နေဆဲပါပဲ။
သူက အခုတော့ ဂျာနယ်မှာ CEO အဖြစ်တော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် သင့်တော်တဲ့အလုပ်အတွက် လုပ်နေတုန်းပါပဲ” လို့ ဦးခင်အေးက ဧရာဝတီကို ပြောပြပါတယ်။

လူတဦးထဲကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ အများအပြားရေးပြီးတဲ့နောက်ပိုင်းမှာ အဲဒီ ပုဂ္ဂိုလ်နဲ့ သဘောတူညီမှုရသွားလို့ ဂျာနယ်ကနေ ထွက်သွားတဲ့အကြောင်း အွန်လိုင်းမှာတွေ့ရတဲ့သတင်းတပုဒ်မှာ ရေးထားတာပါ။
  ဦးမိုးဟိန်း ဒေါ်လာ ခြောက်သိန်းလောက်ပိုက်သွားခဲ့တယ်လို့ အဲဒီသတင်းမှာ ရေးထားပါသေးတယ်။
အဲဒီငွေပမာဏဟာ ကျပ် သိန်းပေါင်း ခြောက်ထောင်နီးပါးနဲ့ ညီမျှပါလိမ့်မယ်။ ဂျာနယ်တိုက် လေးငါးခု ထူထောင်လို့ရတဲ့ငွေပမာဏပါပဲ။

ဒီဂျာနယ်က ခရိုနီဦးတေဇအကြောင်း ရေးသားမှုတွေ အများအပြား ရှိခဲ့ပါတယ် - ဒါနဲ့ ပတ်သက်ပြီး ဦးတေဇက တရားစွဲမယ်လို့ ပြောခဲ့ဖူးပါတယ်။

အဲဒီလို တရားစွဲမယ် လို့ ပြောဆိုခဲ့တာ ကြာခဲ့ပေမယ့်လည်း  အခုချိန်ထိ မစွဲသေးပါဘူး။ ပွဲဆူစေခဲ့တဲ့ဦးမိုးဟိန်းက အမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်ပြီး ရန်ကုန်မှာ နေထိုင်တယ်လို့ သိရပါတယ်။

သူ့ရဲ့ သူရိယနေ၀န်းဂျာနယ်မှာ အလေးထားဖတ်စရာ မပါဘူးလို့ ယူဆသူ  အများအပြား ရှိနေပေမယ့် အင်မတန် အရောင်းသွက်တဲ့ဂျာနယ်တစောင် ဖြစ်နေတာ တွေ့ရပါတယ်။

Irrawaddy

မည်သည့်နိုင်ငံရေး သမားကိုမှ ဂရုစိုက်စရာမလို အစိုးရကို ဆန့် ကျင်ပါက ထောင်ထဲပို့ မည်ဟု ပြည်ထောင်စု ၀န်ကြီးဆို




ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး ခင်ဗျားတို့ မှတ်ထားကြ။ ကျွန်တော့်နာမည် ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွဆိုပြီး မိန့်ခွန်းပြောလာတာ ရှင်းတယ်နော် ကျွန်တော်ပြောတာ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး။ ကျွန်တော်အခုမှ နိုင်ငံရေးစကား စပြောတာပဲ နိုင်ငံရေးစကားဆိုတာ တက်နေတဲ့အစိုးရအပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲထည့်မှာပဲ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကျင့်သုံးနေတယ်။ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် သွား မင်းအချုပ်ထဲနေ ငါတို့အစိုးရထွက်ရင် မင်းထွက်၊ ဒါပဲ ... ... ပြောခွင့်ရှိတဲ့အတွက် ကျွန်တော်ပြောတယ် ... ... ကျွန်တော်တို့အစိုးရက ခက်ခက်ခဲခဲနဲ့ မဲနိုင်ပြီး နေရာရလာတာ ... ... ခင်ဗျားတို့ ဘုဂလန့်မပြောနဲ့ ပြောရင် ခင်ဗျားတို့အတွက် တစ်ပြားမှလုပ်မပေးဘူး တိုင်ချင်တဲ့နေရာတိုင်လို့ ရတယ်။ တိုင်ရင်လည်း ကျွန်တော်မရောက်သေးလို့ပါ ပြောလိုက်ရုံပဲ ရှင်းတယ်နော် ...

[မွေးမြူရေး လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့် မိန့်ခွန်း ကောက်နုတ်ချက်]

[ယနေ့ထုတ် Unity Weekly News ဂျာနယ်မှ ကောက်နုတ်ဖော်ပြသည်]

မလေးရှားတွင် အကျဉ်းကျ မြန်မာများ တစ်လတစ်ကြိမ် နေရပ်ပြန်ခေါ် မည်ဟုဆို


ရန်ကုန်၊ ဇန်နဝါရီ ၂၉

မလေးရှားနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျ ခံနေရသည့် မြန်မာများကို တစ်လတစ်ကြိမ်နှုန်းဖြင့် နေရပ်ပြန်ခေါ်ရန် စီစဉ်ထားကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့က မလေးရှားတွင် အကျဉ်းကျနေသည့် မြန်မာလုပ်သား ၁၄၀ ကျော်ကို နေရပ်ခေါ်လာစဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သီတဂူ အထောက်အဖွဲ့ (မလေးရှား) မှ အတွင်းရေးမှူး ဒေါက်တာမြတ်သူက ပြောကြားသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့က နေရပ်ပြန်ခေါ်လာသည့် အကျဉ်းကျခံ မြန်မာလုပ်သား ၁၄၁ ဦးတွင် အမျိုးအသား ၁၀ ဦး ပါဝင်သည်။

အဆိုပါ မြန်မာများကို သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာ အရှင်ဉာဏိဿရ ဦးဆောင်သည့် သီတဂူ အထောက်အကူပြုအဖွဲ့နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့ ပူးပေါင်း လှူဒါန်းမှုဖြင့် နေရပ်ပြန်ခေါ်လာခြင်း ဖြစ်သည်။

မလေးရှားတွင် အကျဉ်းကျခံရသူ များကို ဖေဖော်ဝါရီလ ၂၀ ရက် ဝန်းကျင်တွင်လည်း နောက်တစ်ကြိမ် ထပ်မံခေါ်ယူမည်ဖြစ်ပြီး ယခုနေရပ်ပြန်သူများမှာ အကျဉ်းကျခံနေရသူ သီးသန့်ခေါ်လာခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ကို အိမ်ပြန်ရန် လမ်းစရိတ် တစ်ဦးလျှင် ကျပ်နှစ်သောင်းစီ ပေးကြောင်း ဒေါက်တာမြတ်သူက ဆိုသည်။
“အရင်က အပြင်က လူတွေပါခေါ်တော့။ ဒုက္ခသည် မဟုတ်တဲ့ ဒုက္ခသည်အတုတွေ ပါလာတယ်။ အဲဒါကြောင့် အပြင်က လူတွေကို မခေါ်ဘူး” ဟု ၎င်းက ပြောဆိုသည်။

မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် ကျပ် ၁၀ သိန်းပေးခဲ့ရပြီး တရားမဝင် လမ်းကြောင်း (အောက်လမ်း) က သွားရောက်ခဲ့သဖြင့် မလေးရှားနိုင်ငံသို့ ရောက်သည့်နေ့တွင် ဖမ်းဆီးခံခဲ့ရကြောင်း ရှမ်းပြည်နယ် လားရှိုးမြို့မှ ဦးမောင်ကျော်ဦးက ပြောကြားသည်။
“အလုပ် မလုပ်ခဲ့ရဘူး။ ထောင်မှာ သုံးလ နေခဲ့ရတယ်။ ထောင်က ဘယ်မှာရှိတယ်ဆိုတာ မသိခဲ့ဘူး” ဟု ၎င်းကဆိုသည်။

အကျဉ်းကျ ခံရသူများများကို နေရပ်ပြန်ခေါ်လာစဉ် ကွာလာလမ်ပူ လေဆိပ်တွင် အမျိုးသမီးအများစု အပါအဝင် မြန်မာ ၅၀ ခန့်မှာ အေးဂျင့် လာမခေါ်သဖြင့် သောင်တင်နေသည်ကို တွေ့ခဲ့ရကြောင်း သီတဂူ သာသနာပြုအဖွဲ့ အောက်မြန်မာပြည် အတွင်းရေးမှူး (၄) ဦးမြင့်အောင်က ပြောကြားသည်။

သီတဂူ အထောက်အကူပြုအဖွဲ့နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့ ပူးပေါင်း လှူဒါန်းမှုဖြင့် ကွာလာလမ်ပူမှ မြန်မာနိုင်ငံသို့ MAI စင်းလုံးငှား လေယာဉ်ဖြင့် မလေးရှားနိုင်ငံတွင် အကျဉ်းကျ ခံနေရသည့် မြန်မာလုပ်သား ၁၇၆ ဦး ဇူလိုင်လ ၁၆ ရက်နေ့တွင်လည်း တစ်ကြိမ် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။

မလေးရှားနိုင်ငံ အခြေစိုက် သီတဂူ အထောက်အကူပြု အဖွဲ့သည် ကမ္ဘောဇဘဏ် လီမိတက်နှင့် ပူးပေါင်း၍ မလေးရှားတွင် ဒုက္ခရောက်နေသူ၊ အကျဉ်းကျနေသူ မြန်မာလုပ်သားများကို မြန်မာနိုင်ငံသို့ ယခုတစ်ကြိမ် အပါအဝင် ကိုးကြိမ်တိုင်တိုင် စရိတ်ငြိမ်း ပို့ဆောင်ပေးခဲ့ပြီး လူဦးရေအားဖြင့် စုစုပေါင်း ၁၅၀၀ ဝန်းကျင်ရှိပြီ ဖြစ်ကြောင်း ဒေါက်တာမြတ်သူက ဆိုသည်။

The Voice Weekly

မလေးရှားနိုင်ငံတွင် အကျဉ်းကျခံခဲ့ရသူ ဦးကျော်ဝဏ္ဏနှင့် တွေ့ဆုံခြင်း


မလေးရှားနိုင်ငံတွင် အကျဉ်းကျ ခံနေရသည့် မြန်မာနိုင်ငံသား ၁၄၁ ဦးသည် သီတဂူ အထောက်အကူပြုအဖွဲ့နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့ ပူးပေါင်း လှူဒါန်းမှုဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ လာစဉ် အကျဉ်းကျခံခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သား ဦးကျော်ဝဏ္ဏနှင့် တွေ့ဆုံးမေးမြန်းချက်များကို ကောက်နုတ် ဖော်ပြပါသည်။

Voice : မလေးရှားကို ဘယ်လိုလမ်းကြောင်းနဲ့ သွားတာလဲ။

KWN : သွားတုန်းက အမှန်သွားတာ။ လေယာဉ်နဲ့ပေါ့။ အေဂျင့်က အချိုရည်စက်ရုံမှာ လုပ်ရမယ်ဆိုလို့သွားတာ ဟိုရောက်တော့ ပလတ်စတစ်ပုလင်း စက်ရုံမှာ လုပ်ရတယ်။ ရောက်ရောက်ချင်း သုံးလေးလက အလုပ်မကောင်းဘူး။ အလုပ်မမှန်ဘူး။ လစာက ၈၀၀ (မလေးရှားရင်းဂစ်) အများဆုံးရတယ်။ အချိုရည်စက်ရုံမှာ လုပ်တဲ့ကောင်တွေက တစ်ထောင်ကျော်ရတယ်။ အဲဒါနဲ့ လေးငါးခြောက်လလုပ်ပြီး အို (တရားမဝင်) လိုက်တယ်။ စားသောက်ဆိုင်တွေမှာ လုပ်တယ်။ စားသောက်ဆိုင်တွေမှာ အလုပ်က အဆင်ပြေတယ်။ ပိုက်ဆံပိုရတယ်။ အိုသမားဖြစ်တော့ အပြင်ထွက်လို့ အဆင်မပြေဘူး။ လစာထုတ်လာလို့ ရဲတွေကနဲ့ တွေ့ရင် ရဲတွေက လစာအကုန်လုံး ယူသွားတာလည်း ရှိတယ်။ စားဖို့သောက်ဖို့လောက် ပြန်ပေးခဲ့တာ ရှိတယ်။

Voice : မလေးရှားရောက်ပြီး ဘယ်လောက်အကြာမှာ အဖမ်းခံရတာလဲ။ ဘယ်လို အဖမ်းခံရတာလဲ။

KWN : မလေးရှားရောက်ပြီး တစ်နှစ်လောက်အကြာမှာ အဖမ်းခံရတယ်။ ကွာလာလမ်ပူမှာ အဖမ်းခံရတာ။ အဲဒီနေ့က ကျွန်တော် သူငယ်ချင်းတွေနဲ့ သွားတွေ့တာ အဲဒီမှာ အဖမ်းခံရတယ်။

Voice : ထောင်ထဲမှာ ဘယ်လောက်နေခဲ့ရလဲ။

KWN : ထောင်ထဲမှာတော့ ရက် ၂၀ လောက် နေခဲ့ရတယ်။ Camp (အကျဉ်းကျ ခံရသူများကို ထားသည့်စခန်း) ထဲမှာ ခုနစ်လလောက် နေခဲ့ရတယ်။

Voice : Camp ထဲမှာ ဘယ်လိုနေခဲ့ရလဲ။

KWN : ကျွန်တောတို့ Camp က အိပို့မြို့မှာ ရှိတယ်။ Camp နာမည်က လန်ကမ့်။ Camp ထဲမှာနေရတာ အရမ်းဆိုးတယ်။ နေရာထိုင်ရတာ မကောင်းဘူး။ ဖျားတယ် နာတယ်ဆိုလည်း ဆေးမရဘူး။ သေတဲ့ သူတွေလည်း ရှိတယ်။ Camp ထဲမှာနေရတာတော့ ကျွန်တော့်မှာ အနာတွေ ပေါက်တယ်။ ဆေးတောင်းတော့ အနာတွေ ခွာလိုက်ပြီးတော့ အဲဒီလောက်နဲ့ ဆေးမရဘူးဆိုပြီး ရဲတွေက ရိုက်တာတွေ ဘာတွေလုပ်တယ်။ Camp ထဲမှာ ရန်ဖြစ်ရင် မထနိုင်အောင် အရိုက်ခံရတယ်။ ရန်ဖြစ်လို့ မရဘူး။ တစ်ရက်ကို ထမင်းနှစ်နပ်စားရတယ်။ ဝအောင် မစားရဘူး။

Voice : အကိုနေခဲ့တဲ့ Camp ထဲမှာ မြန်မာဘယ်လောက်ရှိလဲ။

KWN : ကျွန်တော်နေခဲ့တဲ့ ဘလောက် (လူ ၃၀၀ ခန့် နေထိုင်သည့်အခန်း) နေရာမှာ နေရာမှာ မြန်မာ ၄၀ လောက်ရှိတယ်။ အဲဒီမှာ ဘလောက်လေးခု ရှိတယ်။ ကျွန်တော်တို့ ဘလောက်မှာတော့ မြန်မာကတော့ ၄၀ လောက် ကျန်သေးတယ်။ ကျန်တာကတော့ ဘူးသီးလို့ခေါ်တဲ့ ဘူးသီးတောင်ဘက်က အကောင်တွေ အများကြီးရှိတယ်။

Voice : မလေးရှားကို သွားမယ့်သူတွေကို ဘာပြောချင်လဲ။

KWN : မလေးရှားကို တရားမဝင် သွားမယ်ဆိုရင် မကောင်းဘူး။ အသွားရော၊ အပြန်ရော အကုန်ဖမ်းနေတယ်။ ကျွန်တော့်အနေနဲ့ ဆိုရင်တော့ မသွားစေချင်ဘူး။ ဒုက္ခက ကိုယ်ကိုယ်တိုင် ခံစားရမှ ကိုယ်ချင်းစာတတ်တာ။ Camp ထဲရောက်ရင် ဒုက္ခဘယ်လောက် ခံစားခဲ့ရလဲဆိုတာ ကျွန်တော်တို့ ခံစားခဲ့ရလို့ ကျန်ခဲ့တဲ့သူတွေကို တတ်နိုင်သလောက် ကူညီသွားမှာပါ။

