သမ္မတနှင့် လွှတ်တော် သဘောထားကွဲလွဲသည့် ဥပဒေများ လွှတ်တော်ဘက်ကမှန်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို

ပို့စ်တင်ချိန် - 1/30/2014 02:50:00 PM


ဇန်န၀ါရီလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီတွင်ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် န၀မအကြိမ် အစည်းအဝေးကို အဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မှ တက်ရောက်လာစဉ်။ ဓါတ်ပုံ - NLD Chairperson

ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့သော ဥပဒေရှစ်ခုပါ ပြဋ္ဌာန်းချက် အချို့သည် သမ္မတနှင့် သဘောထား ကွဲလွဲခဲ့သည့်အတွက် ခုံရုံး၏အဆုံးအဖြတ်ကို ခံယူသွားမည်ဟူသည့် ဇန်န၀ါရီလ ၂၇ ရက် နေ့ သတင်းထုတ်ပြန်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဘက်ကမှန်သည်ဟု မဇ္ဈိမသို့ပြော သည်။

“အန်တီကတော့ လွှတ်တော်ဘက်က မှန်တယ်လို့ ထင်တာပဲ။ ခုံရုံးက ဘာပြောမလဲတော့ မသိဘူး။ စောင့်ကြည့်သေးတာပေါ့။ ပြဿနာပေါ်လာလို့ ရှိရင်လည်း ဖြေရှင်းကြရမှာပေါ့” ဟု သူမက ပြည်ထောင်စု လွှတ်တော် န၀မပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့အစည်းအဝေး နံနက်ပိုင်းတွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အထူးသဖြင့် န၀မပုံမှန်အစည်းအဝေးအစတွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု လွှတ်တော်ဆိုင် ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့်ပတ်သက်ပြီး သမ္မတနှင့်လွှတ်တော်အကြား သဘောထားကွဲလွဲ ချက် ၁၄ ချက် ရှိခဲ့ခြင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “လွှတ်တော်ဘက်က သမ္မတရဲ့ သဘောထားတွေကို လက်မခံတာလား။ သမ္မတက လွှတ်တော်ရဲ့သဘောထားတွေကို လက်မခံတာ လားဆိုတာ ဟိုဘက်ဒီဘက်က ကြည့်ရမှာပေါ့။ တစ်ဖက်သတ်ကြည့်လို့တော့ ဘယ်ဖြစ်မလဲ” ဟုလည်း မဇ္ဈိမကို ဖြေကြားခဲ့သည်။

ယမန်နှစ်၌ “ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့သည် ပြည်ထောင်စုအဖွဲ့ဝင် များဖြစ်ကြသည်” ဆိုသည့် အချက်အပေါ် သမ္မတက သံသယရှိခဲ့သဖြင့် ခုံရုံးကိုဆုံးဖြတ်စေခြင်း၊ ခုံရုံးအဖွဲ့ ၀င်တို့ ရာထူးမှဖယ်ရှားခံရကာ ခုံရုံးအဖွဲ့ဝင်အသစ်များ ပြန်လည်ခန့်အပ်ရခြင်းစသည့် အခြေအနေများထပ် မံကြုံတွေ့လာနိုင်မည်လော ဟူသည့်မဇ္ဈိမ၏အမေးကို ဒေါ်အောင်ဆန်းစုကြည်က “ပြဿနာတွေဖြစ်လာ မှာပဲလို့ အဲ့ဒီလောက်အထိ မစဉ်စားပါနဲ့။ အခုဟာက သူ(သမ္မတ)တင်ထားတာပဲ ရှိသေးတယ်။ ပဋိပက္ခ တွေဖြစ်လာခဲ့ရင်လည်း ပြေလည်အောင် ဖြေရှင်းသွားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ထားရမှာပေါ့”ဟု ဖြေကြား ခဲ့သည်။

ထိုသို့ လွှတ်တော်နှင့် သမ္မတအကြား သဘောထားကွဲလွဲမှုအပေါ် သင်္ကန်းကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကမူ ဤသိုရှုမြင် သုံးသပ်သည်။

“အခုက ခုံရုံးကို သမ္မတက တင်ထားတဲ့ကိစ္စတွေမှာ ခုံရုံးကဘယ်လို ဆုံးဖြတ်မလဲ၊ သူတို့ရဲ့ စီရင်ထုံးဖွဲ့မှု တွေဟာ ကျွန်တော်တို့အတွက်လည်း ပညာရနိုင်မှာပေါ့” ဟု ၎င်းက ပြောခြင်းဖြစ်သည်။

မကွေးတိုင်းမဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကမူ ယခုကဲ့သို့ သဘောထား ကွဲလွဲရခြင်းမှာ နှစ်ဖက်စလုံးက ဖြောင့်မှန်နေသောကြောင့်သာဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုယ်နှိုက်က ထိရောက်သည့် အာနိသင် မရှိတော့သောကြောင့် ဖြစ်ကြောင်း ပြောခဲ့သည်။

“ကျွန်တ်ာတို့ အခြေခံဥပဒေကိုက ချောင်းဆိုးရင် ကွမ်းရွက်ပြုတ်ရည်နဲ့ သောက်၊ အသံဝင်ရင်ရှောက်ရည် နဲ့ သောက် ဆိုသလိုပဲ။ သူ့မှာ ဘာအာနိသင်မှ မရှိဘူး။ အခုဖွဲ့ထားတဲ့ ခုံရုံးကလည်း သမ္မတကြီးဘက်ကိုပဲ လိုက်လိမ့်မယ်လို့တော့ မထင်ပါဘူး။ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါ တယ်။ အခုက သမ္မတနဲ့က ပွတ်တိုက်နေတာ မဟုတ်ဘူး။ ကောက်နေတဲ့ချိတ်တွေ မဟုတ်ဘူး။အဖြောင့် အဖြောင့်ချင်းမို့လို့ စီးချင်းထိုးနေတာပဲလို့ ကျွန်တော်မြင်တယ်” ဟု ၎င်းက သုံးသပ်ပြောကြားသည်။

ဒီမိုကရေစီနိုင်ငံအဖြစ် ဦးတည်သွားနေသည့် မြန်မာနိုင်ငံအတွက် ယခုကဲ့သို့ လွှတ်တော်ဥက္ကဋ္ဌနှင့် သမ္မတ တို့ စီးချင်းထိုးနေကြခြင်းမှာ ကောင်းသော လက္ခဏာသာ ဖြစ်ကြောင်း၊“သမ္မတ မင်းလုပ်တာ မဟုတ်ဘူး။ လွှတ်တော်ဥက္ကဋ္ဌ မင်းလုပ်တာ မဟုတ်ဘူး” ဟု အပြန်အလှန် ထောက်ပြနေကြခြင်းသည် ဒီမိုကရေစီကို ပီပြင်စေကြောင်း၊ ၎င်းတို့နှစ်ဦး ညှိနှိုင်းထားပြီး အပြန်အလှန် ထောက်ခံနေကြလျှင် ဒီမိုကရေစီ မစစ်မှန် နိုင်ကြောင်းလည်း ၎င်းကဖြည့်စွက် ဖြေကြားခဲ့သည်။


စိုးသန်းလင်း၊ မင်းမင်း
Mizzima - News in Burmese