ဦးမိုးဟိန်း သူရိယနေ၀န်းကနေ ထွက်သွားပြီလား

ပို့စ်တင်ချိန် - 1/30/2014 06:30:00 PM


သူရိယနေ၀န်းဂျာနယ်ရဲ့ CEO ဖြစ်တဲ့ ဦးမိုးဟိန်းဟာ ဂျာနယ်ကနေ နှုတ်ထွက်သွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာက ...
 ဦးမိုးဟိန်းကို အင်တာဗျူးဖို့ ဖုန်းနဲ့ လှမ်းလှမ်းမေးတာ များလွန်းတဲ့အတွက် အမြင်ကပ်ကပ်နဲ့ ထွက်သွားပြီလို့ ပြောလိုက်ရာကနေ အစပြုတယ်လို့ သိရပါတယ်။

အဲဒီလိုပြောတဲ့သူကတော့  ဦးမိုးဟိန်းရဲ့ အစ်ကို၊ သူရိယနေ၀န်း ဂျာနယ်ရဲ့ ထုတ်ဝေသူ ဦးခင်အေးဖြစ်ပါတယ်။

“သူ မထွက်ပါဘူးဗျာ။ ကျနော်တို့နဲ့ အတူတူ ဂျာနယ်အတွက် ဆက်လက်လုပ်ကိုင်နေဆဲပါပဲ။
သူက အခုတော့ ဂျာနယ်မှာ CEO အဖြစ်တော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် သင့်တော်တဲ့အလုပ်အတွက် လုပ်နေတုန်းပါပဲ” လို့ ဦးခင်အေးက ဧရာဝတီကို ပြောပြပါတယ်။

လူတဦးထဲကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ အများအပြားရေးပြီးတဲ့နောက်ပိုင်းမှာ အဲဒီ ပုဂ္ဂိုလ်နဲ့ သဘောတူညီမှုရသွားလို့ ဂျာနယ်ကနေ ထွက်သွားတဲ့အကြောင်း အွန်လိုင်းမှာတွေ့ရတဲ့သတင်းတပုဒ်မှာ ရေးထားတာပါ။
  ဦးမိုးဟိန်း ဒေါ်လာ ခြောက်သိန်းလောက်ပိုက်သွားခဲ့တယ်လို့ အဲဒီသတင်းမှာ ရေးထားပါသေးတယ်။
အဲဒီငွေပမာဏဟာ ကျပ် သိန်းပေါင်း ခြောက်ထောင်နီးပါးနဲ့ ညီမျှပါလိမ့်မယ်။ ဂျာနယ်တိုက် လေးငါးခု ထူထောင်လို့ရတဲ့ငွေပမာဏပါပဲ။

ဒီဂျာနယ်က ခရိုနီဦးတေဇအကြောင်း ရေးသားမှုတွေ အများအပြား ရှိခဲ့ပါတယ် - ဒါနဲ့ ပတ်သက်ပြီး ဦးတေဇက တရားစွဲမယ်လို့ ပြောခဲ့ဖူးပါတယ်။

အဲဒီလို တရားစွဲမယ် လို့ ပြောဆိုခဲ့တာ ကြာခဲ့ပေမယ့်လည်း  အခုချိန်ထိ မစွဲသေးပါဘူး။ ပွဲဆူစေခဲ့တဲ့ဦးမိုးဟိန်းက အမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်ပြီး ရန်ကုန်မှာ နေထိုင်တယ်လို့ သိရပါတယ်။

သူ့ရဲ့ သူရိယနေ၀န်းဂျာနယ်မှာ အလေးထားဖတ်စရာ မပါဘူးလို့ ယူဆသူ  အများအပြား ရှိနေပေမယ့် အင်မတန် အရောင်းသွက်တဲ့ဂျာနယ်တစောင် ဖြစ်နေတာ တွေ့ရပါတယ်။

Irrawaddy