(အောင်မြင့်ထွန်း)
The Voice Weekly

မြစ်ကြီးနားမြို့ မီးရထားဝင်းအတွင်း မီးလောင်မှုဖြစ်ပွား



မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက် အထက(၂) ကျောင်းရှေ့ မြန်မာ့မီးရထားဝင်းအတွင်းတွင် ယနေ့နံနက် ၁၀:၁၅ မိနစ်အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့၊ မီးရထားဝင်းအတွင်း မီးလောင်မှုကြောင့်  မီးရထားရုံပိုင်ကြီး(ငြိမ်း) ဦအောင်သိန်း၏ နေအိမ်အပါဝင် အိမ်ထောင်စု (၉)စုရှိသော နေအိမ် (၃)လုံး မီးလောင်သွားခဲ့ပြီး ရုံပိုင်ကြီးဟောင်း နေအိမ်ဝင်းအတွင်း ငှားရမ်းနေထိုင်သူ အသက် (၄၆)နှစ်အရွယ် လေဖြတ်လူနာ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ အောင်နန်းရပ်ကွက်နေ ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးမှ ပြောကြားသည်။

 အဆိုပါ မီးလောင်မှုသည် မိနစ် ၄၀ ကျော်လောက် ကြာမြင့်ခဲ့ပြီး နံနက် ၁၁ နာရီဝန်းကျင်လောက်တွင် မီးသတ်ကားများက ငြိမ်းသက်နိုင်ခဲ့ရာ ထမင်းချက်ရာမှ စတင်လောင်ကြွမ်းခဲ့တာလို့လည်း သိရှိရပါသည်။

ဧရာဝတီမြစ်ဖျားဆီက

မော်လမြိုင်တွင် မီးလောင်



မွန်ပြည်နယ် မြို့တော် မော်လမြိုင်မှာ ပြည်နယ်အစိုးရရုံးနဲ့ မာရ၀တီပန်းခြံအနီး ဗပိာုလမ်း ဓာတ်ဆီဆိုင်အရှေ့ နီလာ ကွန်ပျူတာနဲ့ ဖုန်းအပိုပစ္စည်း အရောင်းဆိုင်မှ ၁၂ နာရီကျော်မှာ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ၁ နာရီ ကျော်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

By ဒီဗွီဘီ

ကျိုင်းတုံ၌ (၁၂) ဘီးယာဉ်နှင့် ဆိုင်ကယ်ချိတ်မိ သူနာပြု ဆရာမ တစ်ဦး သေဆုံး


ကျိုင်းတုံ ဇန်န၀ါရီ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ကျိုင်းတုံ-တာချီလိတ်လမ်းတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး စေတနာမြင့် ပုဂ္ဂလိက ဆေးရုံမှ သူနာပြု ဆရာမတစ်ဦး နေရာတွင် သေဆုံးသွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီလ(၃၀) ရက် နံနက်(၇)နာရီ အချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ ဖရံလုံ ကျေးရွာနေ စေတနာမြင့် ပုဂ္ဂလိက ဆေးရုံ၌ တာဝန်ထမ်း ဆောင်သူ သူနာပြုဆရာမ မဧနွေလှ (၂၄)နှစ် သည် တာချီလိတ်ဘက်မှ ကျိုင်းတုံဘက် သို့ ANBO အမျိုးအစား ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင်လာစဉ် ဘိလပ်မြေများတင်ဆောင်၍ ယာဉ်မောင်း ခွန်မောင်သာ (၃၃)နှစ် မောင်းနှင်သော (၁၂)ဘီး ယာဉ်အမှတ် YNG 5F/6983 မစ်ဆူဘီရှီဖူဆို အမျိုးအစားသည် အမှတ်(၁)ရပ်ကွက်၊ တပ်နယ်မှူး ရုံးရှေ့ အနီးအရောက်တွင် မဧနွေလှ၏ ဆိုင်ကယ်ကို ကျော်တက်စဉ် ကားဖြင့် ချိတ်မိကာ မဧနွေလှ၏ ဦးခေါင်းကို ယာဉ်ယာဘက် နောက်ဘီးနှင့် ကြိတ်မိ၍ ဦးခေါင်းခွံရိုးကွဲထွက်ပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းနေရာ တွင် သေဆုံးသွားသည်။

ယာဉ်အား မဆင်မခြင် ကျော်တက်မောင်းနှင်ပြီး ဆိုင်ကယ်ဖြင့် တိုက်မိကာ အခြားသူများအား သေဆုံးစေခဲ့သော ပြစ်မှု ကျူးလွန်သူ ယာဉ်မောင်းခွန်မောင်သာအား ကျိုင်းတုံရဲစခန်းမှ ယာဉ်(ပ) ၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄ - က အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

မြစ်ကြီးနားမြို့တွင် ၉၆၉ တံဆိပ်ပါ ပါတိတ်လုံချည်များတွေ့ရှိ




 မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်း ဇန်န၀ါရီလ ၂၅၊ ၂၆၊ ၂၇ ရက်နေ့များ၌ ၉၆၉ တံဆိပ်ပါ ပါတိတ်လုံချည် ၀တ်ဆင်သူ၊ ရောင်းချသူများကို တွေ့ရှိခဲ့ရသဖြင့် မြို့နယ်-အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်အဖွဲ့မှ လိုက်လံ ၀ယ်ယူသိမ်းဆည်းမှုများ ပြုလုပ်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ မြစ်ကြီးနားမြို့ပေါ်ရှိ အထည်ဆိုင်များနှင့် မြို့မဈေးကြီးအတွင်းရှိ အထည်ဆိုင်များကို အဆိုပါ ပါတိတ်လုံချည်များအား ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၉၆၉ တံဆိပ်ပါ ပါတိတ်လုံချည်များကို “ (၂၅၊၁၊၂၀၁၄) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရမ်ပူရပ်ကွက်နေ မတူး(ဘအမည်၊အသက်၊နေရပ်လိပ်စာ) စီစစ်ဆဲမှ ၉၆၉ တံဆိပ်ရိုက်နှိပ်ထားသည့် ပါတိတ်လုံချည် ၀တ်ဆင်နေတာကို တွေ့ရှိရသဖြင့် ရွှေညောင်ပင်ရပ်ကွက်မှ မြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် ဦးတင်မြင့်၊ ဦးသန်းရွှေ၊ ဦးဝင်းနိုင်၊ ဦးလွှမ်းမိုးတို့ထံသို့ အကြောင်းကြားပြီး အဆိုပါ ပါတိတ်လုံချည်(ချုပ်ပြီးသား)ကို အပ်နှံခဲ့ပါတယ်၊

(၂၆၊၁၊၂၀၁၄) ရက်နေ့ နံနက် ၁၀ နာရီအချိန် ရမ်ပူရပ်ကွက်ဈေးအတွင်း အထည်ရောင်းသူ ဒေါ်မာယာ(အဘအမည်၊ အသက်၊ နေရပ်လိပ်စာ)စီစစ်ဆဲထံမှ ၉၆၉ တံဆိပ်ရိုက်နှိပ်ထားသည့် ပါတိတ်လုံချည်နှစ်ထည် တွေ့ရှိသဖြင့် ဦးတင်မြင့်နှင့် အဖွဲ့မှ ၀ယ်ယူသိမ်းဆည်းခဲ့ပါတယ်။

(၂၇၊၁၊၂၀၁၄)ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဒေါ်စိန်စိန်လှ (၅၇)နှစ်၊ (ဘ) ဦးကြူးချန်း၊ ၁/မကန(နိုင်)၀၉၇၄၀၇၊ ဗမာ၊ဗုဒ္ဓ၊ ရမ်ပူရပ်ကွက်နေသူမှ ရမ်ပူရပ်ကွက်ဈေးအတွင်း အထည်ရောင်းသူ ဒေါ်အေးမူ၏ အထည်ဆိုင်တွင် ၉၆၉ တံဆိပ်ရိုက်နှိပ်ထားသည့် ပါတိတ်လုံချည်များ တွေ့ရှိကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့် ဦးတင်မြင့်နှင့် အဖွဲ့မှ သွားရောက်ကြည့်ရှုရာ ဒေါ်အေးမူမှ ၉၆၉ တံဆိပ်ရိုက် ပါတိတ်လုံချည် (၅)ထည်နဲ့ ဒေါ်စိန်စိန်လှကလည်း ချုပ်ပြီးသား ပါတိတ်လုံချည် (၂) ထည်အား ဦးတင်မြင့်ထံ အပ်နှံခဲ့ပါတယ်။

ရွှေညောင်ပင်ရပ်ကွက်မှ ဦးတင်မြင့်နှင့်အဖွဲ့သည် ၉၆၉ တံဆိပ်ရိုက်နှိပ်ထားသည့် ပါတိတ်လုံချည် (၁၀)ထည် တွေ့ရှိမှုနှင့် ပက်သက်၍ မြစ်ကြီးနားမြို့နယ်၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆရာတော် ဘဒ္ဒန္တသီလာစာရထံ လျှောက်ထားတင်ပြခဲ့တာဖြစ်တယ်၊ ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့နှင့် ပူပေါင်းကာ မြစ်ကြီးနားမြို့အတွင်း ဆက်လက်ရှာဖွေသွားမယ်”လို့ မြို့နယ်-မဘသ အဖွဲ့ဝင် တစ်ဦးမှ ပြောကြားသည်။

ဧရာဝတီမြစ်ဖျားဆီက

၂၀၁၅ ရွေးကောက်ပွဲ White Card ကိုင်ဆောင်သူများ မဲပေးခွင့်ပြုပါက ကန့်ကွက်မည်ဟုဆို


မန္တလေး၊ ဇန်နဝါရီ ၂၉

လာမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံသား မဟုတ်ဘဲ ယာယီသက်သေခံကတ် (White Card) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုပါက ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်မည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင် ဆရာတော် အရှင်ဝီရသူက မိန့်ကြားသည်။

“ဒီမိုကရေစီဝါရင့် နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတောင် Green Card ကိုင်ခွင့်ရတဲ့လူတွေ မဲပေးခွင့် မရှိဘူး၊ ဂျပန်နိုင်ငံမှာ ကိုရီးယားကနေ ရောက်နေတဲ့ သုံးဆက်မြောက် မျိုးဆက်တောင် ဖြစ်နေတဲ့ ကိုရီးယားတွေ အမြဲနေထိုင်ခွင့် ပေးထားပေမယ့် မဲပေးခွင့် မရဘူး။ မြန်မာနိုင်ငံမှာက White Card ကိုင်တဲ့ လူတွေကို မဲပေးပိုင်ခွင့် ရှိနေတယ်။ ဒါကြောင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ White Card တွေကို မဲပေးခွင့် ပြုမယ်ဆိုရင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ အနေနဲ့ ကန့်ကွက်မယ်။ ဘယ်လို ကန့်ကွက်မယ်ဆိုတာတော့ ထုတ်မပြောဘူး။ အချိန်ကာလနဲ့ လိုက်လျော ညီထွေ လုပ်ဆောင် သွားမှာပါ” ဟု အရှင်ဝီရသူက မိန့်ဆိုသည်။

မန္တလေးမြို့တော် မစိုးရိမ်တိုက်ဟောင်း နိရုတ္တိနယူပဒေသ ကျောင်းတိုက်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ဆရာတော်က အထက်ပါအတိုင်း မိန့်ကြားခြင်း ဖြစ်သည်။

“ကော်မရှင်အနေနဲ့ကတော့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ ဥပဒေတွေအရ မဲပေးခွင့်ရှိတဲ့ လူတွေ မဲပေးခွင့်ရအောင် လုပ်ကိုင် ဆောင်ရွက်ရတာပါ၊ White Card တွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဥပဒေတွေ ပြင်ဆင်ဖို့ ရှိနေပါတယ်။ လွှတ်တော်က ဆုံးဖြတ်ပြီး ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ ဥပဒေတွေ ပြင်ဆင် သတ်မှတ်ရင်တော့ ကျွန်တော်တို့က သက်ဆိုင်ရာ ဥပဒေအတိုင်း ဆောင်ရွက်သွားဖို့ပါပဲ” ဟု ရွေးကောက်ပွဲ ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ဆိုသည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကို မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် သတင်းထုတ်ပြန်ရေးဌာန၊ ဘဏ္ဍာရေး အထောက်အကူပြုဌာန၊ သင်တန်းရေးရာ ဌာန၊ အသိပညာပေး စည်းရုံးရေးဌာန၊ သုတေသနနှင့် သမိုင်းမှတ်တမ်းဌာန၊ စာရင်းစစ်ဌာန၊ ဥပဒေရေးရာဌာန တို့ဖြင့် ရဟန်း၊ သီလရှင် ၄၂၆ ပါးဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့က မန္တလေး အတုမရှိ ကျောင်းတော်ကြီးပေါ်တွင် ဖွဲ့စည်းခဲ့သည်။

“ဆရာတော်ဝီရသူရဲ့ ဆန္ဒနဲ့ ကျွန်တော်တို့က တစ်ထပ်တည်း ကျပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄ မှာ အချုပ် အခြာအာဏာသည် နိုင်ငံသားထံမှ ဆင်းသက်သည်လို့ ရှိပါတယ်။ မဲပေးတယ်ဆိုတာ အချုပ်အခြာ အာဏာကိစ္စပဲ။ နိုင်ငံသားတွေသာ အချုပ်အခြာ အာဏာပိုင်ရမှာ ဖြစ်တယ်။ ဒါကြောင့် White Card ကိစ္စကို လွှတ်တော်မှာ ဥပဒေပြင်ဆင်ဖို့ လုပ်နေပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီ တချို့နဲ့ နိုင်ငံရေး ပါတီဝင်တွေ နိုင်ငံသား မဟုတ်ဘဲ ပါတီတွေနဲ့ ပတ်သက်နေတဲ့ ကိစ္စကိုလည်း ရှေ့အပတ်လောက် လွှတ်တော်မှာ တင်ပြဖို့ ရှိနေပါတယ်” ဟု ရခိုင်အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ဥပဒေအရ မဲပေးပိုင်ခွင့်ရှိသည့် White Card ကိုင်ဆောင်သူဦးရေ ခြောက်သိန်းခန့် ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၌ အောက်တိုဘာ ၂ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံသား မဟုတ်သူများကို ယာယီနိုင်ငံ သားကတ်များ ထုတ်ပေးပြီး တပ်မတော် အစိုးရက မဲပေးခွင့် ပြုခဲ့ရာ နိုင်ငံရေးသမားများ၊ အတိုက်အခံများနှင့် မီဒီယာများက ဝေဖန်ခဲ့ကြသည်။

The Voice Weekly

မြို့စွန်သင်္ချိုင်းမှာသာ ဆန္ဒပြခွင့်ရခဲ့သည့် မတ္တရာလယ်သမားများ


မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့အနီးမှာ လယ်ယာမြေတွေ သိမ်းခံထားရမှုကို မကျေနပ်လို့ ရာနဲ့ချီတဲ့ လယ်သမားတွေစုရုံးပြီး ဒီကနေ့မွန်းလွဲပိုင်းက ဟောပြောပွဲတွေနဲ့ ဆန္ဒပြပွဲတွေကျင်းပပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

လယ်သိမ်းခံ လယ်သမားတွေက လူအင်အား ၁၀၀၀ နဲ့ မတ္တရာမြို့ပေါ်မှာ စီတန်းလှည့်လည် ဆန္ဒပြခွင့်တောင်းခဲ့ပေမယ့် အာဏာပိုင်တွေက ခွင့်မပြုတာကြောင့် မြို့စွန်သင်္ချိုင်းအနီး မြေကွပ်လပ် တနေရာမှာ အင်အား ၁၀၀ လောက်နဲ့ လယ်ယာမြေသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ၊ ဟောပြောပွဲတွေ ကျင်းပခဲ့တာပါ။

ခုလို ဆန္ဒထုတ်ဖော်ရခြင်းနဲ့ ပတ်သက်ပြီး ဦးဆောင် ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ ဦးရဲရင့်အောင်က ခုလိုပြောပါတယ်။

