ဗြိတိသျှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကချင်စစ်ပြန် ၁၅ ဦးကို တွေ့ဆုံ

ပို့စ်တင်ချိန် - 1/30/2014 01:33:00 PM


မြစ်ကြီးနား၊ ဇန်နဝါရီ ၂၉

ဗြိတိသျှ အဆင့်မြင့် အရာရှိအနေဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရောက်ရှိလာသော ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Hugo Swire သည် ဒုတိယ ကမ္ဘာစစ်အတွင်း အင်္ဂလိပ် စစ်တပ်တွင် အမှုထမ်းခဲ့သော ကချင်လူမျိုး ကချင်စစ်ပြန်များထဲမှ စစ်ပြန် ၁၅ ဦးကို လေးစားဂုဏ်ပြုသောအားဖြင့် ဂါရဝပြု တွေ့ဆုံ ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှ ဒုတိယအတွင်းဝန် Mr. Joe Fisher က ပြောကြားသည်။

ဗြိတိသျှ နိုင်ငံခြားရေး ဒုတိယဝန်ကြီးမှာ ၁၉၄၈ ခုနှစ်နောက်ပိုင်း ကချင်ပြည်နယ်သို့ လာရောက်သည့် အဆင့်မြင့်ဆုံး ဗြိတိသျှ အရာရှိကြီး တစ်ဦးဖြစ်ပြီး ကချင်ပြည်နယ်၏ လက်ရှိ အခြေအနေများကို နားလည်သိရှိကာ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် အကူအညီ ပေးနိုင်ရန် လာရောက်ခြင်း ဖြစ်ကြောင်း Mr. Joe Fisher က ဆိုသည်။
“ဒုတိယကမ္ဘာစစ် အတွင်းက ကချင်လူမျိုး စစ်သားတွေဟာ ကျွန်တော်တို့ကို အများကြီး အထောက်အကူ ပေးခဲ့တယ်။ ဒီနေ့ ကချင်စစ်ပြန်တွေနဲ့ ခုလိုတွေ့ရတာ အရမ်းကို ဂုဏ်ယူပါတယ်” ဟု ဗြိတိသျှ နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr. Hugo Swire ကဆိုသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ စစ်သံမှူး မထားရှိခဲ့နိုင်သဖြင့် ကချင်စစ်ပြန်များကို ကူညီစောင့်ရှောက်မှု မပြုနိုင်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွက် စစ်သံမှူးထား ရှိပြီဖြစ်သည့်အတွင် ကချင်စစ်ပြန်များကို ကူညီ စောင့်ရှောက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှစစ်သံမှူး COLONEL TONY STERN က ပြောကြားသည်။
“ကချင်စစ်ပြန်တွေကို စောင့်ရှောက်ဖို့ ကျွန်တော့်ရဲ့တာဝန် ဖြစ်လာပါပြီ။ ကျွန်တော် တာဝန်ထမ်းဆောင်ရမယ့် သုံးနှစ်အတွင်းမှာ အတူတူ လက်တွဲဆောင်ရွက် သွားပါမယ်။ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့လည်း ကူညီသွားမယ်” ဟု ဗြိတိသျှ စစ်သံမှူးက ဆိုသည်။

ဗြိတိသျှ နိုင်ငံခြားရေး ဒုတိယဝန်ကြီးက မြစ်ကြီးနားမြို့သို့ ရောက်ရှိချိန် အတွင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ အပါအဝင် ကေအိုင်အို နည်းပညာအဖွဲ့ (TAT) နှင့် တွေ့ဆုံကာ ကချင်ပြည်နယ် အတွင်းရှိ အခြေအနေများနှင့် လူသားချင်း စာနာထောက်ပံ့မှု ဆိုင်ရာ ကိစ္စများ ဆွေးနွေး ခဲ့ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်လည်း သွားရောက် တွေ့ဆုံမည် ဖြစ်ကြောင်း ဗြိတိသျှသံရုံး ဒုတိယအတွင်းဝန် Mr.Joe Fisher က ဖြည့်စွက် ပြောကြားသည်။

ဗြိတိသျှ နိုင်ငံခြားရေး ဒုတိယဝန်ကြီးနှင့် ကေအိုင်အို အလုပ်အဖွဲ့ (TAT) တို့ တွေ့ဆုံခဲ့ရာတွင် လက်ရှိ ပြုလုပ်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်များအပေါ် ကေအိုင်အို အနေနှင့် မည်ကဲ့သို့ ရှေ့ဆက်သွားမည် ဆိုသည်ကို အဓိကထား ဆွေးနွေးသွား ခဲ့ကြောင်း ကေအိုင်အို အလုပ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ဆိုသည်။

ဗြိတိသျှ နိုင်ငံခြားရေး ဒုတိယဝန်ကြီး အဖွဲ့နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ ဆက်သွယ် မေးမြန်းရာ အစည်းအဝေး ပြုလုပ်နေသဖြင့် တာဝန်ခံ ဖြေကြားနိုင်မည့်သူ မရှိခဲ့ချေ။

မြစ်ကြီးနားသို့ ပထမဆုံးသော ရောက်ရှိခဲ့သည့် ဗြိတိသျှ နိုင်ငံခြားရေး ဒုတိယဝန်ကြီး၏ တစ်ရက်တာ ခရီးစဉ်တွင် လူမှု အဖွဲ့အစည်းများဖြစ်သော ချင်းနှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC)၊ ရှမ်းလူမျိုးစုများ ရေးရာအဖွဲ့၊ ကရုဏာလူမှု ကူညီရေး အဖွဲ့တို့နှင့်လည်း တွေ့ဆုံခဲ့ပြီး မိုင်းနားရှိ စိန်ဂျိုးဇက် စစ်ရှောင် စခန်းသို့လည်း သွားရောက်ခဲ့သည်။

The Voice Weekly