နဂါးရုံဆင်းတုတော်မျက်လွှာတော်ပွင့်ခြင်း၊ ပိတ်ခြင်းသတင်းကြောင့် ဖူးမြော်သူများစည်ကား

ပို့စ်တင်ချိန် - 1/30/2014 08:58:00 AM


တောင်ဥက္ကလာပမြို့နယ် (၁၂) ရပ်ကွက်၊ မိဂသီလမ်းရှိ နေအိမ်တစ်အိမ်၌ နဂါးကိုးကောင် အုပ်မိုးထားသည့်အသွင် ထုဆစ်ထားသည့် နဂါးရုံ ဆင်း တုတော်တစ်ဆူ မျက်လွှာတော်ပွင့်ခြင်း၊ ပိတ်ခြင်း လှုပ်ရှားမှုများရှိနေ သည်ဆိုသည့် သတင်းများကြောင့် အနီးပတ်ဝန်းကျင်မှ ပြည်သူအများ အပြားလာရောက်ဖူးမြော်လျက်ရှိသည်။

နဂါးရုံဘုရားသည် ယခင်က မျက်လွှာတော်ချထားသည့်အသွင်ဖြင့် ထုဆစ်ထား ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၂၆ ရက် နံနက် ၉ နာရီခွဲခန့်မှစ၍ မျက်လွှာတော်ပွင့်ခြင်း၊ ပိတ်ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း နဂါးရုံဘုရား ကိန်းဝပ်ရာနေအိမ်မှ မလှဝင်းက စံတော်ချိန်သို့ ဇန်န၀ါရီ ၂၇ ရက်က ပြောဆိုသည်။

' ကျွန်မက နံနက်တိုင်း ဆွမ်းကပ်ပါတယ်။ ဆွမ်းကပ်ရင်းနဲ့ ဘုရားရဲ့မျက်နှာ တော်ကို ဖူးလိုက်တဲ့အချိန်မှာ မျက်လွှာတော်ပွင့်နေတာကို ဖူးလိုက် ရပါတယ်။ ဒါနဲ့ ဘေးအိမ်တွေကို ပြောတော့ သူတို့လာကြည့်ချိန် မျက်လွှာက ပြန်ပိတ်သွားတယ်။ နောက်တဖြည်းဖြည်းနဲ့ ပြန်ပွင့်လာတယ်။

သူက လှုပ်ရှားမှုက ဖြည်းဖြည်းလေးပဲ ' ဟု ၎င်းက ဖြစ်ပေါ်လာမှုကို ရှင်းပြသည်။ အဆိုပါ နေအိမ်သို့ ဘုရားမျက်လွှာတော် ပွင့်ခြင်းသတင်း စကားကြောင့် လာရောက် ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိပြီး အချို့မှာ ဘုရားဖူးပြီးနောက် သတိလွတ်ကာ ငိုရှိုက်မှုများလည်းရှိသည်။

မျက်လွှာတော်မှာ စုံပွင့်ခြင်းရှိသလို တစ်ဖက်ပိတ် ၊ တစ်ဖက်ပွင့်ခြင်းများ လည်းရှိကြောင်း အချိန်ကြာမြင့်စွာ လာရောက်ဖူးမြော်နေကြ သူများက ပြောဆိုသည်။ ဘုရားလာရောက်ဖူးမြော်သူ ဒေါ်သီတာစိမ်းက 'ကျွန်မမနက်ကတည်းက လာဖူးနေတာပါ။

ဘုရားက မျက်လွှာတော်ပွင့်တာ၊ ပိတ်တာက ချက်ချင်းကြီး မဟုတ်ဘူး။ တဖြည်းဖြည်းလှုပ်ရှားတာ။ ဒါကြောင့် အဲဖြစ်စဉ်ကို ဗီဒီယိုနဲ့ မှတ်တမ်း တင်ထားတယ် ' ဟု ပြောဆိုသည်။

ထူးခြားဖြစ်စဉ်ဖြစ်သောကြောင့် အိမ်ရှင်များကဘုရားအနေကဇာတင်ခြင်းကို ဇန်န၀ါရီ ၂၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖြစ်ပေါ်ခြင်းကို လာရောက်ဖူးမြော်ကြသူများအား အလှူငွေကောက်ခံမည်မဟုတ်ကြောင်း၊

ယခုကဲ့သို့ မျက်လွှာတော်လှုပ်ရှားမှုသည် မည်သည့်အချိန်အထိ တည်ရှိနေ မည်ဖြစ်ကြောင်းကို မသိခြင်းကြောင့် ဘုရားလာဖူးမည့်သူများကို လာရောက် ဖူးမြော်ရန် အာမမခံနိုင်ကြောင်း၊ ယခုကဲ့သို့ ဖြစ်ပေါ် ခြင်းအပေါ် မည်သို့မျှ ကောက်ချက်ချခြင်းမျိုးမရှိဘဲ ကောင်းတာလုပ်လျှင်ကောင်းတာ ဖြစ်မည်ဟုသာ ယုံကြည်ထားကြောင်း အိမ်ရှင်ဖြစ်သူ ကိုမျိုးမင်းထွန်းနှင့် မလှဝင်းတို့က စံတော်ချိန်သို့ ပြောဆိုခဲ့ကြသည်။

စံတော်ချိန်
The Mirror Daily