“ကျနော်တို့ မတ္တရာမြို့နယ် တံငါမြောက်ကျေးရွာက အသိမ်းခံမြေယာတွေနေရာကနေ မြို့နယ် သမ၀ါယမရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြဖို့ တင်ထားတာ၊ ကျနော်တင်ခဲ့တာက ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်လည်း ပါပါတယ်။ ဒါပေမယ့် သူတို့ချပေးတာက သင်္ချိုင်းကုန်းမှာ ချပေးတဲ့အတွက် ခုလိုမျိုး မြို့ပြင်သင်္ချိုင်းကုန်းမှာ လုပ်တာပါ။ ဒီအတွက် ကျနော်တို့ အင်မတန် ၀မ်းနည်းပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က သိမ်းသွားတဲ့သူတွေရှေ့မှာ ပြချင်တာ၊ ခုလိုမျိုး ချောင်ကြိုချောင်ကြားထဲမှာ ပြရတာဝမ်းနည်းပါတယ်။ အဓိက အကြောင်းကတော့ ကျနော်တို့ရဲ့ လယ်ယာမြေတွေ သိမ်းဆည်းသွားတာ ၂၇ နှစ် ကျော်ရှိလာတဲ့အချိန်မှာ ခုချိန်ထိ တစုံတရာ ဖြေရှင်းနိုင်ခြင်းမရှိတဲ့ အတွက် ကျနော်တို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ကတော့ ကျနော်တို့ မြေတွေကို ပြန်ပေးပါလို့ပဲ ပြောချင်ပါတယ်။”

ဒီကနေ့ ဆန္ဒပြတဲ့လယ်သမားအများစုဟာ မန္တလေးတိုင်း မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်က ကျေးရွာတွေက အကြောင်းအမျိုးမျိုးကြောင့် လယ်မြေတွေ သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေဖြစ်ပါတယ်။ အထူးသဖြင့် ၁၉၈၆ ခုနှစ်တုန်းက စိုက်ပျိုးကုန်ထုတ် သမ၀ါယမ အသင်းလီမိတက်က သိမ်းယူထားတဲ့ လယ်ဧကပေါင်း ၆၀၀ ပြန်လည်ရရှိရေး အဓိက တောင်းဆိုခဲ့ကြတာပါ။

မတ္တရာမြို့နယ် တံငါမြောက်ကျေးရွာက လယ်မြေဧက ၂၅ သိမ်းသိမ်းခံခဲ့ရတဲ့ လယ်သမား ဦးနေ၀င်း က လယ်မြေသိမ်းမှုတွေကြောင့် မိသားစုဘ၀တွေ ဆုံးရှုံးနစ်နာ အခက်အခဲ ဒုက္ခတွေနဲ့ ကြုံတွေ့နေရတဲ့ အကြောင်း ခုလို ပြောပါတယ်။

“သိမ်းကတည်းက လက်ငုတ်လက်ရင်းတွေ မရှိတော့ဘူး၊ သိမ်းပြီဆိုကတည်းက အလုပ်လက်မဲ့တွေ အကုန်ဖြစ်ကုန်ပြီ။ အလုပ်လက်မဲဖြစ်တော့ နေ့စားတွေ အကုန်ဖြစ်ကုန်တယ်၊။ ခုတော့ လက်လုပ်လက်စားပေါ့ဗျာ၊ ကြုံရာကျရာ လုပ်စားကြတာ။ ခုတော့ ချောင်းထဲက သဲတွေ ယူရောင်းတာတို့ ကျောက်ချတာတို့၊ တချို့ဆိုရွှေတောတို့ ၀ါးခုတ်တာတို့ လုပ်ရတယ်။ မျိုးဆက်ပြတ် သေကုန်တာတွေလည်း ရှိတယ်။ ကျနော်တို့ဆို ကျနော်တို့ မိသားစုလိုက်ကို ကျောင်းထွက်ခဲ့ရတာရှိတယ်။ ပညာရေးတွေ အကုန်ဆုံးရှုံးတယ်။ စီးပွားရေးတွေ ချို့တဲ့တယ်။ အဖေအမေတွေကတော့ စိတ်ရောဂါနဲ့ ဆုံးကုန်ပြီပေါ့ဗျာ။ ၁၉၈၆ ခုနှစ်မှာ သိမ်းတယ်။ ဒါကို ရလိုရငြား ၈၇၊ ၈၈ခုနှစ် ကတည်းက အသနားခံစာတင်ပြီးတော့ ပြန်ရလိုကြောင်း သိမ်းပြီးတဲ့နောက်နှစ်က စတင်လိုက်တာ ယနေ့အချိန်အထိပဲဗျ။ ပြန်အကြောင်းကြားခြင်းကို မရှိတဲ့အတွက် ဒီနေ့ ကျနော်တို့ ဆန္ဒထုတ်ဖော်ရတာ။”

ဒီဆန္ဒပြပွဲဟာ မတ္တရာမြို့နယ်ထဲမှာ နှစ်ပေါင်းများစွာ လယ်ယာမြေတွေ သိမ်းခံထားရတဲ့ လယ်သမားတွေ စုရုံးပြီး ပထမဆုံးအကြိမ် ဆန္ဒပြခဲ့ကြတာလည်းဖြစ်ပြီး လယ်သမားတွေရဲ့ ဆန္ဒပြပွဲကို မန္တလေး မြ၀တီကျောင်းတိုက်က ဆရာတော် အပါအ၀င် ဒေသခံရွာ သားပေါင်း ၃၀၀ ကျော်လောက်လည်း လာရောက် အားပေးခဲ့ကြပါတယ်။

By ဒီဗွီဘီ

မြန်မာအိမ်ဖော်တွေကို ဟောင်ကောင်ပို့ဖို့ ဆက်လက်ဆောင်ရွက်


ဟောင်ကောင်မှာ နိုင်ငံခြားသား အိမ်ဖေါ်လုပ်သားတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုမြင့်တက်နေတဲ့ အခုကာလမှာပဲ မြန်မာနိုင်ငံကနေ ဟောင်ကောင်ကို အိမ်ဖေါ်လုပ်သားတွေ ပို့မယ့်အစီအစဉ်ကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ဟောင်ကောင် လစ်ဘရယ်ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့ Felix Chung Kwok-pan က ပြောလိုက်ပါတယ်။

မစ္စတာ ချမ်းဟာ မြန်မာအစိုးရ အလုပ်သမားဝန်ကြီး ဦးအေးမြင့်နဲ့  တနင်္လာနေ့က တွေ့ဆုံခဲ့တယ်လို့  သိရပါတယ်။ အင်ဒိုနီးရှား အိမ်ဖေါ်လုပ်သားတွေ အကြမ်းဖက်ခံရလို့  ဟောင်ကောင်အိမ်ရှင် တရားစွဲခံနေရတဲ့ ကာလဖြစ်တဲ့အတွက် သူတို့တွေ့ဆုံမှုမှာ မြန်မာအလုပ်သမားဝန်ကြီးက ဟောင်ကောင်မှာ နိုင်ငံခြားသားအိမ်ဖေါ် လုပ်သားတွေအတွက် အကာအကွယ်ပေးနိုင်မယ့် ဥပဒေမျိုးရှိပါသလားလို့  မေးမြန်းတယ်လို့ပြောပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရက အိမ်ဖေါ်လုပ်သားတွေ စေလွှတ်နိုင်မယ့် အစီအစဉ်တွေ ရှာနေဆဲဖြစ်တယ်လို့ မစ္စတာချမ်းက ပြောပါတယ်။

ဟောင်ကောင် လွှတ်တော်ကိုယ်စားလှယ် မစ္စတာ Chung Kwok-pan ဟာ မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံတစ်ခု တည်ဆောက်တဲ့လုပ်ငန်းမှာ ပါဝင်ထားပါတယ်။

လက်ရှိကာလမှာ Hong Kong's Golden Mind Employment အေဂျင်စီက မြန်မာနိုင်ငံက အိမ်ဖေါ်လုပ်သားတွေစုပြီး ပြည်ပပို့နိုင်တဲ့ ပထမဆုံးကုမ္ပဏီဖြစ်လာခဲ့ပြီး နောက်လကုန်မှာ ပထမအသုတ်အနေနဲ့  အိမ်ဖေါ် ၅၅ ယောက် စေလွှတ်မယ်လို့ သိရပါတယ်။

နောက်ထပ် ဟောင်ကောင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Technic Employment Service Centre က လာမယ့် ဖေဖေါ်ဝါရီလကုန်မှာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဒုတိယအကြိမ်တွေ့ ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

ဟောင်ကောင် လွှတ်တော်ကိုယ်စားလှယ် မစ္စတာ Chung က သူ့အနေနဲ့  မြန်မာအိမ်ဖေါ် တစ်နှစ်ကို ၂ သောင်းလောက်ထိ ဟောင်ကောင်ကို ပို့နိုင်လိမ့်မယ်လို့ မျှော်မှန်းထားတဲ့အကြောင်း ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံပြီးရင် မြန်မာနိုင်ငံဟာ အိမ်ဖေါ်လုပ်သားအများဆုံး ရနိုင်တဲ့နိုင်ငံဖြစ်လာပြီး၊ ၂၀၁၇ ခုနှစ်ရောက်ရင် အိမ်ဖေါ်လုပ်သားပို့တာ ရပ်မယ်လို့ မြန်မာအာဏာပိုင်တွေက ပြောဆိုထားကြောင်း သိရပါတယ်။

RFA Burmese

ဆက်သွယ်ရေး လေလံအောင်ထားတဲ့ ကုမ္ပဏီနှစ်ခုကို လိုင်စင်ထုတ်ပေး


မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး လုပ်ငန်းလုပ်ခွင့် လေလံ အောင် မြင်ထားတဲ့ နော်ဝေနိုင်ငံက တယ်လီနော ကုမ္ပဏီနဲ့ ကာတာနိုင်ငံက အူရီဒူး ကုမ္ပဏီတို့ကို သက်ဆိုင်ရာက ဒီနေ့ လိုင်စင်ထုတ်ပေး တော့မယ်လို့  သိရပါတယ်။

အူရီဒူးကုမ္ပဏီ အတွက်လိုင်စင်ကို ဒီနေ့ ကြာသပတေးနေ့မှာ နေပြည်တော်မှာ ထုတ်ပေးမှာဖြစ်တယ်လို့  မြန်မာအစိုးရ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုကြောင်းနဲ့  တယ်လီနော ကုမ္ပဏီ အတွက်လိုင်စင်ကိုတော့ ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ ထုတ်ပေးမှာဖြစ်တယ်လို့  နောက်ထပ်အရာရှိကြီးတစ်ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကတော့ ဒီနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက် ၉ နာရီခွဲမှာ နေပြည်တော်က ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှာ နိုင်ငံတကာ ကုမ္ပဏီနှစ်ခုကို ဆက်သွယ်ရေးလိုင်စင် ထုတ်ပေးတဲ့ အခမ်းအနားရှိမှာ ဖြစ်တဲ့အတွက် သတင်းယူလိုလျှင် သတင်းစာ၊ ဂျာနယ်တိုက် တစ်တိုက်ကိုတစ်ဦးကျ တက်ရောက်နိုင်တယ်လို့ သူ့ ရဲ့ဖေ့ဘွတ် စာမျက်နှာမှာ အသိပေးရေးသားထားပါတယ်။

RFA Burmese

ငါ့အဖေခင်းတဲ့လမ်းပေါ်မှာ ငါမသိဘဲ တရားပွဲလုပ်ရကောင်းလား?


မည်သူတွင် ဥပဒေကြောင်းရာအရ အပြစ်ရှိသနည်း????????
၁။ နှစ်စဉ်ကျင်းပနေကျဖြစ်သော တရားပွဲကို ကျင်းပခွင့်ပေးသော ရပ်ကွက်အုပ်ချုပ်ရေးမှူး လော?
၂။ နှစ်စဉ်ကျင်းပနေကျဖြစ်သော တရားပွဲကို ကျင်းပရန်ဆန္ဒရှိစွာ ကျင်းပခွင့်တောင်းခံသော ရပ်ကွက်သူ/သားများ လော?
၃။ တရားဟောကြားတော်မူသော ဆရာတော် လော?
၎။ ယဉ်ကျေးမှုမရှိသော ယဉ်ကျေးမှုဝန်ကြီးဌာနမှ လူကြီးတစ်ဦး၏ သားဖြစ်သူ အင်တာနက် မင်းသားလေး လော?
၅။ အရေးယူပေးပါရန်ဟု မြို့မရဲစခန်းတွင် တိုင်ကြားလာသော ရပ်ကွက်သူ/သား များ လော?
၆။ လူကြီးသားသမီးဖြစ်နေ၍အမှုဖွင့်ရန် မသင့်ဟူပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံ အကူအညီတောင်းခံသောမြို့မရဲစခန်းမှူး လော?
၇။ မိမိတိုး၏ချစ်လှစွာသော သားလှရတနာ အင်တာနက်မင်းသားလေး ဒုက္ခရောက်မည်ကိုစိုး၍ သက်ဆိုင်ရာအထက် ပုဂ္ဂိုလ် တို့ထံ အကူအညီတောင်းခံသော မိဘနှစ်ပါး လော?
အထက်ပါ “လော?” ပေါင်းများစွာ၏ဖြစ်စဉ်ကို တင်ပြရသော……….
လွန်ခဲသော စနေနေ့ ၂၅.၁.၂၀၁၄ နေ့ ကစတင်ရမည်ဖြစ်သည်။ မရမ်းကုန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဇေယျာခေမာ လမ်းတွင် နှစ်စဉ်ကျင်းပနေကျဖြစ်သော ရပ်ကွက် တရားပွဲ တွင် လမ်းပိတ်ဆို့ခြင်းမှ အစပြုကာ ယဉ်ကျေးမှု ၀န်ကြီးဌာနမှ အကြီးအကဲတစ်ဦး၏သားဖြစ်သူသည် အရွယ်နှင့်မလိုက်အောင် လမ်းပိတ်ဆို့နေမှုအပေါ်တွင် ရမ်းကားစွာ ပြောဆိုသွားခဲ့ပါ သည်။ အဆိုပါလမ်းမှာ လည်း သူ၏ဖခင်ဖြစ်သူတစ်ဦးတည်းမှ ကွန်ကရစ်ထပ်ပိုးလွှာခင်းပေးထားသော အလှူရှင်ဖြစ်သဖြင့် ယခုလမ်းတွင် အဆိုပါတရားပွဲများကို ကျင်းပလိုလျှင် သူ့ထံတွင် ခွင့်တောင်းခံမှု ပြုလုပ်စေချင်သော ပြုမူပြောဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သူ့ထံသို့ လာတွေ့ရန် ကြမ်းကြမ်းတမ်းတမ်း စကားများပြောဆိုကာ ကားကို မောင်းထွက်သွား ခဲ့ပါသည်။
ရပ်ကွက်သူ/သားများကလည်း မိမိတို့၏ လမ်းအလှူရှင်တစ်ယောက်၏သားဖြစ်သဖြင့် ဂရုဏာသက်စွာ မည်သို့မျှ တုံ့ပြန် ပြောဆိုခြင်းမပြုခဲ့ကြပါ။ သို့ရာတွင် စိတ်ထဲမှာတော့ ကိုယ်စီ ကိုယ်စီ မခံချင်စိတ်လေးများတော့ ဖြစ်ပေါ်ခဲ့သည်မှာ မုတ်ချ မသွေမည်ပေသည်။
နောက်နေ့ ည တနင်္ဂနွေနေ့ ၂၆.၁.၂၀၁၄ နေ့တွင်လည်း ယမန်နေ့က ကဲ့သို့ပင် အလားတူ လာရောက်ပြောဆို လာသဖြင့် ရပ်ကွက်သူ/သားများမှာ သည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီး၊ သက်ဆိုင်ရာ မြို့နယ် မြို့မရဲစခန်းသို့သွားရောက်တိုင်တန်းမှုများ ပြုလုပ်ခဲ့ကြသည်။ မြို့နယ် မြို့မ ရဲစခန်းမှ တာဝန်ရှိသူ စခန်းမှူးမှ ထုံးစံအတိုင်း၊ လုပ်ထုံးလုပ်နည်းအတိုင်း လေချိုသွေး နှစ်သိမ့်ခဲ့ပြီး ပြန်လွှတ်လိုက်ပါသည်။ စခန်းမှူးလည်း မည်သို့ဆောင်ရွက်ရမည်ကို ချက်ချင်းဆုံးဖြတ်ရန် ခက်ခဲလိမ့်မည်ဟု စာရေးသူမှ ယုံကြည်ပါသည်။ တစ်ဖက်က ဆည်မြောင်းညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်တို့၏ တစ်ဦးတည်းသော သား အင်တာနက်မင်းသားလေး ကိုကျော်သက် နှင့် ကျန်တစ်ဖက်က ရပ်ကွက်တွင်းရှိ ရပ်ကွက်သူ/သားများ၊ ပါတီတစ်ချို့မှ ပါတီဝင်များ ဖြစ်နေသည့်အတွက် မြို့နယ်အုပ်ချုပ် ရေးမှူးထံ အကြံဥာဏ်တောင်းခံရသည့်အခြေအနေသို့ဆိုက်ရောက်လာပါသည်။
အဲ့ဒီကမှတစ်ဆင့်နောက်ဆုံး မြို့နယ်အုပ်ချုပ်ရေးမှူး မှ အမှတ် (၆) ရပ်ကွက် အုပ်ချုပ်ရေးမှူး ကို စတင် အပြစ်ပြော ဆူပူ ပါလေတော့သည်။ “တရားပွဲကို မည်သည့်အတွက်ကြောင့်လမ်းပေါ်တွင်ကျင်းပရသနည်း” တဲ့…..
ကောင်းကြသေးရဲ့လား အရပ်ကတို့။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုလို ရပ်ကွက်တွင်းလမ်းများပေါ်တွင် တရားပွဲများ ကျင်းပနေသည်မှာ လက်ချိုးရေတွက်၍မရနိုင်လောက်အောင်များပြားသည်ကို စာဖတ်ပရိတ်သတ်များလည်း သိရှိပြီးဖြစ်မှာ ပါ။
သို့ပါသောကြောင့် စာဖတ်ပရိတ်သတ်တို့မှအထက်ပါမေးခွန်များဖြစ်သော လော? (၇) ခု မေးမြန်းထားသည့်အနက် ဘယ် နံပါတ်သည် မှန်ုပါသနည်း၊ Comment လေးတွင် ဖြေပေးလိုက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အရေးယူခြင်းမယူခြင်းကိစ္စကိုတော့ သက်ဆိုင်ရာ လူကြီးမင်းများ တာဝန်ယူလိမ့်မည်ဟု ထင်မြင်မိပါကြောင်း တင်ပြလိုက်ရ ပါသည်။
ယဉ်ကျေးမှုမတိမ်ကောစေလိုသူတစ်ဦး

