ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်များ ရွေးချယ်ပွဲ ဥက္ကဋ္ဌအဖြစ် ထပ်မံအရွေးခံမည် မဟုတ်ဟု လူမင်းဆို

ပို့စ်တင်ချိန် - 1/30/2014 08:30:00 AM




ရန်ကုန်၊ ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလွှာအသီးသီးအတွက် အမှုဆောင်သစ်များ ရွေးချယ်ပွဲကို ဧပြီလတွင် ပြုလုပ်သွားမည် ဖြစ်ရာ ဥက္ကဋ္ဌအဖြစ် အရွေးခံတော့မည် မဟုတ်ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင် လူမင်းက The Voice သို့ ပြောကြားသည်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ တစ်ယောက်အနေနှင့် အိပ်ချိန်၊ စားချိန်၊ နားချိန်နှင့် ကားရိုက်ရက်များ လျှော့၍ပါ အစည်းအရုံးအတွက် အချိန်ပေး လုပ်ဆောင်ခဲ့သော်လည်း ယင်းမျှနှင့် မလုံလောက်နိုင်ဟု ယူဆကြောင်း၊ အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး နောက်ပိုင်းတွင် အနုပညာနှင့် ပတ်သက်သော ၎င်း၏ စိတ်ကူးအိပ်မက်များ၊ ရည်မှန်းချက်များ၊ စီမံကိန်းများကို မေ့ထားခဲ့ရကြောင်း၊ ယင်းအချက် နှစ်ချက်ကြောင့် ဧပြီလတွင် ပြုလုပ်မည့် အမှုဆောင်သစ်များ ရွေးချယ်ပွဲတွင် ဥက္ကဋ္ဌအဖြစ် ထပ်မံအရွေးခံတော့မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းအမှုဆောင်သစ်များ ရွေးချယ်ပွဲအတွက် ရုပ်ရှင် အစည်းအရုံးတွင် မူလရှိပြီးသား ဖွဲ့စည်းပုံ အခြေခံဥပဒေ စည်းမျဉ်း စည်းကမ်းများကို မွမ်းမံပြင်ဆင်နေကြောင်း၊ ယင်းသို့ ပြင်ဆင်ရခြင်းမှာ အနုပညာ လောကသားအချို့၏ စည်းကမ်း မလိုက်နာမှုများကို ကာကွယ် တားဆီးရန်နှင့် စစ်မှန်သော ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းစည်းကမ်းများ ပေါ်ပေါက်လာစေရန်အတွက် ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး နာယက တစ်ဦးဖြစ်သူ ဦးအောင်လွင်က ပြောကြားသည်။

“လူတစ်ယောက်က အစည်းအရုံးမှာ အရွေးခံချင်တဲ့အတွက် သူနဲ့သိတဲ့သူတွေကို ကတ်လုပ်ပေးတယ်။ အဲဒီလူတွေရဲ့ မဲပေးမှုနဲ့ သူပြန်အရွေးခံရတာမျိုးတွေ ရှိတယ်။ အဲဒီလို လုပ်ရပ်တွေကို ကာကွယ်ဖို့အတွက် နှစ်အပိုင်းအခြား ဘယ်လောက်ကနေ ဘယ်လောက်အထိမှာ အစည်းအရုံးဝင် ဖြစ်တဲ့သူတွေသာ အမှုဆောင်အဖြစ် ရွေးချယ်ခံပိုင်ခွင့်နဲ့ မဲပေးပိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်မျိုးကို ကျွန်တော်တို့ ထည့်ထားတယ်” ဟု အမှုဆောင်သစ်များ ရွေးချယ်ပွဲ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ဦးအောင်လွင်က ပြောဆိုသည်။

The Voice Weekly