စစ်ကိုင်းတိုင်း ဗန်းမောက်တွင် သစ်လုံးကားတိမ်းမှောက်၊ ခုနစ်ဦးသေ

ပို့စ်တင်ချိန် - 1/30/2014 01:37:00 PM


စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ပင်လိုင်းကျေးရွာအနီး၊ ပင်လယ်ဘူး - ဟုမ္မလင်း သစ်ထုတ်ရေး ကား လမ်းတွင် ဇန်န၀ါရီ၂၈ ရက် ညနေ ၅ နာရီခန့်က ကုမ္ပဏီသစ်လုံးတင်ကား တစ်စီးတိမ်းမှောက်ခဲ့ရာ လူခုနစ်ဦး သေဆုံးပြီး၊ လူနှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ပင်လိုင်းကျေးရွာနေ ဒေသခံ ပြည်သူများက ပြော ကြားသည်။

မြတ်နိုးသူ သစ်ထုတ်ရေးကုမ္ပဏီမှဟုဆိုသော ယာဉ်အမှတ် ၆ဂ/ ----- ဆယ်ဘီးတပ်ကားတစ်စီးအား ကိုသိန်းဌေးဆိုသူမှ မောင်းနှင်လာခဲ့ရာ ဗန်းမောက်မြို့နယ်၊ ပင်လိုင်းကျေးရွာအနီးရှိ တောင်ကုန်းအ ဆင်းတွင် အဆိုပါ သစ်လုံးတင်ကား၏ ရှေ့ဘီးပေါက်၍ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု ပင်လယ်ဘူးမြို့မ ရဲစခန်း၌ တာဝန်ထမ်းဆောင်နေသူ ရဲအုပ်အောင်အောင် နှင့်အဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ သစ်လုံးတင်ကား တိမ်းမှောက်ခဲ့မှုကြောင့် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါ လာသည့် ပင်လယ် ဘူးမြို့နယ်မှ ခုနစ်ဦးမှာ ယာဉ်တိမ်းမှောက်ရာတွင် ရရှိသော ဒဏ်ရာများဖြင့် အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့သည်။

ထို့ပြင် နောက်ထပ်နှစ်ဦးမှာလည်း ဒဏ်ရာများရရှိခဲ့ပြီး အသက်ရှင်ကျန်ရှိနေသည့်အတွက် နီးစပ်ရာ ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိသည်။ ထိုသူ နှစ်ဦးတို့၏ ရရှိဒဏ်ရာမှာ စိုးရိမ်ဖွယ်ရာ မရှိဟုလည်း လူနာ၏ ဆွေမျိုးသားချင်းတစ်ဦးက ပြောသည်။

ထို့ကြောင့် ဥပဒေအရအရေးယူဆောင်ရွက်နိုင်ရန် မံစီကြီးနယ်မြေရဲစခန်းက ယာဉ် (ပ) ၁/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၂၇၉/ ၃၀၄ - က/ ၃၃၇ /၃၃၈ အရ အမှုဖွင့်အရေးယူထားကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။

အဆိုပါ သစ်တင်ကားသည် ဟုမ္မလင်းမြို့နယ်ဘက်မှ သစ်လုံးများကိုတင်ဆောင်လာပြီး ပင်လယ်ဘူးမြို့ နယ်၊ မြေလင်းကျေးရွာသို့ သွားရောက်ပို့ဆောင်မည်ဖြစ်သည်။

ကိုတိုးကြီး
Mizzima - News in Burmese