Myanmar CNN မှ တင်ဆက်သည်

ကျိုင်းတုံ၌ (၁၂) ဘီးယာဉ်နှင့် ဆိုင်ကယ်ချိတ်မိ သူနာပြု ဆရာမ တစ်ဦး သေဆုံး



ကျိုင်းတုံ ဇန်န၀ါရီ ၃၀
=============

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ကျိုင်းတုံ-တာချီလိတ်လမ်းတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး စေတနာမြင့် ပုဂ္ဂလိက ဆေးရုံမှ သူနာပြု ဆရာမတစ်ဦး နေရာတွင် သေဆုံးသွားကြောင်းသိရသည်။ ဖြစ်စဉ်မှာ ဇန်န၀ါရီလ(၃၀) ရက် နံနက်(၇)နာရီ အချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ ဖရံလုံ ကျေးရွာနေ စေတနာမြင့် ပုဂ္ဂလိက ဆေးရုံ၌ တာဝန်ထမ်း ဆောင်သူ သူနာပြုဆရာမ မဧနွေလှ (၂၄)နှစ် သည် တာချီလိတ်ဘက်မှ ကျိုင်းတုံဘက် သို့ ANBO အမျိုးအစား ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင်လာစဉ် ဘိလပ်မြေများတင်ဆောင်၍ ယာဉ်မောင်း ခွန်မောင်သာ (၃၃)နှစ် မောင်းနှင်သော (၁၂)ဘီး ယာဉ်အမှတ် YNG 5F/6983 မစ်ဆူဘီရှီဖူဆို အမျိုးအစားသည် အမှတ်(၁)ရပ်ကွက်၊ တပ်နယ်မှူး ရုံးရှေ့ အနီးအရောက်တွင် မဧနွေလှ၏ ဆိုင်ကယ်ကို ကျော်တက်စဉ် ကားဖြင့် ချိတ်မိကာ မဧနွေလှ၏ ဦးခေါင်းကို ယာဉ်ယာဘက် နောက်ဘီးနှင့် ကြိတ်မိ၍ ဦးခေါင်းခွံရိုးကွဲထွက်ပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းနေရာ တွင် သေဆုံးသွားသည်။

ယာဉ်အား မဆင်မခြင် ကျော်တက်မောင်းနှင်ပြီး ဆိုင်ကယ်ဖြင့် တိုက်မိကာ အခြားသူများအား သေဆုံးစေခဲ့သော ပြစ်မှု ကျူးလွန်သူ ယာဉ်မောင်းခွန်မောင်သာအား ကျိုင်းတုံရဲစခန်းမှ ယာဉ်(ပ) ၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄ - က အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

တရုတ်နှစ်သစ်ကူးဆိုတာ




တရုတ်နှစ်သစ်ကူးသည် တရုတ်လူမျိုးများအဖို့ တစ်နှစ်အတွင်း အရေးပါသည့် ရိုးရာပွဲတော်တစ်ရပ်ဖြစ်သည်။ တရုတ်ပြက္ခဒိန်မှာ နွေဦးရာသီဖြင့် စတင်သောကြောင့် နှစ်ကူးပွဲ၏ တရုတ်ဘာသာမှာ 春節 (ချွန်းဂျယ်) ဖြစ်ပြီးတိုက်ရိုက်ဘာသာပြန်လျှင်
နွေဦးရာသီပွဲတော် ဟုခေါ်သည်။

တရုတ်အသိုင်းအ၀ိုင်းများကြားကျင်းပဆင်နွှဲလေ့ရှိသော နှစ်သစ်ကူးပွဲတွင်
နှစ်ဆန်း ၁ ရက်နေ့ မတိုင်မီ တစ်နှစ်အတွင်း မကောင်းသည့် အရာများ အညစ်အကြေးများကို ဆေးကြောရှင်းလင်းကာ အိမ်တံခါး တစ်ဖက်တစ်ချက်
နှင့် အပေါ်တွင် လာဘ်လာဘကောင်းစေသော စာများပါသည့် စက္ကူနီများ ကပ်ကာ တန်ဆာဆင်ကြသည်။ ထို စက္ကူများကို 春聯 (ချွန်းလျန်) ဟုခေါ်သည်။

ထို့ပြင် လူကြီးများက ကလေးများအား နှစ်သစ်မှာ ကျန်းမာချမ်းသာစေဖို့ ရည်ရွယ်ပြီး အန်ပေါင်း (ဟုမ်ပေါင်း) ပေးလေ့ရှိသည်။

တရုတ်ရိုးရာအယူအဆအရ ယခုနှစ် (၂၀၁၄) ဟာ မြင်းနှစ် လို့ဆိုပါတယ်။

>> REF: my.wikipedia <<
သုတဘဏ်

မကွေး လက်နက်စက်ရုံအတွက် မြေသိမ်းမှု အခြေအနေတင်းမာ

၆၈ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနား (ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် တပ်မတော် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှုအရာရှိ ချုပ်ရုံး (ကပစ ၂၅) က လက်နက်စက်ရုံတည်ဆောက် ရန် မြေဧကထောင်ချီ သိမ်းယူခဲ့ပြီး လက်နက်စက်ရုံ တည်ဆောက်ရန် မြေယာရှင်းလင်းမှုပြုလုပ်ရာတွင် ဒေသခံများနှင့် စစ်တပ်အကြား တင်းမာမှုများ ဖြစ် ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ၄င်း၏မဲဆန္ဒနယ်မြေဖြစ် သော ဆောမြို့နယ်၊ ပေါက်ပံဆိုင်းကျေးရွာ၊ ငလယ်ဂုံ ကျေးရွာ၊ နက်ပြာကျေးရွာမှ လယ်ယာမြေ ထောင် ပေါင်းများစွာကို ကပစ ၂၅က စစ်အစိုးရ လက်ထက် တွင် သိမ်းယူခဲ့ကြောင်း၊ သိမ်းဆည်းထားသောမြေယာ များပေါ်တွင် လက်နက်စက်ရုံ တည်ဆောက်ရန်အတွက် မြေယာရှင်းလင်းမှုများ စတင်လုပ်ဆောင်လာ ချိန်တွင် တပ်မတော်နှင့် ဒေသခံ ရွာသားများအကြား တင်းမာမှုများ အကြီးအကျယ် ပေါ်ပေါက်လျက်ရှိ ကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“မြေသိမ်းထားတာက အရင်အစိုးရလက်ထက် မှာကတည်းက သိမ်းထားတာ။ ဟိုတုန်းက လူတွေက မပြောရဲ၊ မဆိုရဲနဲ့ဖြစ်ကြတော့ မသိခဲ့ဘူး။ အခုက ပွင့်လင်းလာပြီဖြစ်တာမို့ လူတွေက သူတို့ မြေယာ တွေ ပြန်ရဖို့ တောင်းဆိုကြတာပေါ့။ ကပစ ၂၅ က လည်း သိမ်းထားတဲ့နေရာတွေမှာ စက်ရုံ ဆောက်ဖို့ မြေယာတွေ ရှင်းလင်းတာတွေ လုပ်တော့ ဒေသခံ တွေက အဝင်မခံဘဲ မြေတူးစက်တွေရှေ့မှာ ပိတ်ရပ် နေကြတာတို့ ဘာတို့ ဖြစ်နေတယ်။ အခြေအနေက တော်တော်လေးကို တင်းမာနေတယ်။ အဲဒီနေရာက ကျနော့် မဲဆန္ဒနယ်မြေဖြစ်တော့ ကျနော်ကိုယ်တိုင် ဆင်းမယ်။ ကျနော့်ကိုလည်း ကပစက ဗိုလ်ချုပ်တွေ က လုပ်ပါဦးဆိုပြီး ခေါ်ယူညှိနှိုင်းတာတွေ ရှိနေပါတယ်။ ကျနော်အနေနဲ့တော့ ပြည်သူတွေအကျိုး ဦးထိပ်ပန်ဆင်မယ်ဆိုရင် ပြည်သူ့မျက်နှာ ကြည့်သင့် တာပေါ့” ဟု ဦးလှဆွေက ဆိုသည်။

လက်နက်စက်ရုံအတွက် ပေါက်ပံဆိုင်း၊ ငလယ် ဂုံနှင့် နက်ပြာကျေးရွာမှ လယ်မြေများကို သိမ်းယူ သည့်အပြင် ရွာလုံးကျွတ်ရွှေ့ပြောင်းခိုင်းမှုများ ရှိနေ သည့်အတွက် ဒေသခံများက ရွာလုံးကျွတ် ပြောင်း ရွှေ့ရန် ငြင်းဆန်နေကြကြောင်း၊ တပ်မတော်အနေ ဖြင့် ပြောင်းရွှေ့ခံ ကျေးရွာသူ၊ ကျေးရွာသားများ အတွက် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ပေးခြင်း၊ မြေလွတ်မြေရိုင်းများ ဖော်ထုတ်ပေးခြင်း လုပ်ဆောင် ရန် လိုအပ်ကြောင်း ဦးလှဆွေက ရှင်းပြသည်။

“ပြောင်း၊ ပြောင်းဆိုပြီး အတင်းအကျပ်ပြောင်း ရွှေ့ခိုင်းလို့ရမလားဗျ။ အိမ်လေး ဆောက်ပေး၊ လယ် ယာမြေ အသစ်တွေထပ်ပြီး ဖော်ထုတ်ပေးတာတွေ လုပ်ရမှာပေါ့။ အဲဒီလို လုပ်ဖို့ဆိုရင်လည်းသူတို့ပိုက်ဆံ ကုန်စရာမလိုဘူး။ အစိုးရဘတ်ဂျက်ထဲကနေလုပ်ပေး လို့ရတာပဲ။ ကျနော်တို့ လွှတ်တော်ကို တင်ပြလာရင် လည်း လွှတ်တော်ကလိုအပ်တဲ့ ဘတ်ဂျက်ကို ခွင့်ပြု ပေးမှာပဲ။ အခုက နှင်ထုတ်ပြီး ဘာမှလုပ်မပေးတော့ ဘယ်သူက ပြောင်းပေးမလဲ” ဟု ၄င်းက ဆက်လက် ပြောသည်။

ယခင်အစိုးရလက်ထက် တပ်မတော်က ဆော မြို့နယ်မှ လယ်မြေများ သိမ်းယူခဲ့ရာတွင် တဧက ငွေကျပ် ၅၀ဝ နှုန်း လျော်ကြေး သတ်မှတ်ပေးခဲ့ ကြောင်း သိရသည်။

Irrawaddy ဧရာဝတီ သတင်း

သမ္မတကြီးအလိမ်ခံရတဲ့ ပွဲ


(၁၆.၁.၂ဝ၁၄ - ကြာသပတေးနေ့ထုတ် “စံတော်ချိန် နေ့စဉ်သတင်း စာ” တွင် ဘို(ဆင်တလည်)မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် တွေ့ဆုံမေးမြန်းခဲ့သည့် “သမ္မတကြီးအလိမ်ခံရတဲ့ ပွဲကြီးလို့ပဲ ကျွန်တော်မြင်ပါတယ်။ သန်း ၆ဝ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ကြပါ။” ဟူသော ဆောင်းပါးအား တင်ပြခြင်းဖြစ်ပါသည်။)
နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ၂ဝဝ၁ ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့မှာ စာရေးဆရာ၊ ဒါရိုက်တာ ဘဘ ဦးသုခ စတင်တည်ထောင် သည်။ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ ကျော်သူက အနုပညာသက် တမ်း (၁၆) နှစ်နီးပါး ဖြတ်သန်းခဲ့သော အချိန်အထိ မိဘပြည်သူ ပရိသတ်များ ချီးမြှင့်သော အနုပညာငွေများဖြင့် မိသားစုစားဝတ်နေရေး အပြင် သားသမီးတွေကိုလည်း ပညာတတ်များဖြစ်လာအောင် ပြုစုပျိုးထောင် ပေးနိုင်ခဲ့သည့်အတွက် ပရိသတ်များကို ကျေးဇူးဆပ် သည့်အနေဖြင့် သူ၏ကျေးဇူးရှင်ဆရာဖြစ်သော ဘဘ ဦးသုခထံ အလှူငွေများ သွားရောက်လှူဒါန်းခဲ့ရာမှ စတင်ကာအသင်းတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။ ၂ဝဝ၈ မှ စတင်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ဥက္ကဋ္ဌ ဦး ဆောင်နေသော ဦးကျော်သူနှင့် လတ်တလော မြန်မာ့နိုင်ငံရေးအခင်းအကျင်းနှင့် ပရဟိတဆိုင်ရာများနှင့် ပတ်သက်၍ စံတော်ချိန်က မေးမြန်းခဲ့သည်များမှ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

မေး- ပရဟိတလုပ်ငန်များ အများအပြား ပေါ်ထွက်လာမှုအပေါ်မှာ မှတ်ချက်စကားပြောပြပေးပါဦး။

ဖြေ- ဒီလိုအသင်းအဖွဲ့တွေ ပေါ်ပေါက်လာတာဟာ တိုင်းပြည်အတွက်
ကောင်းတယ်။ မင်္ဂလာလည်းရှိပါတယ်။ တိုင်းသူပြည်သားတွေ အတွက်လည်း အများကြီး အကူအညီရတာပေါ့။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေအတွက် လည်း အင်မတန်မြင့်မြတ်တဲ့ အလုပ်တွေမို့ မင်္ဂလာ ရှိပါတယ်။ ဒါပေမဲ့ တချို့အသင်းအဖွဲ့တွေက ပရဟိတ ဆိုတာကို အကြောင်းပြပြီး မိမိနာမည်ကြီးချင်လို့၊ အကြည်ညိုခံချင်လို့။ ဒီထက်ဆိုး တာက အများအလှူငွေကို မိမိကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်ပစ်ကြတယ်။ ဒါဟာ အတ္တကြီးချင်းပဲ။ အဲဒီလို အတ္တတွေနဲ့ဆို ပရဟိတ လုပ်ငန်းတွေကို မလုပ်ကြပါနဲ့။ အတ္တကြီးတဲ့ ရည်ရွယ်ချက် အဆိုးတွေနဲ့ ပရဟိတလုပ်ငန်းတွေကို မလုပ်ကြတာ အကောင်းဆုံးပဲလို့ ပြောချင်ပါတယ်။ ရပ်ရွာပြည်သူလူထု အများအကျိုးသယ်ပိုးချင်လို့ လုပ်တယ်ဆိုရင်တော့ ဒါဟာအင်မတန် ကောင်းပါတယ်။ အဲဒီလို အများကောင်းကျိုးအတွက်မဟုတ်ဘဲ လူတစ်ယောက်၊ အသင်းအဖွဲ့ ကောင်းစားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပရဟိတဆိုတာကိုအသုံးချပြီး ထူထောင်ကြမယ်ဆိုရင် အမှားကြီးမှားကြ လိမ့်မယ်လို့ သတိပေးပြော ချင်ပါတယ်။

မေး- ပရဟိတအများအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေသူတွေကို ဘယ်လိုစိတ်ဓာတ်မျိုး ထားရှိသင့်သလဲဆိုတာ ပြောပြပေးပါလား။

ဖြေ- မြတ်စွာဘုရားရှင်ရဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ကျင့်သုံး ရမယ်။ ကိုယ့်မှာရှိနေတဲ့ အတ္တတွေကို လုံးဝမရှိတော့အောင် ကြိုးစားရမယ်။ အများအကျိုး လုပ်ဆောင်တဲ့အခါ ကိုယ့်အတ္တမပါဘဲ လုပ်ဆောင်နိုင်ရမယ်။ အများအကျိုးအတွက်ဆို ကိုယ်ဘယ် လောက်အထိ ပေးဆပ်နိုင်လဲ။ အနစ်နာခံနိုင်လဲ။ ဒီလိုပရဟိတအများအကျိုး လုပ်ကြတဲ့အခါမှာ အတိုက်အခိုက်တွေနဲ့ ကြုံတွေ့ရတတ်ပါ တယ်။ ကျွန်တော်တို့ဆို ဘဝပျက်လောက်အောင်အထိ အတိုက်အခံတွေရှိခဲ့ပါတယ်။ ဒီအခက်အခဲတွေကို သစ္စာတရားနဲ့ကျော်လွှားနိုင်ရမယ်။ ကိုယ့်လုပ်ရပ် အပေါ်လည်း သစ္စာရှိရမယ်။ ပရိဟတအများအကျိုးကိုသယ် ပိုးတယ်။ မှန်မှန်ကန်ကန်လုပ်ရမယ်။ သစ္စာတရားဆိုရဲရမယ်။ ကူညီတဲ့နေရာမှာ လည်း စေတနာကအရေးကြီးတယ်။ ကိုယ်ချင်းစာစိတ် စာနာစိတ်ရှိရ မယ်။ လူမျိုးဘာသာကွဲပြားနေလို့ ငါတို့လူမျိုးပဲကူညီမယ်ဆိုတဲ့ စိတ်ထား မျိုးမရှိရဘူး။ လူမျိုးဘာသာ ဘယ်လိုပဲကွဲပြားပါစေ။ ဆင်းရဲချမ်းသာမရွေး။ မိတ်ဆွေရန်သူ မခွဲခြားဘဲ လူသား အချင်းချင်း ကူညီရမယ်။ ဒုက္ခရောက်နေကြတဲ့ လူသားတိုင်းကို ကူညီရမယ်ဆိုတဲ့ စိတ်ထားမျိုးထားရှိဖို့က အရေးကြီးတယ်။

မေး- မြန်မာနိုင်ငံရဲ့ နေရာဒေသအနှံ့မှာရှိနေကြတဲ့ ပရဟိတအသင်း အဖွဲ့တွေက ပြည်သူလူထုရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ လုံလောက်မှုရှိတယ်လို့ ထင်ပါသလား။

ဖြေ- လုံလောက်မှုကတော့မရှိပါဘူး။ အနယ်နယ်အရပ်ရပ်က ပရဟိတ အသင်းအဖွဲ့တွေဆိုရင် အသင်းအဖွဲ့ ထူ ထောင်ကြဖို့အတွက် အခက် အခဲပေါင်းများစွာနဲ့ ကြုံတွေ့နေရတယ်။ အလှူငွေကြေး အခက်အခဲက အစ သွားလာရေး လွယ်ကူနိုင်အောင် မော်တော်ကားတွေလိုအပ်မယ်။ နိဗ္ဗာန်ယာဉ် လူနာတင်ကား တွေပြည့်စုံမှ အများပြည်သူလူထုကို ထိထိရောက်ရောက်ကူညီနိုင်ကြမှာ။ ဒီလို ပြည့်စုံဖို့ကလည်း အဓိကလိုအပ်ချက်က အစိုးရဘက်က ပံ့ပိုးကူညီမှုတွေလိုအပ်ပါတယ်။ မပံ့ပိုးပေးတဲ့အပြင် အစိုးရဘက်က တားမြစ်တာတို့ နှောင့်နှေး ကြန့်ကြာအောင်လုပ်တာတွေ၊ ပိတ်ဆို့တာတွေလုပ်နေရင် ပရဟိတ အသင်းအဖွဲ့တွေ ဘယ်လောက်ပဲများများ ပြည်သူတွေအတွက် ထိရောက်အောင် ကူညီနိုင်မှာမဟုတ်ပါဘူး။ အစိုးရအနေနဲ့ ပရဟိတ အသင်းအဖွဲ့တွေ ပေါ်မှာ နားလည်မှုရှိရမယ်။ ပရဟိတအဖွဲ့ဆိုတာက နိုင်ငံရေးလုပ်တဲ့အဖွဲ့အစည်း၊ ပါတီထောင်တာမဟုတ်ဘူး။ အများ အကျိုးအတွက် ကိုယ့်ကျိုးစွန့်ပြီး လုပ်နေကြတဲ့သူတွေပါ။ ပရဟိတ လူမှုကူညီရေး သက်သက်လုပ် နေကြတဲ့အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။ ဒီလိုအဖွဲ့အစည်းတွေကို အစိုးရအနေနဲ့ လျော့သင့်တာ လျော့ ပေးသင့်ပါတယ်။ ပရဟိတအဖွဲ့အစည်းဆိုတာလည်း နှစ်မျိုးရှိပါ တယ်။ ပြည်တွင်းက အလှူငွေနဲ့ ရပ်တည်နေကြတဲ့ လူမှုရေးအဖွဲ့ တွေရှိကြသလို၊ ပြည်ပက နိုင်ငံခြားရေးထောက်ပံ့ငွေနဲ့ ရပ်တည်နေကြ တဲ့ INGO နှင့် NGO အဖွဲ့အစည်းတွေလည်း ရှိကြပါတယ်။ ပြည်ပနိုင်ငံခြား ထောက်ပံ့ငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းတွေ ကိုတော့ အစိုးရကစည်း မျဉ်းစည်းကမ်းအတိုင်း လုပ်သင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့လို မြန်မာပြည်ကလှူတဲ့ အလှူငွေတွေနဲ့ ရပ်တည်နေကြတဲ့ လူမှုရေးပရဟိတအဖွဲ့အစည်းတွေကို ငွေကြေးရှင်း တမ်း အတိအကျအမှန်ရှိနေရင် အစိုးရအနေနဲ့ စည်းကမ်းပိုင်းဆိုင်ရာ တားမြစ်တာတွေ ဘာမှလုပ်စရာ မလို တော့ဘူး။ မမှန်မကန်လုပ်ပြီး လူမှုရေးဖောက်ပြန်ခဲ့ရင်လည်း တရားဥပဒေရှိတယ်။ ဥပဒေအတိုင်း စီရင်သွား လိမ့်မယ်။ ဒီလိုပြည်ပကထောက်ပံ့နေတဲ့ ဒေါ်လာငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းတွေကို ကျွန်တော် တစ်ခုလောက် မေးကြည့်ချင်ပါတယ်။ ဥပမာပြောရရင် ပြည်သူက ဒေါ်လာ ငွေတစ်သိန်း ထောက်ပံ့ အလှူငွေ ရတယ်ဆိုပါတော့။ ပြည်သူလူထုအကျိုး အတွက်ကို ဒေါ်လာငွေ ဘယ်နှစ်သောင်း၊ ဘယ်နှစ်ထောင်လောက် များ အသုံးချပြီးပြီလဲလို့ မေးချင်ပါတယ်။ ကိုယ့်အိတ်ထဲတာ ဒေါ်လာ ဘယ်လောက်ရှိနေပြီလဲဆိုတာ ပြန်ပြီး သုံးသပ်ဖို့တော့လိုနေပြီ။ ကျွန်တော်တို့အသင်းကိုလည်း ဟိုတလောက ပြည်ပက အထူးကု ဆရာဝန်ကြီးတွေ လာတယ်။ သူတို့က ဧရာဝတီတိုင်းဘက်က ပြည်သူလူထုတွေကို အခမဲ့ ဆေးလာရောက်ကုသပေးတဲ့အဖွဲ့ ဖြစ်တယ်။ သူတို့ပြန်ခါနီး ကျွန်တော်တို့ အသင်းကိုလာပြီး သူတို့ အသုံးပြုခဲ့ပြီး ပိုလျှံနေတဲ့ ဆေးဝါးတွေကို ကျွန်တော်တို့အသင်း ကိုလာလှူတယ်။ အဲဒီအလှူနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့က လူကြီး တစ်ယောက်က ကျွန်တော်တို့အသင်းကို ဒီလိုဆေးဝါးတွေ သွားလှူ တယ်ဆိုရင် နောက်တစ်ကြိမ် ခင်ဗျားတို့ မြန်မာပြည်ကို လာဖို့ အခက်တွေ့သွားမယ်ဆိုပြီး ခြိမ်းခြောက်သလိုပြောတယ်လို့ ကျွန်တော် သိခဲ့ရတယ်။ ဒါတွေဟာ လူသားချင်း စာနာစိတ်ကင်းမဲ့တဲ့ လုပ်ရပ်တွေ ပဲ။ အဲဒီတော့ အစိုးရက တရားဝင်ဆိုင်းဘုတ် တပ်ပြီး ကြေငြာထားတဲ့ “နိုင်ငံခြားခရီးသွား ဧည့်သည်များကိုကူညီပါ။” ဆိုတဲ့ စာသားကို ဘယ်မှာသွားထားတော့မှာလဲ။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ တကယ်ကို ကိုယ်ထူကိုယ်ထစနစ်နဲ့ လုပ်နေကြတဲ့ အရပ်ဖက် လူမှုရေးအဖွဲ့အစည်းတွေ ပေါင်းစုံအစည်း အဝေးလုပ်တဲ့အခါမှာ ကျွန်တော်တို့တစ်တွေမှာ တန်ဖိုးကြီးဟိုတယ် တွေငှားပြီး အစည်းအဝေးလုပ်နိုင်ကြတဲ့ အဆင့်မရှိဘူး။ မလုပ်ဘူး ဆိုတာကလည်း ပြည်သူလူထုက အများ အကျိုးအသုံးပြုဖို့ လှူဒါန်း ထားကြတဲ့ငွေတွေကို အလဟသဟိုတယ်တွေကို ပေးသုံးပြီးလုပ်ရတဲ့ အနေအထား မျိုးကို ကျွန်တော်တို့က ဘယ်တော့မှမလုပ်ပါဘူး။ ကိုယ့်အသင်းမှာ လုပ်ချင်လုပ်မယ်။ ဒါမှမဟုတ် ကျောင်းမှာ လုပ်ချင် လုပ်မယ်။

မေး- အစိုးရဖွဲ့စည်းတဲ့ လူမှုရေးအသင်းတွေနဲ့ ပုဂ္ဂလိက အရပ်ဖက် လူမှုရေးအသင်းတွေကြားမှာ ကွာခြားချက်တွေ ရှိပါသလား။

ဖြေ- ကွာခြားချက်ရှိပါတယ်။ အစိုးရဘက်အဖွဲ့အစည်းဆိုရင် ကြံ့ခိုင်ရေးက ထူထောင်ထားတဲ့ အဖွဲ့တွေရှိ တယ်။ သူတို့ဘာတွေ ဘယ်လိုလုပ်တယ်ဆိုတာ ဘယ်အဖွဲ့က ပြည်သူလူထုအပေါ်မှာ ထိထိရောက်ရောက်ကူညီနေ သလဲဆိုတာ ပြည်သူလူထုကသာ အသိဆုံးပါ။ ဘယ်အဖွဲ့အစည်းကတော့ ဟန်ဆောင် လုပ်နေတယ် ဆိုတာက အစ ဒါဟာကိုယ့်အတွက်လုပ်နေတာလား။ အများကောင်း ကျိုးအတွက် လုပ်နေတာလားဆိုတာကို ပြည်သူ လူထုကပဲ ဆုံးဖြတ် ပေးလိမ့်မယ်။ ကျွန်တော်ကတော့မပြောချင်ပါဘူး။ ဒါကြောင့် ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့ လိုတယ်ဆိုတာ အဲဒါကိုပြောတာ။ လူမှုရေးသစ္စာဆိုရဲဖို့ အရေးကြီးတယ်။

မေး- အစိုးရအဖွဲ့က အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို ဘယ်လိုကူညီ မှုတွေ ပေးသင့်သလဲ။

ဖြေ- လူမှုရေးအဖွဲ့အစည်းတွေကို ကျွန်တော်တို့လို မြန်မာပြည်သူ လူထုကလှူဒါန်းကြတဲ့ အလှူငွေတွေနဲ့ ရပ်တည် နေကြတဲ့ အဖွဲ့အစည်းကိုတစ်မျိုး၊ ပြည်ပက နိုင်ငံခြားဝင်ငွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်း တွေကိုတစ်မျိုး၊ နှစ်မျိုးခွဲခြားမြင်သင့်တယ်။ အမှန်တော့ ကျွန်တော်တို့ အဖွဲ့အစည်းတွေက အစိုးရမဟုတ်သော အရပ်ဖက်လူမှု အဖွဲ့အစည်းတွေပါ။ အစိုးရချုပ်ကိုင်မှု မရှိသင့်တော့ပါဘူး။ ကျွန်တော် တို့ကို ချုပ်ကိုင်ချင်တယ်ဆိုရင် ဒီပြည်ပ နိုင်ငံခြားဒေါ်လာ ထောက်ပံ့ လှူဒါန်းငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းတွေကို ပြည်ထဲရေး လက်အောက်မှာ ထားသင့်တယ်။ ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အ စည်းတွေဘက်ကို ထားဖို့မလိုအပ်ဘူး။ ကျွန်တော် တို့အဖွဲ့တွေက မြတ်စွာဘုရားရဲ့ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ကျင့် သုံးနေကြတဲ့အဖွဲ့တွေပါ။ မြတ်စွာရဲ့ တရားကိုကျင့်သုံးနေကြတဲ့ ဒီအဖွဲ့တွေကို စည်းမျဉ်းစည်းကမ်းတွေ ဘောင်တွေနဲ့လာ ပြီးချုပ် ကိုင်နေမယ်ဆိုရင် ပုဂံပြည်က မနူဟာဘုရားလို မြတ်စွာဘုရား အကျဉ်းချထားသလိုဖြစ်လိမ့်မယ်။ ကျွန်တော်တို့လူမှုရေး လုပ်တယ်ဆို တာ အလှူငွေတွေကို စနစ်တကျသုံးပြီးတော့ စာရင်းစစ်နဲ့လုပ်ကြပြီး အတွင်းစာရင်းစစ်၊ အပြင် စာရင်းစစ်တွေနဲ့ လုပ်ထားတဲ့ ငွေစာရင်း ရှင်းတမ်းတွေကို လစဉ်တိုင်းတိုင်း၊ မြို့နယ်၊ ရပ်ကွက် အကုန်လုံး အာဏာပိုင်အဖွဲ့အစည်းတွေဆီ ပို့ပေးနေရတယ်။ ဒီလိုပို့ပေးနေ ရတာကကျွန်တော် တို့ကို အမြင်ရှင်းဖို့လိုတယ်။ ကျွန်တော်တို့အဖွဲ့က နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး။ ပြည်သူကို တစ်ဖက်တစ်လမ်းက ကူညီနေတာ။ အမြင် မရှင်းဘဲနဲ့ ကျွန်တော့်နောက်ကို S.B ထောက် လှမ်းရေးတွေလိုက်တယ်။ လိုက်ပြီးတော့ ဘာတွေလုပ်လဲဆိုတော့ အမြဲတမ်း ဘယ်သွားသွားလိုက်နေတယ်။ လိုက်နေတယ်ဆိုက တည်းက ဒါအမြင်မရှင်းလို့ဘဲ။ ကျော်သူ လုပ်တဲ့ အလုပ်က မသာချတဲ့ အလုပ်ပဲလုပ်တာ။ ကျော်သူနောက်လိုက်တယ်ဆိုရင်တော့ သင်္ချိုင်း ကုန်းနဲ့ ဘုန်းကြီးကျောင်းပဲရောက်မယ်။ ဒီဟာတွေကို အမြင်ရှင်းဖို့လိုပြီ။ ဘယ်အစိုးရတက်တက် ကျော်သူက မသာချနေမှာပဲ။ ဒါကို အတန် တန်ပြောထားပြီးပြီ။ ပြောထားရက်နဲ့ ဒီလိုမျိုး နောက်ကလိုက်တယ်။ စည်းကမ်း တွေတင်းကြပ်တယ်။ ချုပ်ကိုင်တယ်။ ကယ်ဆယ်ရေး လုပ်တယ်ဆိုရင်ဗျာ။ ဥပမာ အရေးပေါ်ကယ်ဆယ်ရေး ပခုက္ကူရေဘေး ဒုက္ခသည် ကယ်ဆယ်ရေးတုန်းကဆိုရင် သွားကယ်ဖို့ လှေတွေငှား ထားပြီးပြီ။ ကျွန်တော်တို့အဖွဲ့ တွေ ပစ္စည်းဝယ်ပြန်လာလို့ လှေပေါ်တက် မယ်ဆိုပြီး ကမ်းစပ်ရောက်တော့ လှေတွေကတစ်စင်းမှ မရှိကြတော့ ဘူး။ ကျော်သူတို့အဖွဲ့ကငှားရင် လှေမငှားရဘူးဆိုတဲ့ မြို့နယ်က အမိန့်ထုတ်ထားလို့ဆိုပြီး လှေပိုင်ရှင်တွေက ကြောက်ပြီး ထွက်ပြေးကြ တယ်။ အဲဒီတော့ကယ်ဆယ်ရေး ဘယ်လိုထိရောက်တော့မလဲ။ ဒီလိုအချိန်တွေ၊ ကွာဟမှုတွေကြားထဲမှာ လူတွေ၊ အသက်တွေ ဘယ်လောက်တောင် ဆုံးရှုံးကြရမလဲ။ ဒါကို ထည့်တွက်ရမယ်။ ကျွန်တော်တို့က အချိန်နဲ့တပြေးညီ ကယ်ဆယ်ရေးလုပ်ရတယ်။ ကျွန်တော်တို့လို အဖွဲ့အစည်းမရှိဘူးဆိုရင် အစိုးရကရော လုပ်နိုင် သလား။ ဒါကို မေးချင်တယ်။ အစိုးရပိုင်းက ထိထိရောက်ရောက် လုပ်နိုင်ရင် ကျွန်တော်တို့လို လူမှုရေးအဖွဲ့တွေ ရှိနေစရာမလိုဘူး။ ပြည်သူလူထုက ဒီလူမှုရေးပရဟိတအဖွဲ့တွေကိုပဲ အားကိုးနေရတာ ပါ။ ဒါကို ချုပ်ကိုင်ဟန့်တားနေကြမယ်ဆိုရင် ပြည်သူလူထုကလည်း အစိုးရကို ငြိုငြင်လာလိမ့်မယ်။ ပြည်သူ လူထုငြိုငြင်လာရင် သူတို့ အတွက် အစိုးရအနေနဲ့ အလားအလာမကောင်းတော့ဘူး။ ဒါကို သိထားသင့်တယ်။

မေး- သမ္မတဦးသိန်းစိန်အနေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို တွေ့ဆုံတာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါ သလဲ။

ဖြေ- ပထမအကြိမ်နေပြည်တော်မှာ အရပ်ဖက်လူမှုရေး အဖွဲ့ အစည်းတွေ့ဆုံမှုမှာ လူမှုရေးအသင်းအဖွဲ့တွေ သိပ်မပါဘူး။ ကျွန်တော်တို့အဖွဲ့ပဲပါတယ်။ နောက်ဆုံးတွေ့ဆုံတာကတော့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ တွေ့ဆုံခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်တို့အဖွဲ့ ဖိတ်စာမရဘူး။ မြန်မာနိုင်ငံမှာ အကြီးဆုံး လူမှုအဖွဲ့အစည်းလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ နာရေး ကူညီမှုအသင်းကို ဖိတ်စာမပေးဘူး။ လုပ်တဲ့သူတွေကလည်း စောစော က ကျွန်တော်ပြောခဲ့တယ်။ နိုင်ငံခြားထောက်ပံ့ လှူဒါန်းမှု ဒေါ်လာငွေတွေနဲ့ ရပ်တည်နေကြတဲ့ ဒေါ်လာစားအဖွဲ့တွေ၊ သူတို့ ဖိတ်သင့်တဲ့သူတွေကိုတော့ ဖိတ်တယ်။ အဲဒီမှာ စကားပြောခွင့် (၁၁) ဖွဲ့ကို တစ်ဖွဲ့ချင်းစီအမည် ကြေညာတော့ နာရေးကူညီမှုအသင်းမပါဘူး။ အဲဒီအဖွဲ့တွေထဲမှာ ဟန်ဆောင်လုပ်နေကြတဲ့အဖွဲ့တွေ အများ ကြီးပါ တယ်။ ပစ္စည်းကြေညာတာတွေ လုပ်ကြတယ်။ ကျွန်တော်၊ ကျွန်မတို့ အဖွဲ့က ဘယ်လိုရန်ပုံငွေရအောင် ဘာကိုရောင်းပါတယ်ဆိုပြီး ပစ္စည်းကြေညာပွဲကြီး ဖြစ်သွားတယ်။ ဒီဟာတွေက သမ္မတကြီးအနေနဲ့ တိတိ ကျကျမသိဘူး။ အဲဒါကြောင့် “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ ရင်” ဆိုတဲ့စာအုပ်ကိုထုတ်တာ။ အားအား ယားယားထုတ်တာ မဟုတ်ပါဘူး။ ဒီစာအုပ်ထုတ်တာ သမ္မတကြီးအနေနဲ့ ပြည်သူလူထု အတွက် ဘာလုပ်သင့် တယ်။ အောက်ခြေက လူထုဒုက္ခတွေ ဘယ်လိုဖြစ်နေလဲဆိုတာသိအောင် ဒီလူမှုရေးအဖွဲ့အစည်းတွေကို (၅) မိနစ်၊ (၁ဝ) မိနစ်စာလောက်လာတွေ့ကြည့်ပါ။ ဒါမှ အားလုံးသိသွား မယ်။ အဲဒီအတွက် ကျွန်တော်ဒီစာအုပ်ကို ရေးတာ။ အခုဟာက သမ္မတကြီးကို လိမ်နေကြတယ်။ ဝိုင်းပြီးလိမ်နေကြတာလို့ မြင်မိတယ်။ လူမှုရေးအဖွဲ့ အစည်းတွေ တွေ့ဆုံပွဲဆိုတာ သမ္မတကြီး ဦးသိန်းစိန်ကို ဝိုင်းလိမ်တဲ့ပွဲကြီး၊ သမ္မတကြီးအလိမ်ခံရတဲ့ပွဲကြီးလို့ပဲ ကျွန်တော်မြင် ပါတယ်။

မေး- ဒီနေ့ခေတ်လူငယ်တွေ ပရဟိတအပေါ်မှာ စိတ်ဝင်စားမှုမြှင့် တက်လာခြင်းအပေါ် မှတ်ချက်စကားလေး ပြောပေးပါဦး။

ဖြေ- အခုလိုပရဟိတစိတ်ဓာတ်တွေ မွေးဖွားလာကြတာဟာ တိုင်းပြည်အတွက်ကောင်းပါတယ်။ လူငယ်တွေ ကိုယ်ထူကိုယ်ထ စိတ်ဓာတ်တွေ ပေါ်ပေါက်လာကြတာ အင်မတန်ကောင်းပါတယ်။ ဒီလိုပေါ် ပေါက်လာကြတဲ့ ပရဟိတလူမှုရေးအဖွဲ့အစည်းတွေ စိတ်ပျက်သွားစေမယ့်ကိစ္စမျိုး ဥပမာ မှတ်ပုံမတင်ဘူးဆိုရင် ထောင်ဒဏ် ဘယ်လောက်တို့ဆိုတာ အစိုးရအနေနဲ့ မလုပ်သင့်ပါဘူး။ မှတ်ပုံ တင်ကြေးဆိုတာလည်း မရှိသင့်တော့ပါဘူး။ မြို့နယ်အာဏာပိုင်က ခွင့်ပြုရင် မှတ်ပုံတင်စရာမလိုဘူးဆိုတဲ့ ဥပဒေမူကြမ်းမှာပါလာတယ်။ ဥပမာ မြောက်ဥက္က လာပမြို့နယ်ကနေ ရန်ကုန်ဆေးရုံကြီးကို သွားချင် တယ်ဆိုပါတော့။ ဒီမြို့နယ်ဖြတ်ကျော်ခွင့် မြို့နယ်အာဏာ ပိုင်ခွင့်ပြု ချက်ရမှ သွားခွင့်ရမယ်ဆိုရင် အရေးပေါ်လူနာတွေဆို အဲဒီခွင့်ပြုမိန့်ကို စောင့်နေရင်းနဲ့သေသွား လိမ့်မယ်။ သန်း (၆ဝ) ပြည်သူလူထုတွေရဲ့ အသက်တွေကို ကယ်တင်ကြပါ။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး တွေကို ကယ်တင်နိုင်တဲ့ ဥပဒေမျိုးကိုသာလုပ်ကြပါ။ INGO အဖွဲ့ပြည်ပထောက် ပံ့ငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့ကလုပ်တဲ့ ဥပဒေကြမ်းကျတော့ လွှတ်တော်မှာသွားဆွေးနွေးမယ့် အဆင့်ရောက်နေကြပြီ။ ကျွန်တော်တို့ အရပ် ဖက်လူ့အဖွဲ့အစည်းတွေ၊ မြန်မာပြည်မှာရှိနေကြတဲ့ ပရဟိတ လူမှုရေးအသင်း အဖွဲ့အစည်းပေါင်း (၅ဝဝ) ကျော်စုပေါင်း ပြီးတော့ အစည်းအဝေးလုပ်ကာ ဘုံသဘောထားကိုကြေညာပြီး လွှတ်တော်ကို တင်ထားတယ်။ ဒါကျတော့ လွှတ်တော်မှာ မဆွေးနွေးကြဘူး။ ပြီးတော့ ဝန်ကြီးအမတ်တစ်ယောက်ကလည်း ပြောလိုက်သေးတယ်။ ဒါနိုင်ငံ တကာစံနှုန်းနဲ့ ညီပါတယ်တဲ့။ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ညီစရာ မလိုပါဘူး။ ပြည်တွင်းမှာ လူမှုရေးလုပ်တယ်ဆိုတာ ပြည်တွင်းမှာပဲ ပြည်သူလူထုတွေ အဆင်ပြေဖို့ အရေးကြီးပါတယ်။

မေး- ဒီနေ့ခေတ် ကိုယ်ထူကိုယ်ထစနစ်နဲ့ ကြိုးစားလုပ်ဆောင်နေကြတဲ့ ပရဟိတလူမှုရေး အဖွဲ့အစည်းတွေပေါ်မှာ အမှတ်တရ စကားလေြးေ ပြောပေးပါဦး။

ဖြေ- ကျွန်တော့်အနေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းဥပဒေဆိုတာကို အစိုးရအနေနဲ့ လွှတ်တော်မှာဆွေးနွေးကြမယ့် အပိုင်းကို အတတ်နိုင် ဆုံး ကန့်ကွက်နေပါတယ်။ ဒီလိုကန့်ကွက်မှုတွေလုပ်နေတယ်ဆိုတာ ကျွန်တော်တို့ ရန်ကုန်နာရေးကူညီမှုအသင်းအဖွဲ့အတွက် မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ မှတ်ပုံတင်ကြေး ငါးသိန်း၊ ဆယ်သိန်း၊ သိန်းငါးဆယ် ဆိုလည်းရတယ်။ ဒါပေမဲ့ တကယ့်ကို ကိုယ်ထူ ကိုယ်ထ စနစ်နဲ့အားကိုးပြီး ရပ်တည်နေကြရတဲ့ ပရဟိတလူမှုရေး အဖွဲ့ အစည်းတွေ၊ နယ်မှာရှိနေတဲ့ အသင်းအဖွဲ့ပေါင်းများစွာအတွက် မှတ်ပုံ တင်ကြေးတို့၊ ပိတ်ဆို့တာတို့ ဒီလိုချုပ်ကိုင်မှုတွေ ဒဏ်တွေကို ခံနိုင်ရည် မရှိကြတော့ဘူး။ မရှိတော့ ကျွန်တော်တို့က မြန်မာပြည်မှာ ရှိနေကြတဲ့ ပရဟိတလူမှုရေး အဖွဲ့အစည်းတွေ အားလုံးကိုယ်စား ထပ်တူခံစား ပြီးတော့ ရှေ့ဆုံးက ရပ်တည်ပေးပြီး လုပ်ပေးနေပါတယ်။ အားလုံးဒီ အချိန်မှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပရဟိတစိတ်ဓာတ်တွေနဲ့ အများကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်ကြပါ။ လူသား ချင်း စာနာထောက်ထားစိတ်တွေ မွေးဖွားကြပါ။ ဘယ်လိုအခက်အခဲ တွေကြုံခဲ့ပါစေ သစ္စာရှိကြပါ။ တကယ့်ကို လူမှုရေးသစ္စာဆိုရဲ လောက်အောင် လုပ်ကြပါ။ တစ်ချိန်တုန်းက နာရေးကူညီမှုအသင်း (ရန်ကုန်) စလုပ်တုန်းက အခက် အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါကြောင့် စိတ်ဓာတ်မကျဘဲ အများကောင်းကျိုးလုပ်တာပဲ။ လုပ်စရာရှိတာ ဆက်လုပ်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။
(စံတော်ချိန် နေ့စဉ်သတင်းစာနှင့် တွေ့ဆုံမေးမြန်းသူ ဘို (ဆင်တ လည်) အား အထူးကျေးဇူးတင်ရှိပါသည်။)

ကျော်သူ
Downmanhon

အဝေရာ မီးပုံးပျံကွင်းကို တပ်ပိုင်အဖြစ်သတ်မှတ်ခြင်းအား လုံးဝလက်မခံပါ


မြန်မာပြည်မှာ တပ်ပိုင် ၊ တပ်မြေ ၊ တပ်နယ် ဆိုပြီး လုပ်ထားတဲ့ ပြဿနာတွေကတော့ အတော်ကို ကြီးမားနေပြီဆိုတာ ဘယ်လိုမှ ငြင်းလို့ မရတော့တဲ့ ကိစ္စတစ်ရပ်ဖြစ်လာပါပြီ ။ လူနေထူထပ်သိပ်သည်းလှတဲ့ ရန်ကုန်မြို့ကြီးရဲ့ အလည်ခေါင်မှာ စိုက်ထူထားတဲ့ တပ်နယ် မကျူးကျော်ရ ဆိုတဲ့ အနီရောင် ဆိုင်းဘုတ် တွေဟာ ပြည်သူလူထုတွေရဲ့ ရင်ထဲကို စို့နှက်ထားသလိုခံစားနေခဲ့ရပါတယ် ။ အရပ်ထဲရွာထဲ နာကျည်း ခံပြင်းလှစွာနဲ့ တပ်ပိုင်နေသမျှတော့ တိုင်ပတ်နေမှာပဲ ဆိုတဲ့ စကားလုံးတွေကလည်း နားနဲ့ မဆံ့ အောင်ကြားနေရပါတယ် ။ အခု လတ်တလောမှာပဲ ̏ တပ်ပိုင်လို့ တိုင်ပတ် ̋ရတဲ့ တောင်ကြီးမြို့က ဖြစ်ရပ်တစ်ခု အကြောင်းတရားတစ်ခုကို တင်ပြလိုက်ချင်ပါတယ် ။

တောင်ကြီးမြို့က ရွှေဘုန်းပွင့် နဲ့ ရွှေမုဌော ဘုရားစေတီများ တည်ထားကိုးကွယ်ရာ တောင်ခြေနားမှာ အဝေရာဆိုတဲ့ ကွင်းပြင်ကျယ်ကြီးတစ်ခုရှိပါတယ် ။ အဲဒီကွင်းဟာ တောင်ကြီးမြို့ရဲ့ အမှတ်အသား လက္ခဏာ လို့ ဆိုရမဲ့ မီးပုံးပျံများ လွှတ်တင်တဲ့ ကွင်းဖြစ်တဲ့အတွက် မီးပုံးကွင်းလို့ခေါ်ဝေါ်ကြပါတယ် ။ ယခင်မီးပုံးပျံ လွှတ်တင်တဲ့ ကွင်းဟောင်းက ဆရာ့ဆရာကြီးတွေ ကြက်ဆူပင်တွေစိုက်ပစ်လိုက်တာကြောင့် ဒီနေရာကို ရွှေ့ပြောင်းပြီး မီးပုံးပျံလွှတ်တင်ရတာဖြစ်ကြောင်းလဲ မြို့ခံလူများဆီက မေးမြန်းသိရှိခဲ့ရပါတယ် ။ ဒီကွင်းဟာ နှစ်စဉ်နှစ်တိုင်း မြို့ခံလူများရဲ့ ပျော်ပွဲရွှင်ပွဲကျင်းပရာပွဲဖြစ်တာကြောင့် မြို့ခံများအနေနဲ့လည်း အများပြည်သူပိုင် ကွင်း လို့ ဆိုင်းဘုတ်စိုက်ထူထားဖို့ သတိမမူမိခဲ့ကြဟန်တူပါရဲ့ ။
အခုတော့ တစ်ရက်နှစ်ရက်အတွင်းမှာပဲ အဲဒီ အဝေရာ မီးပုံးပျံကွင်းဟာ တောင်ကြီးမြို့သူမြို့သားတွေ ပိုင်ဆိုင်တဲ့ကွင်းတစ်ခုအဖြစ်ကနေ ပိုင်ရှင်ပြောင်းသွားခဲ့ပါပြီ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ်ခရီးစဉ် အစမှာပဲ တောင်ကြီး အဝေရာကွင်း မှာ ဟောပြောခွင့်မပြုဖူး ၊ အကြောင်းကတော့ အဲဒီကွင်းဟာ တပ်ပိုင်ဖြစ်လို့ ဆိုပြီး အကြောင်းပြန်ခဲ့တယ်လို့ ရွာငံနဲ့ ညောင်ရွှေက သူငယ်ချင်းတွေက ဖုန်းဆက်အကြောင်းကြားကြပါတယ် ။ အကို လိုက်လာခဲ့ပါ ၊ ဒီကိစ္စကို ကျနော်တို့ ရေဆုံးရေဖြားဖြေရှင်းရမယ် ဆိုတဲ့ အကြောင်းကြားချက်ကြောင့် ၂၄ ရက်နေ့ မနက် ၃း၀၀ နာ၇ီမှာ ရန်ကုန်ကနေ ဟဲဟိုးကို ခရီးပြင်းနှင်ခဲ့ရပါတယ် ။ ဟဲဟိုးအရောက်မှာ သူငယ်ချင်းတွေက လာရောက်တွေ့ဆုံပြီး ဒါဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ ကိစ္စဖြစ်ကြောင်း ၊ ဒီကိစ္စကို ဒေသခံလူငယ်တွေအနေနဲ့ အရေးယူဆန္ဒဖော်ထုတ်သွားမှာဖြစ်ကြောင်း ၊ အခုလဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို မဖြစ်မနေဆောင်ရွက်မှာဖြစ်ကြောင်း မခံနိုင်မရပ်နိုင်လာရောက်ပြောဆိုကြပါတယ် ။
စာရေးသူအနေနဲ့ကတော့ အခြေအနေကိုစောင့်ကြည့်မယ် ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘာပြောမလဲဆိုတာ နားထောင်မယ် ၊ ဒီရက်ထဲမှာ အခြေအနေ တစ်ခုခုပြောင်းလဲနိုင်သလားဆိုတာ စောင့်ကြည့်ကြမယ် ။ အကယ်၍ ဒီအတိုင်းပဲဆိုရင်တော့ ကိုယ်လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လုပ်ကြရ တာ ပေါ့ လို့ ပြောဆိုပြီး တောင်ကြီးကိုဆက်တက်ခဲ့ပါတယ် ။

တောင်ကြီးရောက်တော့လည်း မိတ်ဆွေ သူငယ် ချင်းတွေက နေ့ခင်းကြောင်တောင် အနုကြမ်းစီးခံလိုက်ရသလိုမျိုး ဖြစ်ရတာကို မခံမရပ်နိုင်ပြောကြ ဆိုကြပြန် ပါတယ် ။ ဒီမှာလည်း အခြေအနေကို စောင့်ကြည့်ကြတာပေါ့ ၊ ဒီအခြေအနေအတိုင်းပဲ ဆိုရင်တော့ ကိုယ့် ဒေသ မှာ ကိုယ့်ပြဿနာကိုရှင်းကြရမှာပေါ့ လို့ ပြောပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတိုင်း နမ်ဆန်၊ မိုးနဲ နဲ့ လင်းခေးကို လိုက်သွားခဲ့ပါတယ် ။ အခြေအနေကို အမြဲဖုန်းနဲ့ဆက်သွယ်ပြောဖို့လည်း သတိပေးခဲ့ပါတယ် ။

နောက်နေ့ ဒေါ်အောင်ဆန်းစုကြည် မိုးနဲမှာ မိန့်ခွန်းပြောနေစဉ်မှာပဲ ဖုန်းသတင်းဝင်လာပါတယ် ။ အခြေအနေက မပြောင်းလဲပါဖူး ၊ တောင်ကြီးမြို့က ပြည်သူတွေရဲ့ အများပိုင်ကွင်းဖြစ်တဲ့ အပြင် လွတ်လပ် ရေးနေ့ ၊ ပြည်ထောင်စုနေ့စတဲ့ အခမ်းအနားများကို ကျင်းပမြဲဖြစ်တဲ့ ပြည်နယ်ပိုင်ကွင်းတစ်ခုဟာ ဘယ်သော ဘယ်အချိန်ကများ အရှင်ရယ်တဲ့မှ လတ်လတ် တပ်ပိုင်ကွင်းဖြစ်မှန်းမသိဖြစ် သွားတာသေချာသွား ပါပြီ ။ အဲဒီ အတွက် ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ရှင်းလင်း ဟောပြောပွဲကို ခွင့်မပြုဖူး ဆိုတာက သေချာသွားပါပြီ ။ အဲဒီတော့ ဘာလုပ်ကြမလဲ လို့ မေးကြည့်မိတော့ လူငယ်တွေက ကျနော်တို့က တော့ လက်မခံဖူး အကို ၊ နမ်းဆန်တို့ ၊ မိုးနဲတို့ ၊ လင်းခေးတို့မှာတောင် အမေစု ဟောပြောပွဲကို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့ပြီးတော့ ၊ ကျနော်တို့ ပြည်နေယ်မြို့တော် ကျကာမှ ခွင့်ပြုချက်မရလို့ မလုပ်ရဖူး ဆိုရင် တောင်ကြီးသားတွေ ရာဇ၀င်ရိုင်းလိမ့်မယ် ။ တောင်ကြီးသမိုင်း မရိုင်းစေရဖူးဗျ လို့ ပြောကြပါတယ် ။ အေးအဲဒီတော့ ဘယ်လိုလုပ်မလဲဆိုတော့ ကျနော်တို့ အဲဒီကွင်းဘေးက နေရာမှာ မဖြစ်ဖြစ်အောင်လုပ်မယ် ။ တက္ကသိုလ် နောက်ဘက်ကပ်လျက်မှာ လုပ်မယ် ။ လူတွေကို စုစည်းထားပြီး အမေ့ကိုစောင့်မယ် အမေခဏလေးဖြစ်ဖြစ် စကားလေးတစ်ခွန်းနှစ်ခွန်းဖြစ်ဖြစ် ပြောသွားရင် ၊ ပြောသွားရတယ်ဆိုရင် ကျနော်တို့ကျေနပ်တယ် ။ အကယ်၍ အမေစုက ရအောင်ဟောပြောမယ်ဆိုရင် အဆင်သင့်ဖြစ်အောင် လုပ်ထားဦးမှပေါ့ လို့ ဖုန်းနဲ့ပဲ စကားပြောရင်းဆွေးနွေးတိုင်ပင်ကြရပါတယ် ။ ၁၀ ဘီးကားကို ငှားပြီး ရွေ့လျား စကားပြောစင်မြင့် mobile stage လုပ်ကြတော့မယ် ။ အဲဒီကွင်းရှေ့မှာ ဒေါ်အောင်ဆန်း စုကြည် ရောက်လာမဲ့အချိန်မှာ စင်မြင့်ကို မောင်းယူလာမယ် ။ ပြည်သူတွေက ကွင်းရှေ့လမ်းမှာထိုင်စောင့်ကြမယ် ၊ အဲဒီလို လုပ်ကြမယ်လို့ သတင်းပေးပါတယ် ။ အဲဒါနဲ့စာရေးသူလည်း အားလုံးညှိနိုင်းတိုင်ပင်ပြီး ဆက်လုပ်ဖို့ အကြံပေးလိုက်ပါတယ် ။

၂၆ ရက်နေ့မနက် ၇ နာရီ ၁၅ မိနစ်မှာတော့ တောင်ကြီးကဖုန်းမြည်လာပါတော့တယ် ။ မနက်ပိုင်း ကတည်းက ကွင်းထဲမှာ လူတွေစတင်ရောက်ရှိလာပြီး စောင့်ဆိုင်းနေကြပါတယ် တဲ့ ။ မြို့ခံပုဂ္ဂိုလ်တစ်ဦးက သူပိုင်ဆိုင်တဲ့မြေကွက်လပ်ကို အသုံးပြုခွင့်ပေးသော်လည်း ၊ အဲဒီနေရာက အလွန်ကျဉ်းမြောင်းလို့ မူလအတိုင်း ပဲ ကျောက်တစ်လုံးလမ်း ပေါ်မှာပဲ လူတွေစုဝေးနေပါပြီတဲ့ ။ အခု ဆယ်ဘီးကားကြီးတစ်စီးကို ငှားရမ်းပြီး ကား ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောစင်အဖြစ် ( Mobile stage ) ကိုလည်း အဆင်သင့်ပြု လုပ် ထားပြီးပါပြီတဲ့ ။ ပွဲကတော့လှပြီပဲ ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မနက် ၇း ၀၀ နာရီကတည်းက လင်းခေးက ထွက်ခွာပါတယ် ။ လမ်းမှာ ဘုန်းတော်ကြီးကျောင်းများသို့ ၀င်ရောက်ကန်တော့တာကလွဲလို့ တစ်လမ်းလုံးဘယ်နေရာမှာမှ မရပ်တော့ပါဖူး ။ တောင်ကြီးကို ၃း ၀၀ နာရီအရောက်သွားမယ်လို့ လုံခြုံရေးတာဝန်ရှိသူများဆီက သတင်းရပါတယ် ။ အဲဒီအချိန်မှာပဲ တောင်ကြီးက သူငယ်ချင်းများဆီကလည်း ဖုန်းက အဆက်မပြတ်ဝင်လာနေပါတယ် ။ စင်မြင့် ပြင်ဆင်ပြီးသွားပြီ ၊ လူ နှစ်ထောင် ကျော် လောက် ရောက်နေပြီ ။ အာဏာပိုင်တွေလည်းရောက်လာတယ် ။ အနှောက်အယှက်တော့ မပေးဖူး ၊ လာပြီး စောင့်ကြည့် နေတဲ့ သဘောပါပဲ ဆိုတဲ့ သတင်းတွေက အချိန်မဲ့ အမျှရောက်နေပါတယ် ။ တောင်ဆင်းတောင်တက်တွေမှာ အရှိန်ကိုထိန်းမောင်းနေရတဲ့ ကားကို စိတ်မရှည်နိုင်တော့ပဲ ဆင်းပြေးလိုက်ချင် စိတ်တောင်ပေါက်လာပါတယ် ။ ဘေးကနေ ဘာထူးသေးလဲ ကိုထင်လင်းလို့ ခဏခဏမေးတဲ့ အဘ ဦးကျော်ခင်နဲ့ အကျိုး အကြောင်း ပြောလိုက် ၊ တောင်ကြီးမြို့ဖက်ကို လှမ်းမျှော်ကြည့်ရင်း ကားမောင်းသမားကို ဘယ်လောက် လိုသေးလဲ ၊ ဘယ်လောက်ဝေးသေးလဲ နဲ့ပဲ မကြာခဏမေးနေမိပါတော့တယ် ။
ဟိုပုန်းမြို့က အထွက်မှာတော့ အကြိုထောက်နေတဲ့ သူငယ်ချင်းတွေနဲ့ ကိုယ်တိုင်တွေ့ရပါပြီ ။ ၁၁၇ မိုင် အရောက်မှာတော့ တစ်သီတစ်တန်းကြီးလာရောက်ကြိုဆိုနေကြတဲ့ ကားတန်းက မျက်စေ့တစ်ဆုံးပါပဲ ။ တက္ကသိုလ်အနောက်ဖက် အဝေရာကွင်းဘေးက ကျောက်တစ်လုံး ကားလမ်းမပေါ်မှာ လူတွေ ၊ ကားတွေ ၊ ဆိုင်ကယ်တွေနဲ့ ပြည့်ကျပ်ပိတ်သွားပါပြီ လို့သတင်းပေးကြပါတယ် ။ တောင်ကြီးမြို့ခံပြည်သူတွေသာမက အနီး အပါးမြို့နယ်များကပါ တက်ရောက်လာကြတယ်လို့ဆိုပါတယ် ။ အစကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုမြင်တွေ့ပြီး ဟောပြောတာကိုနားထောင်ချင်လို့ လာကြတာဖြစ်ပေမဲ့ အခုတော့ ကိုယ့်မြို့သူမြို့သားတွေပိုင် တဲ့ကွင်းကို တပ်ပိုင်ကွင်းလို့ အပိုင်စီးခံရတာရယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို ဒီကွင်းမှာ လုပ်ခွင့် မပြုတာရယ်ကြောင့် ခံပြင်းဒေါသဖြစ်နေကြပြီး မရောက်အရောက်လာခဲ့ကြတာဖြစ်တယ်လို့ သိရပါ တယ် ။
ကွင်းစပ်ကိုအရောက်မှာတော့ မဲခဲနေတဲ့ လူအုပ်ကြီးက ရဲရဲနီနေတဲ့ ခွပ်ဒေါင်းအလံတွေကို ဝေ့ယမ်းလို့ ကြိုဆိုနေကြပါပြီ အမေစုကျန်းမာပါစေဆိုတဲ့ အသံက တောင်နံရံကိုပဲ့တင်ထပ်သွားစေပါတော့တယ် ။ လမ်းမကြီးပေါ်မှာ လမ်းနဘေး တောင်ကမ္ဘားယံ ပေါ်မှာ ၊ ကျောက်တံတိုင်းပေါ်မှာ လူတွေက မျက်စေ့တစ်ဆုံး ၊ နောက်ဆုံးကို လှမ်းလို့တောင်မမြင်ရလောက်အောင် များပြားလှပါတယ် ။အဲဒီလူအုပ်ကြီးဆီက တစ်ခဲနက် အော်ဟစ်ကြွေးကြော်နေတဲ့ အသံတွေက ကျနော်တို့ အနိုင်ကျင့်ခံရပါတယ် အမေလို့ ရင်နာနာနဲ့ အော်ဟစ်တိုင်တန်း နေကြသလိုပါပဲ ။ မခံမရပ်နိုင်စွာ အော်ဟစ် ကြွေးကြော်နေတဲ့ အသံများဟာ ကျနော်တို့မှာ အမေက လွဲလို့ အားကိုးစရာ မရှိတော့ပါဖူး လို့ တိုင်တည်နေကြ သလိုပါပဲ ။ ကိုင်ထားတဲ့ လက်ကိုင်ဆိုင်းဘုတ် စာတမ်း တစ်ခုမှာဆိုရင် အဝေရာကွင်းကို တပ်ပိုင်ကွင်းအဖြစ် .. လုံးဝ လက်မခံဖူး ဆိုတဲ့ စာတမ်းကို ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကတော့ တောင်ကြီးမြို့သူမြို့သားများရဲ့ အဖိမခံ ၊ အထိမခံ စိတ်တို့နဲ့ တစ်ခဲနက်တက်ရောက်အားပေးမှုမှာ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ် ။ တပ်မတော်နဲ့ ပြည်သူအကြား ထိပ်တိုက်တွေ့အောင် ကျမတို့က လိုက်လုပ်နေတာမဟုတ်ဖူး ၊ တပ်မတော်နဲ့ ပြည်သူကြားမှာ ထိပ်တိုက်တွေ့အောင်လုပ်ထားတာက အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို အားလုံးသိအောင် ကျမတို့က နေရာအနှံ့လိုက်ပြောနေရတာ ဆိုတဲ့ စကားလုံးဟာ ပြည်သူတွေရင်ထဲ စွဲညိသွားခဲ့သလို ၊ ̏ဒီဥပဒေကို အခု ရောက်လာတဲ့ ပြည်သူတွေထဲက ဘယ်နှစ်ယောက်များ အစအဆုံးဖတ်ဖူးလဲ ၊ ဖတ်ဖူးရင်လက်ထောင်ပြစမ်းပါ ̋̋ လို့ ဒေါ်အောင်ဆန်းစုကြည် က မေးမြန်းတဲ့အခါ မဖတ်ဖူးပါဖူး အမေ ဆိုတဲ့ အသံကြီး က ဟိန်းထွက်လာခဲ့ပါတယ် ။ အဲဒီအခါမှာ ̏ ပြည်သူတွေက ဖတ်တောင်မဖတ်ဖူးပါဖူး ဆိုတဲ့ ဥပဒေကို ဘယ်လိုလုပ်ပြီး ရာခိုင်နှုန်း ၉၀ ကျော်နဲ့ အောင်မြင်စွာ အတည်ပြုခဲ့တာလဲ ̋̋ လို့ မေးမြန်းလိုက်တဲ့ အခါမှာတော့ ဘယ်အရာက အလိမ် ဘယ်အရာက အမှန်တရားဆိုတာ ရှင်းလင်းသွားခဲ့တော့တာပါပဲ ။

တောင်ကြီးမြို့ လူထုဟောပြောပွဲကတော့ မတရားမှုကို တရားမှုက အောင်နိုင်ခဲ့ပါပြီ ။လူထု ခေါင်းဆောင် အမျိုးသမီးကြီး ကို ပစ်မှတ်ထားပြီး ပိတ်လား ဆို့လား ၊ တားမြစ်လား လုပ်လာလိုက်တာ တောင်ကြီးလူထုနဲ့ အတွေ့မှာတော့ တိုင်ပတ်သွားပါတော့တယ် ။ ပြည်သူ တွေက လက်မခံဖူးလို့ တညီတညွတ်ထဲဆိုလာကြရင် အမိန့်အာဏာဆိုတာ အငွေ့ပျံသွားရမယ် ဆိုတာကို တောင်ကြီးမြို့ နယ် လူထုက မြန်မာတစ်နိုင်ငံလုံးကို လှုပ်နှိုးသတိပေး တပ်လှန့်လိုက်ပါပြီ ။ ဒီပွဲအပြီးမှာတော့ အများပြည်သူပိုင်ကွင်း ( ပြည်နယ်လူထုပိုင်ကွင်း)ကို တပ်ပိုင်မြေ လုပ်တဲ့ကိစ္စကတော့ အတော်ကိုရှင်းကြ လင်းကြရတော့မှာ ၊ အရပ်စကားနဲ့ပြောရရင် တိုင်ပတ်တော့မှာပါ ။ တစ်မိုးလုံးဖျောက်ဆိပ်ဆိုတဲ စကားတောင် မှေးမှိန် သိမ်ငယ်သွား အောင် လက်ညှိုးညွှန်သမျှ မလွဲတော့တဲ့ပြည်နိုင်ငံတစ်ဝှန်းလုံး တပ်ပိုင်မြေတွေကြောင့် တိုင်ပတ် နေရတဲ့ ကိစ္စ တွေကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်ကြသင့်ပါပြီလို့ တိုက်တွန်း နှိုးဆော် လိုက်ပါ တယ်ဗျာ ။

၂၆ ရက်နေ့ တောင်ကြီးကို ပြန်ရောက်ရောက်ခြင်း မှာချက်ခြင်းရေး ချက်ခြင်းပို့ခဲ့တဲ့ ဆောင်းပါး ပါ
ဒီနေ့ ၂၉ . ၁ . ၂၀၁၄ ထုတ် The Chancellor ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ် ။

ထင်လင်းဦး
Downmanhon

၂၀၁၇ ခုနှစ်တွင် အသုံးပြုသူ ၈၀ ရာခိုင်နှုန်းကို Facebook လက်လွှတ်ရဖွယ်ရှိ


Princeton တက္ကသိုလ်၏ အာကာသနှင့် နည်းပညာ အင်ဂျင်နီယာဌာနမှ သုတေသနပညာရှင်များက Facebook သုံးစွဲသူကျဆင်းနိုင်ကြောင်းကို ခန့်မှန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့အကြီးဆုံး လူမှုရေးကွန်ရက်ဖြစ်သည့် Facebook အသုံးပြုမှု တိုးတက်လာခြင်းသည် လာမည့်နှစ်အနည်းငယ်အတွင်း မြန်ဆန်စွာကျဆင်းနိုင်ပြီး သုတေသီများက ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း လက်ရှိအသုံးပြုသူ ၈၀ ရာခိုင်နှုန်းခန့်ကို Facebook ကလက်လွှတ် ဆုံးရှုံးဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သုတေသနစာတမ်းအရ လူအများသည် Facebook ကိုရောဂါတစ်ခုအဖြစ် မြင်လာကြပြီး ၎င်းကိုစွန့်ခွာခြင်းဖြင့် ကုစားမှုတစ်ရပ် ဖြစ်လာဖွယ်ရှိကြောင်း ဖော်ပြထားသည်။ ထို့သို့ရှုမြင်သူများလာ သည်နှင့်အမျှ အခြားအသုံးပြုသူ များကလည်း ၎င်း social networkကို Myspace ကဲ့သို့စွန့်ခွာလာမည်ဖြစ်ကြောင်း သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

Myspace သည် ၂၀၀၈ ခုနှစ်တွင် သုံးစွဲသူအများဆုံးဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် သုံးစွဲသူနည်းပါး နေပြီဖြစ်ကာ ၎င်းကိုရောင်းချခဲ့သည့် အချိန်တွင်ဒေါ်လာ ၃၅ သန်းအရှုံးပေါ်ခဲ့ကြောင်း သိရသည်။

-စိုးထက်
Ref: Firstpost
Internet Journal

iPhone 6 တွင် ၄.၈ လက်မ display ပါဝင်မည်ဟုဆို


iPhone တွင် ၄.၈ လက်မအရွယ် display ပါဝင်လာမည်ဖြစ်ကြောင်း၊ အဆိုပါ display အရွယ်ကို အတည်ပြု သတ်မှတ်ထားပြီ ဖြစ်ကြောင်း Cowen and Com pany မှလေ့လာဆန်းစစ်သူ Tim othy Arcuri ၏ပြောကြားချက်ကို AppleInsider မှဖော်ပြချက်အရ သိရသည်။

ထို့အပြင် iPhone 6 တွင်အလွန်လျင်မြန်သည့် 802.11ac Wi-Fi ဆက်သွယ်မှုစနစ် ပါဝင်လာမည်ဟုဆိုသည်။

အသစ်ဖြန့်ချိမည့် iOS plat form ကိုလည်း အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားပြီး iBeacon, Touch ID နှင့် Passbook တို့ကိုပြောင်းလဲထားကာ မိုဘိုင်းငွေပေးချေမှုစနစ်ကို အာရုံစိုက်ထားကြောင်း Arcuri ကပြောကြားခဲ့သည်။

ထို့အပြင် iPhone 6 ကိုဇွန်လတွင် ဖြန့်ချိဖွယ်ရှိကြောင်း ခန့်မှန်းပြောကြားခဲ့သူ တရုတ်အခြေစိုက် လေ့လာဆန်းစစ်သူ တစ်ဦးကလည်း ၄.၇ လက်မ display သည် iPhone 6 အတွက်ဖြစ်နိုင်သည့် display အရွယ်အစားဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ သို့သော် resolution ကိုမူပြောကြားခဲ့ခြင်း မရှိပေ။

Apple သည် iPhone 6 ကို ထုတ်လုပ်ရာတွင် ဗားရှင်းနှစ်မျိုးဖြင့် ထုတ်လုပ်ဖွယ်ရှိပြီး ပထမဦးဆုံးအနေဖြင့် ၄.၈ လက်မအမျိုးအစားကို ထုတ်လုပ်မည်ဖြစ်ကာ နောက်ပိုင်းတွင် ၅.၅ လက်မ အမျိုးအစားကို ထုတ်လုပ်ဖွယ်ရှိကြောင်း အဆိုပါတရုတ် လေ့လာဆန်းစစ်သူက ဆိုခဲ့သည်။

-နောင်နောင်၊
Ref: BBC
Internet Journal

နိုင်ငံရေး ဆွေးနွေးမှ ငြိမ်းချမ်းရေး ရမည်လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲ ပြီးနောက် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ရန် များစွာ အရေးကြီး တယ်လို့ ပြောဆို လိုက်ပါတယ်။ နိုင်ငံရေး ဆိုင်ရာ သဘောတူ ညီချက်တွေ မရရှိဘူးဆိုရင် အပစ်အခတ်ရပ်စဲ ရေးဟာ တခဏနဲ့ ပျက်ပြား သွားနိုင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“နိုင်ငံရေးဆွေးနွေးပွဲတွေ လေးလေး နက်နက်စရမှာပေါ့၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆိုတာလည်း လုပ်ပုံလုပ်နည်းရော ပါဝင်ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ မူတည်တာပေါ့၊ ပါဝင်ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေကလည်း မှန်ရမယ်၊ ပါသင့်ပါထိုက်တဲ့ အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေလည်းပါရမယ်၊ နောက်ပြီးတော့ တစ်ဖက်နဲ့တစ်ဖက် အပေးအယူလုပ်ဖို့ အဲဒါက အရေးကြီးတာပဲ၊ အပေးအယူလုပ်ခြင်းကို နားလည်ဖို့၊ လက်ခံဖို့”

RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။ ဘားအံမြို့မှာ ဖေဖေါ်ဝါရီလအတွင်း ကျင်းပဖို့ရှိတဲ့ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေရဲ့ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖိတ်ကြားမယ့်အကြောင်း မြန်မာငြိမ်းချမ်းရေးဌာန MPC ထိပ်တန်းအရာရှိတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်ပုဂ္ဂိုလ်တစ်ဦးကို ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံမှာ သံဃာတော်တွေကို လူထုက ကြည်ညို အားကိုးမှု ကြီးမားစွာရှိတာကို လွဲမှားစွာ အသုံးချပြီး တိုင်းပြည်ကို လမ်းကြောင်းမှားပေါ် တွန်းပို့နိုင်တဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး မေးမြန်း ရာမှာတော့ ဒီလိုအဖြစ်မျိုးကို သံဃာတော်တွေနဲ့ လူထုတရပ်လုံး သတိထားပြီး ရှောင်ရှားကြရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာအမျိုးသမီးတွေ နိုင်ငံခြားသွားပြီး အိမ်ဖေါ်အဖြစ် လုပ်ကိုင်မယ့်ကိစ္စနဲ့ ပတ်သက်လို့ အလုပ်သမားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ မြန်မာသံရုံးတွေက တာဝန်ယူဆောင်ရွက်ဖို့လိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

RFA Burmese

ဥရောပသမဂ္ဂအဖွဲ့ ရခိုင်ရောက်ချိန် အချိန်ကိုက် မောင်တောတွင် မီးရှို့မှုဖြစ်ဟု အစိုးရဆို

ဒုချီးရားတန်း မီး ၊ ဓါတ်ပုံ- ဒီဗွီဘီ

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရခိုင်ပြည်နယ်တွင် တည်ငြိမ်မှု ရှိနေပြီဟု ပြည်ထောင်စုဝန်ကြီးများက သံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ တွေ့ဆုံရှင်းလင်းချက်မှာ မှန်ကန်မှု မရှိကြောင်း ပြသရန်နှင့် ဥရောပသမဂ္ဂအဖွဲ့ ရခိုင်သို့ ရောက်ရှိရန် တစ်ရက်အလိုတွင် မောင်တောမြို့ ဒုချီးရားတန်း ကျေးရွာတွင် ဇန်နဝါရီလ ၂၈ ရက်နေ့ညပိုင်းက မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

အဆိုပါ မီးရှို့မှု ဖြစ်စဉ်သည် ရခိုင်ပြည်နယ်သို့ ဥရောပသမဂ္ဂ သံရုံးမှ သံအမတ်ကြီး ဦးဆောင်သော မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ သံရုံးများမှ သံအမတ်ကြီးများအဖွဲ့ ရောက်ရန် ၁၇ နာရီ ခန့်အလိုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် ဘင်္ဂါလီများ အသတ်ခံရခြင်း မဟုတ်ဘဲ လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံခဲ့ရခြင်းသာ ဖြစ်သည်ဟု မြန်မာ အစိုးရက နိုင်ငံတကာ အသိုင်းအဝိုင်းကို ရှင်းလင်းချက်မှာ မှားယွင်းကြောင်း ပြသရန် ဒုချီးရားတန်းကျေးရွာ မီးရှို့မှုကို ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်သည်ဟု သုံးသပ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။
“ဒီနေရာမှာ (မောင်တော) ဘာမှ မဖြစ်ဘူး အေးဆေးပဲ ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို ရှင်းခဲ့တယ်။ အစိုးရပိုင်းက ဝန်ကြီးတွေ ရှင်းလင်းတဲ့ ကိစ္စဟာ မှားနေတယ်။ ဟိုမှာ မီးရှို့တာတွေ ဖြစ်နေတယ် ဆိုတာကို ပြချင်လို့ လုပ်တယ်လို့ ယူဆရတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ မီးရှို့မှု ဖြစ်စဉ်မှာလည်း ရခိုင်ပြည်နယ်သို့ ဥပရောပသမဂ္ဂ သံရုံးမှ သံအမတ်ကြီး ဦးဆောင်သော မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ သံရုံးများမှ သံအမတ်ကြီးများအဖွဲ့ လာရောက်မည့် ခရီးစဉ်ရှိသဖြင့် အချိန်ကိုက် လုပ်ဆောင်ခြင်းဟုလည်း သံသယ ဖြစ်မိကြောင်း ဦးဇော်ဌေးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ထင်ရှားသူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ လာရောက်သည့် ခရီးစဉ်တိုင်းတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလေ့ ရှိသည်ကို တွေ့ရှိရသည်။

ဒုချီးရားတန်း အနောက်ကျေးရွာတွင် ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီခန့်တွင် မီးလောင်နေသော အိမ်တစ်လုံးကို ငြှိမ်းသတ်နေစဉ် တောင်ဘက် ကိုက် ၁၅၀ ခန့် အကွာတွင် နေအိမ်တစ်လုံး မီးထပ် လောင်ခဲ့ကြောင်း၊ ယင်းအိမ်ကို မီးငြိမ်းနေစဉ် အရှေ့ဘက်က နေအိမ်တစ်လုံး ထပ်မီးလောင်မှုကြောင့် စုစုပေါင်း နေအိမ် ၁၆ လုံး လောင်ကျွမ်းသွားပြီး ဒဏ်ရာရရှိခဲ့သူ မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က သတင်းထုတ်ပြန်သည်။

တောင်ဘက်အရပ်က နေအိမ်ကို မီးသွားရောက် ငြှိမ်းသတ်ရာတွင် ဘင်္ဂါလီငါးဦး ထွက်ပြေး သွားကြောင်း၊ ယင်းဖြစ်စဉ်မှာ ဘင်္ဂါလီများ ကိုယ်တိုင် မီးရှို့ခြင်းသာ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားပြီး မကြာမီ အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ဘင်္ဂါလီ တက်ကြွ လှုပ်ရှားသူများက မီးလောင်နေသည့် ဓာတ်ပုံများဖြင့် သတင်းမှားများ ထုတ်ပြန်ခဲ့ကြောင်း ဦးဇော်ဌေးက ဆိုသည်။

ဥရောပသမဂ္ဂသံရုံးမှ သံအမတ်ကြီး ဦးဆောင်သော အဖွဲ့သည် ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်း နှစ်ခုလုံးမှ လူပုဂ္ဂိုလ်များ၏ အသံများကို နားထောင်ရန် လာရောက်ခြင်းဖြစ်ပြီး စစ်တွေ၊ မောင်တော၊ မင်းပြား၊ ပေါက်တာမြို့များသို့ သွားရောက်မည် ဖြစ်ကြောင်း စစ်တွေ မြို့မြိုမိမြို့ဖများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။

ဗြိတိန် နိုင်ငံခြားရေးရုံး ဝန်ကြီးသည်လည်း ဇန်နဝါရီ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ရခိုင်အရေး ကိစ္စများကို ဆွေးနွေးမည် ဖြစ်ကြောင်း အဆိုပါရုံးက ထုတ်ပြန်ထားသည်။

The Voice Weekly